မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြန်လည် မြင့်တက်လာပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ စားသောက်ဆိုင်များ အားလုံးကို ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချရန် ယနေ့တွင် တိုင်းအစိုးရအဖွဲ့က ညွှန်ကြား လိုက်သည်။
COVID-19 ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်ရန်နှင့် လူစုလူဝေး ဖြစ်ပေါ်မှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များ အားလုံးကို စက်တင်ဘာ ၈ ရက်မှ စတင်ပြီး နောက်ထပ် အမိန့် ညွှန်ကြားချက် ထပ်မံ မထုတ်ပြန်သည်အထိ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် မတ်လကုန်ပိုင်းနောက်တွင်လည်း စားသောက်ဆိုင်များကို ယခုလို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် သတ်မှတ်ခဲ့ပြီး ကူးစက်မှု အရှိန်လျော့ကျသွားခဲ့ခြင်းကြောင့် ဇွန်လပိုင်းတွင် စားသောက် ဆိုင်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ပြီး သတ်မှတ်စည်းကမ်းမှု အညီ ပြန်လည် ဖွင့် လှစ်ပေးခဲ့သည်။
စားသောက်ဆိုင်များသည် ပြန်လည် ဖွင့်လှစ်ရသည်မှာ အချိန် ၁ လ မှ ၁ လခွဲအချိန်ခန့် ရှိနေသေးပြီး ယခုနောက်တကြိမ် ပြန်လည်၍ ပါဆယ် စနစ်ဖြင့် ရောင်းချရမည့် အချိန်ထပ်ကြာမည် ဆိုပါက လုပ်ငန်းများ ရပ်တည်ရန် အခက်အခဲရှိ လာ မည် ဖြစ်သလို လုပ်သား လျှော့ချရမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ဧရာဝတီသို့ ပြောသည်။
ဦးနေလင်း က “လုပ်ငန်းတွေ သေချာ မလည်ပတ်ရတာ အချိန်က တော်တော်ကြာပြီလေ။ ပြီးတော့ ပါဆယ်စနစ်နဲ့ရောင်းရတာ ဆိုင်တိုင်း အားလုံးအတွက် အဆင်ပြေတဲ့ အနေအထား မရှိဘူး။ ရောင်းအားလည်း အများကြီး ကွာတယ်လေ” ဟု ပြောသည်။
စားသောက်ဆိုင် လုပ်ငန်းများ၏ ဝင်ငွေသည် ပုံမှန် အခြေအနေထက် လျော့ကျလာနေခြင်းနှင့် ယခုလို အကန့်အသတ် များသည် အချိန်ထပ်ကြာလာမည် ဆိုပါက ဆိုင်ခန်း ငှားခစရိတ်များနှင့် ဝန်ထမ်းစရိတ်များသည် ဝန်ထုတ်ဝန်ပိုး ဖြစ်ပေါ် လာပြီး လုပ်ငန်း အများစုက လုပ်သားများကိုသာ လျှော့ချရမည့် နည်းလမ်းဖြင့်သာ ဖြေရှင်းရနိုင်ကြောင်း ၎င်းက ပြောဆို သည်။
ဦးနေလင်းက ဆက်၍ “ဒီမှာက ဆိုင်ခန်းဌားခ ဆိုတာက ၆ လ ၁ နှစ်လောက် ကြိုပေးထားရလေ။ လျှော့လို့ရမှာက ဝန်ထမ်းပဲ ရှိတော့တယ်။ ပါဆယ်စနစ်နဲ့ပဲ ဆိုတော့ Service ဝန်ထမ်းတွေက သိပ်မလိုတော့ဘူးလေ” ဟု ရှင်းပြသည်။
စားသောက်ဆိုင် လုပ်ငန်းများသည် ပြန်လည် ဖွင့်လှစ်ခွင့်ရခဲ့သည့် အချိန် ၁ လကျော်တွင် ရောင်းအားသည် ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်း အထိ ပြန်လာကောင်းမွန်လာခဲ့ပြီး ပါဆယ်စနစ်ဖြင့် ပြန်ရောင်းရမည် ဖြစ်ခြင်းကြောင့် တိုးတက်လာခဲ့သော အခြေအနေများသည် ၃၀ ရာခိုင်နှုန်းကျော် ပြန်လည် ကျဆင်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် အသင်း ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောဆိုသည်။
၎င်းက “ဒီဟာကို အောက်တိုဘာလကုန် ဆိုရင်တော့ ထိန်းနိုင်မယ်လို့ မျှော်လင့်တယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင် မှာပဲလေ ဆိုတော့ အစိုးရရဲ့ ချေးငွေ တတိယ အသုတ်တု့ိမှာ ဒီလုပ်ငန်းတွေကို ထည့်ပြီး ချေးငွေတွေ ထပ်ပေးဖို့ လုပ်ပေး သင့်တယ်” ဟု ဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှ မစုမြတ်က “ကျမတို့ ရပ်ကွက်ထဲမှာတော့ ဆိုင်တော်တော်များများက ပါဆယ်စနစ် ဖြစ်ပေမယ့် တချို့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်စားနေကြတာကို ဒီမနက်မှာ တွေ့နေရသေးတော့ ဒီနေ့မှ စလို့ မသိကြသေးတာလားတော့ မသိဘူး။ တချို့ကတော့ ဆိုင်က ခုံတွေ သိမ်းလိုက်ပြီး ပါဆယ်စနစ်နဲ့ပဲ ရောင်းတော့တယ်။ အဲဒီလိုမျိုး ခုံတွေချပြီး ရောင်းတဲ့ဆိုင်တွေ ရှိရင်တော့ လူတွေကလည်း ထိုင်လို့ရရင် ထိုင်စားနေကြဦးမှာပဲ။ အဲဒါကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။
လက်ရှိ အချိန်တွင် အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းများကို ကဏ္ဍအလိုက်ကို ကိုဗစ်ကုစားရေး ချေးငွေအဖြစ် ကျပ် ဘီ လီယံ ၁၀၀ ကို ထုတ်ချေးပေးလျက် ရှိပြီး ပထမအကြိမ် ကျပ် ၁၀၀ ဘီလီယံကို အသေးစားနှင့် အလတ်စား (MSME) လုပ် ငန်းများ၊ လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ထုတ်ချေးပေးခဲ့သည်။
ယခု ဒုတိယအကြိမ် ကျပ် ၁၀၀ ဘီလီယံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပ ပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုး ပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင် ဆောင် ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ် ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ စသည့် ကဏ္ဍများကို ဦးစားပေး ထုတ်ချေးပေးမည် ဖြစ်သည်။
ယင်းပြင် ကျပ်သိန်း ၁၅၀ အတွင်း ရင်းနှီး မတည်ထားသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အတွက် ချေးငွေ ထုတ်ချေးပေးဖို့ ကျပ် ၅၉ ဘီလီယံကျော်ကို အသေးစား ငွေရေးကြေးရေး အဖွဲ့များထံသို့ အစိုးရက ချေးငွေထုတ်ချေး ပေး ထားသည်။
You may also like these stories:
နယ်စပ် ကုန်သွယ်ရေး ယခင်နှစ်ထက် ကျဆင်း
အစိုးရဝန်ထမ်းများကို ၂လစာ အတိုးမဲ့ ထုတ်ချေးမည်