COVID-19 ကြောင့် နှစ်စဉ်ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲများ မကျင်းပနိုင်သဖြင့် အစိုးရအတွက် ရတနာခွန် ဘဏ္ဍာငွေ ကျပ် ဘီလီယံ ၁၅၀ မှ ၂၀၀ နီးပါး ဆုံးရှုံးမှုရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက သိရသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အရင်က အထူးကုန်စည်ခွန် ဥပဒေနဲ့ ကောက်တယ်။ နောက်ပိုင်း ရတနာခွန် ဥပဒေ ပေါ်လာတဲ့အတွက် ရတနာခွန်နဲ့ ကောက် တယ်။ အခုက ကျောက်မျက်ပွဲတွေ ပိတ်ထားတဲ့အတွက် ရတနာခွန် ရရှိမှုက သိသိသာသာ လျော့နည်းသွားတယ်။ တချို့ နှစ်တွေက ကျပ် ဘီလီယံ ၂၀၀ လောက် ရတယ်။ တချို့နှစ်က ကျပ် ဘီလီယံ ၁၅၀ လောက် ရတယ်။ တနှစ်နဲ့ တနှစ် တော့မတူဘူး။ အခု ခန့်မှန်းခြေက ဘီလီယံ ၁၅၀ လောက် လျော့သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း၊ ပြပွဲ ဗဟိုကော် မတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြား ကုန်သည်များအား ယူရိုငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲ ၂ ပွဲ ကျင်းပရန် လျာထားပြီး ကြားကာလတွင် ပြည်တွင်း ကုန်သည်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲတခု ပြုလုပ် ရန် လျာထားသည်။
အဆိုပါ ကျောက်မျက် ရတနာ ပြပွဲများ မလုပ်ဖြစ်သည့်အတွက်ကြောင့် အခွန်ဝင်ငွေ သိသိသာသာ လျော့ကျသွားခြင်း ဖြစ်ကြောင်း ဦးမင်းထွဋ်က ဆိုသည်။
ယူရိုငွေနှင့် ရောင်းချသော နိုင်ငံခြား ပြပွဲများမှ တပွဲလျှင် ယူရိုငွေ သန်း ၄၀၀ မှ ၅၀၀ ကြား ရရှိပြီး အစိုးရအနေဖြင့် အခွန် အခများ၊ အကျိုးတူ လုပ်ငန်းများမှ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရရှိကြောင်း၊ ကျပ်ငွေနှင့် ရောင်းချသည့် ပွဲ ၁ပွဲလျှင် ကျပ်သိန်းပေါင်း ၆ သိန်းဝန်းကျင် ရရှိကာ အခွန်အခအနေဖြင့် အစိုးရက၂၀ ရာခိုင်နှုန်းခန့် ရရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ဧရာဝတီသို့ ပြောသည်။
“ပြပွဲတွေ ကျင်းပလို့ မရတော့ ဝင်ငွေ မရှိဘူးပေါ့။ သာမန်အားဖြင့် ဒီဘက် အစိုးရ လက်ထက်မှာ တနှစ်ကို ကျနော်တို့ ၃ ပွဲ ကျင်းပတယ်။ ယူရိုနဲ့ ရောင်းတာ ၂ ပွဲ၊ ကျပ်ငွေ နဲ့ ၁ ပွဲဆိုတော့ သုံးပွဲပေါ့။ မကျင်းပနိုင်တော့ နိုင်ငံတော်လည်း ဝင်ငွေ အခွန် လည်း လျော့သလို လုပ်ငန်းရှင်တွေလည်း လည်ပတ်ဖို့တော့ တော်တော်တော့ ခက်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကျောက်မျက်ရတနာနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများလည်း ထိခိုက်မှုများ ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီး နားတို့တွင် တနိုင်တပိုင် လုပ်ကိုင်နေသည့် လက်ကောက်၊ ပုတီး အစရှိသည့် လက်ဝတ်ရတနာများ ရောင်းဝယ်ဖောက် ကားသူ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများလည်း အခက်အခဲ ရှိကြောင်း ဦးဇော်ဘိုခန့် ပြောဆိုသည်။
သို့သော် လုပ်ငန်းရှင်ကြီးများ၏ လည်ပတ်ငွေ အနေဖြင့် အစိုးရက ပြီးခဲ့သည့် ဧပြီလ ၁ ရက်မှ စတင်၍ ကျောက်မျက် ရတနာ လုပ်ကွက်များကိုလည်း တူးဖော်ခွင့် ရပ်ဆိုင်းထားသောကြောင့် တဖြည်းဖြည်းနှင့် သက်တမ်းကုန်သည့် လုပ် ကွက်များက ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး လာမည့်နှစ်တွင်လည်း တူးဖော်မည့် ကျောက်တွင်းမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိနိုင်သောကြောင့် ထိခိုက်မှု မကြီးမားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း မလာခင် ကျောက်မျက်ရတနာ ကျပ်ငွေနှင့် ပြသရောင်းမည့် ပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပရန် မဖြစ်တော့ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း တွဲ နှင့် ကျောက်မျက်တွဲ ယူရိုငွေ သန်း ၄၀၀ ကျော်ဖိုး ရရှိခဲ့ပြီး ၂၀၁၉ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းတွဲနှင့် ကျောက်မျက်တွဲ စုစုပေါင်း ယူရိုသန်း ၅၀၀ ကျော်ဖိုး ရောင်းချခဲ့ရ ကြောင်း သိရသည်။
မြန်မာ့ ကျောက်မျက် ရတနာများကို တရုတ်၊ ဟောင်ကောင်တို့က ကျောက်စိမ်းကို စိတ်ဝင်စားမှု များပြီး အခြား ကျောက် မျက်ပိုင်းတွင် ထိုင်း၊ ဂျပန်၊ မလေးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားမှု ရှိကာ ပုလဲကိုမူ ဂျပန်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့က စိတ်ဝင်စားမှု ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့ရှိ ထိပ်ထားလေး ရတနာ ဆိုင်ပိုင်ရှင် ဒေါ်မျိုးမျိုးသန့်က “လူကလည်း အများကြီးစုလို့ မရသေးတော့ ပွဲကြီးတွေ တော့ မလုပ်ဖြစ်သေးဘူး။ အင်တာနက်နဲ့ ဆက်သွယ်မှုတွေတော့ လုပ်နေတာပေါ့။ အခြေအနေ တည်ငြိမ်ရင်တော့ အကောင်းဆုံး ပြန်လုပ်မှာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ပြောရမယ်ဆိုရင် ကိုဗစ် စဖြစ်ကတည်းက ဆိုင်တော် တော် များများက ပိတ်လိုက်ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ သိန်းဆုခွန် စသည့် အခွန်စနစ် ၆ မျိုးမှ ကောက်ခံ ရရှိငွေကို ကျပ်ဘီလီယံ ၆၃၀၀ ခန့် ရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You mayy also like these stories:
ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံးကဏ္ဍ ၃ ခု၏ အခွန်ပေးသွင်းခြင်း ကာလကို တိုးမြှင့်ပေး