နေပြည်တော် သမ္မအိမ်တော်တွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ညွှန်ကြားရေးမှူး တဦး ကိုဗစ်ပိုးကူးစက်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အတွက် စိုးရိမ်မှုများရှိလာကြသည်။
သို့သော်လည်း သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့သည် ပိုးကူးစက်ခံရသည့် အစိုးရအရာရှိနှင့် ထိတွေ့ထားမှုမရှိသဖြင့် ၎င်းတို့အတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် အချို့က ပြောသည်။
NLD ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့် က “ဒေါ်စုနဲ့ သမ္မတကြီးတို့ စစ်ထားတယ်။ လိုအပ်တဲ့အချိန်တိုင်း စစ်တယ်။ အခုလဲ လိုအပ်ရင် ထပ်မံ စစ်ဆေးမှာပါ။ အခု အစိုးရအဖွဲ့ရုံးမှာ ကိုဗစ်တွေ့သူက လက်ညွှန်ပါ။ သမ္မတ၊ ဒေါ်စုတို့နဲ့ တိုက်ရိုက် ထိတွေ့ရသူမဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ သတင်းအမှားတွေကို သတိထားပြီးတော့ စိုးရိမ်မှု မဖြစ်ကြပါနဲ့” ဟု ပြောကြားသည်။
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ကိုဗစ် ကူးစက်ခံရသည့် အစိုးရဝန်ထမ်းသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် ထိတွေ့နိုင်ချေမှာ အလှမ်းဝေးလွန်းသဖြင့် စိုးရိမ်ဖွယ်မရှိဟု ဆိုသည်။
ပိုးကူးစက်ခံရသည့် အရာရှိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲစီစဉ်ရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များ ထံမှသိရသည်။
သတင်းစာရှင်းလင်းပွဲစီစဉ်သူ အဆင့်မြင့်အရာရှိထံတွင် ပိုးတွေ့ထားသဖြင့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ခဲ့သည့် သတင်းထောက်များနှင့် ဝန်ထမ်းအချို့လည်း လက်ရှိတွင် Stay Home နေရမည်ဖြစ်ပြီး ရောဂါပိုးရှိမရှိ ကျန်းမာရေးစစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သမ္မတအိမ်တော်နှင့် အနီးကပ်လုံခြုံရေးယူထားသူအားလုံးကို ကျန်းမာရေးစစ်ဆေးခဲ့ရာ အနီးကပ်လုံခြုံရေးယူထားသူများတွင် ပိုးမတွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း နောက်ထပ်တကြိမ် ပိုးရှိမရှိ စစ်ဆေးဦးမည်ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များထံမှသိရသည်။
သတင်းမီဒီယာကောင်စီတွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်ကလည်း သမ္မတအိမ်တော်တွင် ပိုးကူးစက်ခံရမှုကြောင့် သတင်းထုတ်ပြန်မှုများ လျော့ကျမသွားစေချင်ကြောင်း ပြောသည်။
ဦးမြင့်ကျော် က “တကယ်တော့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားဖို့လိုတာပေါ့။ လူကိုယ်တိုင် မလာလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားဖို့လိုတာပေါ့။ အွန်လိုင်းလိုဟာမျိုးကတော့ ဒီလိုအချိန်မှာတော့ အန္တရာယ်အနည်းဆုံးဖြစ်မှာပေါ့” ဟု မှတ်ချက်ပေးသည်။
ကိုဗစ်ရောဂါ ပိုးကူးစက်မှုက လက်ရှိတွင် တနေ့ထက်တနေ့ များပြားနေသည်ဖြစ်ရာ ရွေးကောက်ပွဲမဲဆွယ်မှု၌ လူစုလူဝေးမဖြစ်စေရန် သတိထားသင့်ပြီး၊ သတင်းသမားများသည်လည်း လူကိုယ်တိုင် သတင်းသွားယူရခြင်းများကို လျှော့ချသင့်ကြောင်း ဦးမြင့်ကျော်က အကြံပေးသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ ကိုဗစ်ရောဂါပိုးသည် နိုင်ငံ့ခေါင်းဆောင်များကိုလည်း ကူးစက်နိုင်သဖြင့် ယခုထက်ပိုမို သတိထားသင့်သည်ဟု ပြောဆိုသည်။
ဦးအောင်သူငြိမ်း က “ကျနော်ထင်တာကတော့ ကိုဗစ်စဖြစ်ကတည်းက ဒါက စိုးရိမ်စရာအခြေအနေရှိတယ်ပေါ့။ ကျနော်တို့ သမ္မတရုံးတင်မကပါဘူး။ ဗြိတိန်တို့ဘာတို့စတဲ့ နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေအထိ ပိုးကူးစက်တာတွေ ဖြစ်ကြတယ်ဆိုတော့ ကျနော်ထင်တာတော့ ပိုသတိရှိဖို့လိုတယ်ထင်တယ်” ဟု ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက် မနက် ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၈၀၇ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကျန်းမာရေး ဝန်ထမ်းများကို အထူးခံစားခွင့် ပေးမည်ဟု အတိုင်ပင်ခံပြေ
ဈေးတွေမှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အားပေး
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်
သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ မြေကွက် ရယူမှု မှန်ကန်ကြောင်း သမ္မတရုံး အတည်ပြု