တပ်မတော်က လူမျိုးတုံး သတ်ဖြတ်မှု လုပ်ကြောင်း ဖော်ကောင်သက်သေလုပ်ရန် ရက္ခိုင် စစ်တပ် (AA) ဘက်က ဖမ်းမိထားသည့် တပ်သား၂ ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)သို့ လွှဲပြောင်းခံထားရသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Fortify Rights က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Fortify Rights ၏ ထုတ်ပြန်ချက်၌ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့် တပ်သား မျိုးဝင်းထွန်းနှင့် တပ်သား ဇော်နိုင်ထွန်းတို့သည် တပ်မတော်၊ တပ်ဖွဲ့များအတွင်းမှ တာဝန် ထမ်းဆောင်နေစဉ် ထွက်ပြေးလာရာ AA မှ ဖမ်းမိသွားသည့် တပ်ပြေးများ ဖြစ် ကြောင်း ဆိုသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ယင်းတပ်မတော်သား ၂ ဦးသည် မြန်မာ့တပ်မတော်မှ စစ်သည် ၂ ဦး ဖြစ်သည်မှာ မှန်ကန်ကြောင်း ပြောသော်လည်းသူတို့သည် ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲတွင် AA ၏ ဖမ်းဆီးခြင်း ခံရသူများ ဖြစ်သည်ဟု ပြောသည်။
Fortify Rights က ၎င်းတို့သည် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ ICC လက်ထဲ ရောက်ရှိနေပြီဖြစ်ပြီး၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မွတ်စလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရာတွင် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ တရားစွဲ အရာရှိများထံတွင် ထွက်ဆိုချက်ပေးထားကြသည်ဟု ဖော်ပြထားသည်။
မျိုးဝင်းထွန်းနှင့် ဇော်နိုင်ထွန်းသည် သြဂုတ်လလယ်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောက်ရှိလာပြီး ခိုလှုံခွင့် တောင်းခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့ အစိုးရ တာဝန်ရှိသူများက ICC ကို လှမ်းအကြောင်းကြားခဲ့ခြင်း ဖြစ်သည် ဟုလည်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Fortify Rights ၏ သတင်းထုတ်ပြန်ချက် အရ မျိုးဝင်းထွန်းနှင့် ဇော်နိုင်ထွန်းတို့သည် မျက်မြင်သက်သေများ ဖြစ်သဖြင့် ICC ၏ မျက်မြင်သက်သေ အကာအကွယ်ပေးရေး အောက်တွင် ရှိနေမည် ဖြစ်သည်ဟု သိရသည်။
နယူးယောက်တိုင်းမ် သတင်းစာကလည်း အဆိုပါ စစ်သား နှစ်ဦး ICC ၏ တရားစွဲ အရာရှိများထံတွင် ရောက်ရှိနေပြီး ဝန်ခံချက်များ ပေးထားကြောင်းကို စက်တင်ဘာ ၈ ရက်က ရေးသားထားသည်။
အဆိုပါ စစ်သား ၂ ဦး AA လက်တွင်းသို့ မည်သို့ကျရောက်ပြီး မည်သည့်အတွက် ၎င်းတို့ကိုယ်တိုင် ပါဝင်သတ်ဖြတ်ခဲ့သည်ဆိုသည့်အမှုကို ဝန်ခံထွက်ဆိုချင်ပြီး မည်သည့် ဥပဒေ မည်သည့် လုပ်ပိုင်ခွင့်ဖြင့် သည်ဟိဂ်မြို့သို့ မည်သို့ပို့ဆောင်ခဲ့သည်မှာ မရှင်းလင်းလှပါ။
သည်ဟိဂ်မြို့ရှိ ICC ၏ ပြောရေးဆိုခွင့် ရှိသူကမူ သူတို့လက်ထဲတွင် အဆိုပါ စစ်သည် ၂ ဦးကို ထိန်းသိမ်းထားခြင်း မရှိဟု ငြင်းဆိုကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။
ICC ၏ ပြောရေးဆိုခွင့်ရသူ Fadi el Abdallah က “မဟုတ်ပါဘူး။ ဒီသတင်းတွေ မမှန်ပါဘူး။ သူတို့တွေ ICC ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ မရှိပါဘူး” ဟု ရိုက်တာသတင်းဌာနသို့ ပြောသည်။
လတ်တလော မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် သည်ဟိဂ်မြို့ရှိ အခြားတရားရုံးတခုဖြစ်သော International Court of Justice – ICJ တွင် ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားသောကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကာကွယ် လျှောက်လွှဲခဲ့ရသေးသည်။ ICJ သည် မျက်မြင်သက်သေများကဲ့သို့ ပုဂ္ဂလိက တဦးချင်း ကြားနာလေ့ မရှိပါ။
ICC သည်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ဖိနှိပ်ချုပ်ချယ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများအပေါ် စုံစမ်းစစ်ဆေးနေသည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ICC အမှုလိုက်ဥပဒေအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် “ခုံရုံးအနေဖြင့် စုံစမ်းစစ်ဆေးဆဲ အကြောင်းချင်းအရာများနှင့် ပတ်သက်သော သတင်းပေးပို့ချက်များနှင့် ထင်မြင်ယူဆချက်များအပေါ် အများပြည်သူရှေ့တွင် သဘောထားမပေးပါ။ စုံစမ်းစစ်ဆေးနေမှု၏ မည်သည့် အကြောင်းချင်းရာကိုမျှ အသေးစိတ် ဆွေးနွေးမည် မဟုတ်ပါ”ဟု ရေးထားသည်။
ဥပဒေ အထောက်အကူပြု ကွန်ရက်တည်ထောင်သူ၊ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကမူ “ပထမတချက်က ဒီသက်သေ အနေအထားကို ဗမာလို ဆိုရင်တော့ ဖော်ကောင် သက်သေလို့ ခေါ်တာပေါ့။ ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ပါဝင်တဲ့ အထဲက ထွက်ဆိုတာကို မြန်မာစကားလုံးနဲ့ ရုံးမှာသုံးတာက ဖော်ကောင်သက်သေ လို့ ခေါ်ပါတယ်။ ဒီသက်သေတွေရဲ့ တန်ဖိုးက ရိုးရိုးသက်သေတွေ ထက်တော့ တန်ဖိုးက ပိုမြင့်ပါတယ်” ဟု ပြောသည်။
ဖော်ကောင်သက်သေများ၏ တန်ဖိုး မြင့်၊ မမြင့်ကို ၎င်းတို့ ထွက်ဆိုသည့် ထက်ချက်များ၊ အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်မှ အခြား မျက်မြင်သက်သေများ၊ ပါဝင် ပတ်သက်ခဲ့သူများ၏ ထွက်ဆိုချက်များနှင့် ပြန်တိုက်ဆိုင် စစ်ဆေးကြည့်ပြီး အတည်ပြုနိုင်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ နှစ်ဦးအနက် မျိုးဝင်းထွန်းသည် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာအတွင်း မွတ်စလင်ယောက်ျား၊ မိန်းမ၊ ကလေး စုစုပေါင်း ဦးရေ ၃၀ ကို သတ်ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး တောင်ဘဇာကျေးရွာ အနီး ပတ် ဝန်းကျင်ရှိ ရွာများတွင်လည်း အရပ်သား ၆၀ မှ ၇၀ ခန့်အထိ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တွင်လည်း ပါဝင်ခဲ့ကြောင်း ထွက်ဆို ထားသည် ဟု သိရသည်။
၎င်းပါဝင် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအနက် လူ ၃၀ ခန့်ကို သတ်ဖြတ် မြှုပ်နှံထားသည့် နေရာမှာ ခြေမြန်တပ်ရင်း ၅၅၂ ဌာနချုပ်၏ အနီး၊ မောင်နုကျေးရွာ၏ မြောက်ဘက် ၆ မ်ိုင်ခန့် အကွာတွင်ရှိသည့် တာဝါတိုင်လမ်းနားတွင် မြှုပ်ထားကြောင်း လည်း မျိုးဝင်းထွန်းက ထွက်ဆိုထားသည် ဟု သိရသည်။
ဇော်နိုင်ထွန်းကလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာအတွင်းက မွတ်ဆလင်များ နေထိုင်သည့် ကျေးရွာ ၂၀ အတွင်း နယ်မြေရှင်းလင်းရာတွင် ခမရ ၃၅၃ ၏ တပ်သားတဦး အဖြစ် ပါဝင်ခဲ့ပြီး အရပ်သား ၈၀ ခန့်ကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုချက် ပေးထားကြောင်း သိရသည်။
ထို့ပြင်၂၀၁၇ ခုနှစ် အတွင်းက မောင်တောင်မြို့နယ်ရှိ ကြက်ရိုးပြင်၊ ငန်းချောင်း၊ ဦးရှင်ကြား၊ ဒိုးတန်း၊ ဇင်ပိုင်ညာ၊ ရသေ့ တောင်မြို့နယ် အတွင်းက တောင်ဘဇာကျေးရွာတွေမှာ ရိုဟင်ဂျာအရပ်သားတွေကို ပြစ်မှုကျူးလွန်ခဲ့ကြောင်း မျိုးဝင်းထွန်းနှင့် ဇော်နိုင်ထွန်းက ထွက်ဆိုချက် ပေးထားသည်ဟု သိရသည်။
မျိုးဝင်းထွန်းနှင့် ဇော်နိုင်ထွန်းတို့ ထွက်ဆိုချက်ပေးထားသည့် ကျေးရွာများသည်၂၀၁၆ နှင့်၂၀၁၇ ခုနှစ်အတွင်းက တပ်မတော်၏ နယ်မြေ ရှင်းလင်းမှုတွင် ပါဝင်သည့် ဧရိယာများ ဖြစ်ကြောင်းကို ကမာ္ဘ့ ကုလသမဂ္ဂနှင့် Fortify Rights အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက အတည်ပြုထားပြီး ဖြစ်သည်ဟုလည်း Fortify Rights ထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မူ အဆိုပါ ထွက်ဆိုချက်များ မမှန်ဟု ပယ်ချပြီး စစ်သည် ၂ ဦးသည် ခြိမ်းခြောက်ခံထားရသည့် အခြေအနေတွင် ထွက်ဆိုခဲ့ခြင်းဟု ဝေဖန်သည်။
“အဲဒီ စစ်သည်နှစ်ယောက်က AA ရဲ့ ဖမ်းဆီးခြင်းကို ခေါ်ဆောင်သွားခံ ရတဲ့သူတွေ ဖြစ်တယ်။ သူတို့က ရန်သူ့ လက်ထဲ AA လက်ထဲ ရောက်ပြီဆိုရင်တော့ ကျန်တဲ့သူ မပြောနဲ့ သူတို့ ရခိုင်ရွာသားတွေ အချင်းချင်းတောင် ရက်ရက်စက်စက် လုပ်ခဲ့တော့ ဒီစစ်သည်တွေအပေါ် ဘယ်လိုလုပ်ထားမယ် ဆိုတာ ခန့်မှန်း ကြည့်ရင် သိသာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
AA မှ မေလအတွင်း တပ်မတော်ဘက်မှ ဖမ်းမိသည့် တပ်ဖွဲ့ဝင်များကို ရုပ်သံ မှတ်တမ်းရိုက်ကူးပြီး မွတ်စလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုချက်များကို လူမှုကွန်ရက်များတွင် ဖော်ပြခဲ့စဉ်ကတည်းက တပ်မတော်က အောက်ခြေတွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ICC သို့ ရောက်နေသူ နှစ်ဦး ပြောဆိုသကဲ့သို့ မြေပြင်တွင် ကျူးလွန်ထားခြင်း မရှိကြောင်းသာ စစ်ဆေးတွေ့ရှိထားသည် ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
အဆိုပါ စစ်သည် ၂ ဦးသည် လူ့အခွင့်အရေးလှုပ်ရှားနေသူများ မျှော်လင့်သလို ICC တွင် တရားဥပဒေကြောင်းအရ ခိုင်လုံသော သက်သေဖြစ်နိုင် မနိုင်နှင့်ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေသေးသည်။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်မှ ဥပဒေသိပ္ပံ ပါရဂူဘွဲ့ ရရှိထားသည့် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က အဆိုပါ စစ်သား နှစ်ဦး၏ ကိစ္စရပ်နှင့် ပတ်သက်၍ ထင်မြင်ယူဆချက် တစုံတရာ မပေးလိုပါဟု ပြောသည်။
၎င်းက “ICC ရဲ့ တရားဝင် ထုတ်ပြန်ချက် မထွက်မချင်း ဘာမှ Assumption ပြောလို့ မရဘူး။ ဘာလို့ဆိုတော့ Assumption ဆိုတာ Assumption ပဲ။ ဒီတရားခွင်မှာ နားနဲ့ သူများပြောတာ ကြားတဲ့ဟာ သက်သေမဝင်ဘူး။ Assumption တို့ဆိုတာ တရားရုံးမှာ အကျုံုးမဝင်ဘူး။ အဲဒီတော့ ကျနော် ဘာမှ မှတ်ချက်ပေးလို့ မရဘူး ခင်ဗျ” ဟု ဆိုသည်။
အဆိုပါ စစ်သားနှစ်ဦး၏ ပြောဆိုချက်များမှာ ရိုက်နှက် စစ်မေးထားခြင်းကြောင့် ပြောဆိုခြင်း ဟုတ် မဟုတ်၊ မတရားဝင် ဖြစ် မဖြစ်ကို ICC ၏ တရားသူကြီးမှ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရမည်ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ဆို သည်။
AA က ဖမ်းမိထားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတဆင့် နယ်သာလန်နိုင်ငံရှိ ICC သို့ အဆိုပါ စစ်သားနှစ်ဦး ရောက်ရှိသွားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ AA ၏ သတင်းနှင့်ပြန်ကြားရေး ဌာနမှ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပါ။
AA၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပါ။
သို့သော် AA သည် ရခိုင်ပြည်နယ်တွင်း မွတ်စလင်များကို တပ်မတော်က သတ်ဖြတ်မှုများ၊ ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများသို့ သက်သေများ ပေးပို့မည်ဟု ထုတ်ပြန်ပြီး၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်ကာ မြှုပ်နှံထားသည့် နေရာမြေပုံ အညွှန်းများကိုလည်း ပေးပို့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်းက မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ထားသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) က လုံခြုံရေး တပ်စန်းများ၊ ရခိုင်ကျေးရွာများကို ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။
တပ်မတော်က နယ်မြေ ရှင်းလင်းရေး၊ စစ်ဆင်ရေးများကို ပြုလုပ်ရာ မွတ်စလင်လူဦးရေ ၇ သိန်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရခြင်း၊ အများအပြား သေဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်း တို့ကြောင့် မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲလာခြင်း ဖြစ်သည်။
You may also like these stories:
မြန်မာအစိုးရရဲ့ လေးလပတ် ICJ အစီရင်ခံစာမှာ ဘာတွေပါမလဲ
ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ
ICJ အရေး ပြည်သူ့ ဘဏ္ဍာငွေ သုံးစွဲမှု စာရင်း အစစ်ခံနိုင်တယ်လို့ အစိုးရ ပြော
နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ