ဝါရှင်တန်နှင့် ဘေ့ဂျင်းတို့ အပြင်းအထန်အားပြိုင်နေပြီး အရှေ့တောင်အာရှနိုင်ငံများသည် လေးရက်ကြာ ဒေသတွင်းအစည်းအဝေးများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ရေကြောင်း လက်ဦးမှု ရယူခြင်းအပေါ်သဘောထားကွဲလွဲနေကြသည်။
ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည့် ထိုအစည်းအဝေးများကို ဗုဒ္ဓဟူးနေ့တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးများ၏ နောက်ဆုံးနေ့ဖြစ်သော စနေနေ့တွင် ကျင်းပမည့် ASEAN Regional Forum တွင် ဂျပန်နှင့် မြောက်ကိုရီးယား အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၂၇ ခုမှ ကိုယ်စားလှယ်များသည် အာရှပစိဖိတ် လုံခြုံရေးကို ဆွေးနွေးရန် တက်ရောက်မည်ဖြစ်သည်။ ထိုအစည်းအဝေးကို ဇူလိုင်လ နှောင်းပိုင်းတွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရသည်။
အမေရိကန်နိုင်ငံသည် ထိုအခွင့်အလမ်းကို အသုံးချပြီး မကြာသေးမီလများအတွင်း တင်းမာမှုမြင့်မားနေသည့် တောင်တရုတ်ပင်လယ်အပေါ် တရုတ်နိုင်ငံ ထိန်းချုပ်မှု ရပ်တန့်ရေး ထောက်ခံမှုရရန် စည်းရုံးလုပ်ဆောင်ရေး စီစဉ်ထားသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုက ထိုအစည်းအသေးကို သူတက်ရောက်မည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ်များ မထုတ်ပြန်မီ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
တရုတ်ဖက်မှလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်မည်ဟု မျှော်လင့်ရသည်။ ဘေ့ဂျင်းကလည်း ၎င်း၏ အခြေခံအဆောက်အအုံ ငွေကြေးထောက်ပံ့ခြင်းနှင့် အလားအလာရှိသော ကာကွယ်ဆေးကို အသုံးချကာ ASEAN အဖွဲ့ဝင်နိုင်ငံများကို စည်းရုံးရန်နှင့် တောင်တရုတ်ပင်လယ်အပေါ် ၎င်းတို့ထိန်းချုပ်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် မျှော်လင့်နေသည်။
ဝါရှင်တန်၏ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ASEAN နိုင်ငံများ၏ တုံ့ပြန်မှုများမှာ အမျိုးမျိုးဖြစ်နေသည်။
တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိကြောင်း မလေးရှားနိုင်ငံက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ ဇူလိုင်လနှောင်းပိုင်းက ရေးသားတင်ပြခဲ့သည်။ ထိုစာကို တုန့်ပြန်သောအားဖြင့် တရုတ် ထိပ်တန်း သံတမန် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ယန်ကျဲ့ချီက မလေးရှားသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
တရုတ်နိုင်ငံအပေါ် သံသယရှိသော နိုင်ငံများဘက်မှ ရပ်တည်သည့် ဗီယက်နမ်က ASEAN Regional Forum ဥက္ကဌ၏ စနေနေ့တွင် ထုတ်ပြန်ကြေညာချက်တွင် တရုတ်နိုင်ငံ၏ အင်အားအသုံးပြုမှုကို ဝေဖန်သည့် စကားရပ်များထည့်သွင်းရန် ကြိုးစားမည်ဟု မျှော်လင့်ရသည်။
တချိန်တည်းတွင် တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့မှု အကြီးအကျယ် ရယူထားသော ကမ္ဘောဒီးယားနှင့် မြန်မာကဲ့သို့သော နိုင်ငံများသည် ဘေ့ဂျင်းကို ဆန့်ကျင်ရန် တုံ့ဆိုင်းနေမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အုပ်စုအတွင်း တိုးတက်မှုအနည်းဆုံး စီးပွားရေးများဖြစ်သော မြန်မာနှင့် လာအိုနှစ်နိုင်ငံလုံးနှင့် ကုန်သွယ်ရေးအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားသည်။
ဘေ့ဂျင်းသည် ၎င်း၏ ကာကွယ်ဆေးထုတ်လုပ်ရန် အားထုတ်မှုများကို သံတမန်ရေးတွင် စတင်အသုံးချနေပြီဖြစ်သည်။ ထိုင်းနှင့်မြန်မာအပါအဝင် မဲခေါင်မြစ်တလျှောက်မှ နိုင်ငံ ၅ နိုင်ငံကို ကာကွယ်ဆေးရရှိရန် ဦးစားပေးမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကီချန်းက သြဂုတ်လနှောင်းပိုင်းတွင်ပြောသည်။ ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုတို့ကလည်း ကာကွယ်ဆေးဖေါ်စပ်ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင်ကြေညာသည်။
အမေရိကန်အရာရှိများက ဘေ့ဂျင်း၏ ကိုဗစ် သံတမန်ရေးကို ရှုတ်ချသော်လည်း ASEAN အဖွဲ့ဝင်များကမူ သိသာသည့် အကျိုးကျေးဇူးမပေးဘဲ အမေရိကန်ဖက်က ရပ်တည်ရန် သံသယရှိနေဆဲဖြစ်သည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ရွေးကောက်ပွဲမတိုင်မီ တရုတ်နဂါး၏ ခြေလှမ်း
ရွေးကောက်ပွဲတွင် တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်သည့် အကြောင်း
တရုတ်က ရခိုင်အတွက် အကူအညီပေးပြီး BRI စီမံကိန်းများ အရှိန်မြှင့်ရန်ဆွေးနွေး