ရန်ကုန်မြို့သို့ လာရောက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် ရွေးကောက်ပွဲအတွက် ဟောပြောခြင်း ၁၅ မိနစ်စာ ရုပ်သံလာရောက်ရိုက်ကူးရေးမှာ နိုင်ငံရေးပါတီများအတွက် အဆင်မပြေဖြစ်နေကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ အချို့က ပြောကြားသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတဆင့် တနိုင်ငံလုံးထုတ်လွှင့်မည့် မဲဆွယ်စည်းရုံးသည့် ၁၅ မိနစ်စာ ရုပ်သံကို ရန်ကုန်မြို့သို့ လာရောက်ရိုက်ကူးရမည်ဆိုပါက ရန်ကုန်ရောက်လျှင် ပိုးရှိမရှိ စစ်ဆေးရမည်ဖြစ်ပြီး အကယ်၍ ပိုးရှိခဲ့လျှင် Quarantine ဝင်ရမည်ဖြစ်သည်။
ထို့နောက် ရုပ်သံရိုက်ကူးပြီးစီးသဖြင့် နေရပ်ဒေသအသီးသီးသို့ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ ပြန်ပါက ၎င်းတို့နေရပ်များတွင် ရန်ကုန်မှ ပြန်လာသူများအား Quarantine ထပ်ဝင်ခိုင်းမည်ဖြစ်သည်။
ထိုကဲ့သို့ အခြေအနေတွင် နိုင်ငံရေးပါတီများအတွက် မလိုအပ်ဘဲ အချိန်ကုန်မည့် အနေအထားရှိနေသဖြင့် အဆင်မပြေဟု ဆိုရခြင်း ဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီအချို့က ပြောသည်။
တနသာၤရီတိုင်း ထားဝယ်မြို့အခြေစိုက် ထားဝယ်တိုင်းရင်းသားများ ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးသူရိန်လှိုင် က “ကျနော်တို့ ထားဝယ် မှာက ခက်တာက ရန်ကုန်ကိုသွားပြီး ပြန်လာမယ့် ဘယ်သူမဆို ကွာရန်တိုင်းဝင်ရမယ့်ပုံဖြစ်နေတယ်။ အဲဒါက မမိုက်ဘူးဗျာ။ ကျနော်တို့ ဆီက ဥက္ကဋ္ဌကလည်း ရွေးကောက်ပွဲ ဝင်မှာ ရုပ်သံမှာပြောဖို့ဆိုရင် သူကပြောမှာ။ အဲဒီလိုဆိုရင် ဘာမှလုပ်မရတော့ဘူးလေ။ ထိုင်နေမှပဲ ဖြစ်မှာ” ဟု ပြောသည်။
ရွေးကောက်ပွဲတွက် ဟောပြောခြင်းရုပ်သံကို ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအကြိုကာလတုန်းက နေပြည်တော်ရှိမြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးတွင် နိုင်ငံရေးပါတီများက လာရောက်ရိုက်ကူးရသည်။
ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်မူ ရန်ကုန်မြို့၌ လူကိုယ်တိုင်လာရောက် ရိုက်ကူးရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာလ ၇ ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရုပ်မြင်သံကြားမှ တဆင့် ဟောပြောစည်းရုံးရာတွင် ပြောဆိုမည့် အကြောင်းအရာများကို ပြီးခဲ့သည့် သြဂုတ်လကတည်းက UEC ထံတင်ပြထားပြီးဖြစ်ရာ အဆိုပါ အကြောင်းအရာများကို မိမိအစီအစဉ်ဖြင့် မိမိရိုက်ကူးပြီးနောက် Email ဖြင့် ပေးပို့ပေးမည်ဟု UEC ထံပြောဆိုခဲ့သေးကြောင်း ဦးသူရိန်လှိုင်က ဆိုသည်။
ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ရိုက်ကူးထားသည့် ရုပ်သံကို ကော်မရှင်ဘက်က စိစစ်ကာ မြန်မာအသံမှတဆင့် လွှင့်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း UEC ဘက်က လက်မခံဟုဆိုသည်။
ဦးသူရိန်လှိုင် က “ဒါက အဓိပ္ပာယ်မရှိဘူးဗျာ။ အဲလိုဆိုရင် ကျနော်တို့မရိုက်တော့ဘူး။ ပြောချင်တာက သာမန်အခြေအနေ မှာတော့ ရုံးလုပ်ထုံးလုပ်နည်း စာအုပ်ကြီးတွေ ရှိတယ်ပေါ့ဗျာ။ ဒါကတော့ မပြောချင်ပါဘူး။ အခုအချိန်မှာက အဲဒါမျိုးတွေမလုပ်သင့်ဘူး။ ပိုပြီးလွယ်အောင် စဉ်းစားသင့်တာပေါ့ဗျာ” ဟု မှတ်ချက်ပေးသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ရန်ကုန်တွင် ရုပ်သံလာရောက်ရိုက်ကူးရမည့် ကိစ္စသည် ၎င်းတို့ပါတီအတွက်လည်း အဆင်မပြေဟု ပြောသည်။
ရုပ်သံအတွက် ဟောပြောမဲဆွယ်မည့် အကြောင်းအရာကို ရှမ်းဘာသာနှင့် ဗမာဘာသာ ၂ ဘာသာဖြင့် ဟောပြောရန် စီစဉ်ထားပြီး ရှမ်းဘာသာစကားဖြင့် ပြောမည့်သူသည် လက်ရှိတွင် တာချီလိတ်တွင် ရှိနေသည်ဖြစ်ရာ ရန်ကုန်သို့ လာရမည်ဆိုပါက အဆင်ပြေမည်မဟုတ်ဟု ဆိုသည်။
ဦးစိုင်းလိတ် က “ရန်ကုန်မှာ ရှိနေတဲ့ တယောက်ကတော့ သွားပြောဖို့ အဆင်ပြေတယ်။ နယ်မှာ ရှိနေတဲ့ တယောက်ကတော့ သူတို့ဘာမှ လုပ်မပေးနိုင်တဲ့အတွက်ကြောင့် အဆင်မပြေဘူးပေါ့။ တကယ်လို့ နယ်က တယောက်က အဲဒီလို စကားပြောဖို့အတွက်မြန်မာ့အသံမှာ လာမယ်။ သူတို့ကျန်းမာရေး စစ်ဆေးမယ်။ ပိုးမတွေ့ရင် ပြောမယ်။ ပိုးမရှိပါဘူးဆိုပြီးထောက်ခံစာတွေပေး ပြန်ရောက်ရင်လည်း Q မဝင်ရဘူးဆိုရင် ကျနော်တို့ဘက်ကလည်း အဆင်ပြေတာပေါ့” ဟု ဆိုသည်။
ရွေးကောက်ပွဲအတွက် ဟောပြောခြင်း ၁၅ မိနစ်စာ ရုပ်သံရိုက်ကူးပါကလည်း ရုပ်သံအတွက် ဟောပြောနေစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ လူများအရပ်ဝတ်ဖြင့် ရောက်လာလေ့ရှိပြီး ကော်မရှင်ထံကြိုတင်ပေးပို့ထားသည့် ဟောပြောချက်မူကြမ်းနှင့် တူမတူ တိုက်ဆိုင်စစ်ဆေးလေ့ရှိကြောင်း၊ မတူပါက အစက ပြန်ပြောရကြောင်း ရွေးကောက်ပွဲအတွက် ဟောပြောခြင်း ရုပ်သံ ရိုက်ကူးခံဖူးသည့် ဦးစိုင်းလိတ်က ပြောပြသည်။
နိုင်ငံရေးပါတီများ ကိုယ့်အစီစဉ်ဖြင့် ကိုယ်ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို UEC ထံပေးပို့လာပါက ပြည်ထဲရေး ဝန်ကြီးဌာနမှ လူများအတွက် အဆင်မပြေဖြစ်နိုင်သဖြင့် ရန်ကုန်သို့သာ လူကိုယ်တိုင် လာရောက် ရိုက်ကူးခံရန် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ ရုပ်သံရိုက်ကူးရန် အတွက် ရန်ကုန်သို့ လူကိုယ်တိုင်လာရမည်ဆိုသည့် ကော်မရှင်၏ ညွှန်ကြားချက်သည် ကိုဗစ်ကပ်ရောဂါ အန္တရာယ်ရှိနေသည့် ကာလတွင် မဖြင့်သင့်မဖြစ်ထိုက်သည့် ညွှန်ကြားချက်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ဦးရဲထွန်း က “ကော်မရှင်ဘက်ကလုပ်တာ တော်တော့်ကိုအချိုးမပြေဘူး။ ပွင့်လင်းမြင်သာမှုမှာ၊ ပျော့ပြောင်းမှုမှာ တရားမျှတမှုမှာ၊ အရင်ကော်မရှင်ထက်မနိမ့်စေချင်ဘူး။ ခုလိုဖြစ်နေတဲ့ကာလမျိုးဆိုရင် ပိုပြီးတော့ အားလုံးတွက်မျှမျှတတ ဖြစ်အောင် စဉ်းစားပေးရမယ့်အစား သူတို့ဘက်ကကျပ်တော့ ဘာလဲ ရိုးသားရဲ့လားပေါ့” ဟု မေးခွန်းထုတ်သည်။
ယနေ့ခေတ်တွင် အင်တာနက်နည်းပညာများလည်း တွင်ကျယ်နေပြီဖြစ်ရာ လူကိုယ်တိုင်လာရန်မလိုဘဲ ပိုမိုအလုပ်ဖြစ်မည့် နည်းလမ်းများသုံးနိုင်ရန် ကော်မရှင်ဘက်က ဖြေလျှော့ပေးသင့်ကြောင်း ဦးရဲထွန်းက တိုက်တွန်းသည်။
လက်ရှိကာလတွင် ရုပ်သံရိုက်ကူးရန်အတွက် ရန်ကုန်သို့ လူကိုယ်တိုင်လာရောက်ရမည်ဆိုသည့် UEC ၏ ညွှန်ကြားချက်ကြောင့် အဆင်မပြေဖြစ်နေသည့် တိုင်းရင်းသားပါတီ ၄ ပါတီခန့်ရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
၎င်းတို့မှာ ထားဝယ်တိုင်းရင်းသားများပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတတ်ရေးပါတီ (ဒူးလေးပါတီ) နှင့် အမျိုသားဒီမိုကရေစီပါတီသစ်ပါတီတို့ဖြစ်သည်။
You may also like these stories:
ကိုဗစ်ကာလ မဲဆွယ်ခွင့် ကန်သတ်ချက်အပေါ် သူတို့ အမြင်
ကိုဗစ်ကြောင့် Stay at Home မြို့နယ်များတွင် ကွင်းဆင်း မဲဆွယ်ခွင့်မပြု
၂၀၂၀ ရွေးကောက်ပွဲ ကယားမှာ အကြိတ်အနယ် ဖြစ်မည်ကို ဝန်ကြီးချုပ်အား လွှတ်တော်က ဖြုတ်ချခြင်းက ပြသ