ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ရေး ခရီးစဉ်ဖြင့် လာသည့် ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်နှင့် အစိုးရအဖွဲ့ဝင်များမှာ လုံခြုံရေးအခြေအနေကြောင့် ပလက်ဝမှ မပြန်နိုင်သေးကြောင်း သတင်းရရှိသည်။
ဝန်ကြီးဦးစိုးထက်နှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးသည် စက်တင်ဘာ ၅ ရက်က ပလက်ဝမြို့သို့ ရောက် လာပြီး စစ်ဘေးရှောင်ဒုက္ခသည် မိသားစု ၁၀၀၀ ကျော်ကို စားနပ်ရိက္ခာ နှင့် ငွေကြေး လာရောက် ထောက်ပံ့ခြင်း ဖြစ်သည်။
ထို့နောက် စက်တင်ဘာ ၉ ရက်၊ နေ့လည်ပိုင်းတွင် အစိုးရရုံးစိုက်ရာ ဟားခါးမြို့သို့ ပြန်ရန် ပလက်ဝမြို့မှ ကုလားတန်မြစ် ကမ်းကို ကူးရာ တဖက်ကမ်းသို့ အရောက်တွင် ရက္ခိုင်စစ်တပ် (AA)ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်း၍ ပစ်ခတ်သဖြင့် ပလက်ဝဘက်သို့ ပြန်ကူးလာရပြီး ပြန်မရသေးဘဲ ဖြစ်နေသည်ဟု သိရသည်။
ဝန်ကြီးဦးစိုးထက်က “အခု ကျနော်တို့ ပလက်ဝမှာပါပဲ။ ပလက်ဝကနေ ပြန်ဖို့ အစီအမံတွေတော့ လုပ်နေပါတယ်။ လုံခြုံရေး အခြေအနေကတော့ သတိထား နေရပါတယ်”ဟု ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် တစုံတရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ဦးစိုးထက်က AA က ၎င်းတို့ကို ဦးတည်တိုက်ခိုက် ခြင်း ဖြစ်သည်ဟု ပြောသည်။
၎င်းတို့ ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ ဦးစိုးထက်က “ကျနော်တို့ကို ဦးတည် ပစ်ခတ်တာပါပဲ။ ကျနော်တို့ ရောက်ရင် ကြိုက်တဲ့လူတွေ ရှိတယ်။ မကြိုက်တဲ့ လူတွေရှိတယ်။ ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည် မိသားစု ၁၀၀၀ ကျော်ကို တမိသားစုမှာ ၄ သောင်းကျပ် နိုင်ငံတော်အဆင့် အထောက်အပံ့နဲ့ ပေးတော့ ဒုက္ခသည်တွေ ကတော့ ပျော်တာ ပေါ့။ ဒါပေမယ့် တဖက် အဖွဲ့က ကျနော်တို့ လာတာကို မနှစ်မြို့တာတွေလည်း ရှိနိုင်ပါတယ်” ဟု ဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၉ ရက်တွင် AA က ပလက်ဝမြို့နယ် အတွင်းရှိ တပ်မတော်၏ ဌာနချုပ်တခုကို နေ့လည် ၁ နာရီ ဝန်းကျင်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက် တိုက်ခိုက်မှု ရှိပါသည်ဟု ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဦးစိုးထက်အနေနဲ့တော့ လုံခြုံတဲ့ နေရာ ရှိပါတယ်။ သူ့ကို ပစ်တာ မဟုတ်ဘူး။ စက်လှေစီး နေတုန်း အပစ်ခံရတယ် ဆိုတာ တပ်ရင်းကို လာပစ်တာ။ သူက စက်လှေစီးနေတာ။ ပလက်ဝကမ်းကနေ အရှေ့ဘက်ကမ်း ကို ပြန်ကူးတဲ့ အချိန် ဖြစ်နေတာ” ဟု ဆိုသည်။
စက်တင်ဘာ ၉ ရက်တွင် ပလက်ဝမြို့နယ်တွင်း ဖြစ်ပွားသည့် ပစ်ခတ်မှု၊ ဝန်ကြီးဦးစိုးထက်နှင့် အစိုးရအဖွဲ့ဝင်များ ခရီးစဉ် ပျက်သွားခြင်းတို့နှင့် ပတ်သက်၍ AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖြေဆိုခြင်းမရှိသဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်ပြီး AA သည် ဝန်ကြီး ဦးစိုးထက်ကို တပ်မတော်သားဟောင်း ၁ ဦး ဖြစ်ခြင်းကြောင့် AA အပေါ် မဟုတ်မမှန်သတင်းများ သတင်းမီဒီယာတွင် ပြောဆိုနေကြောင်း၊ တပ်မတော်၏ ကျောထောက်နောက်ခံရှိသူဖြစ်ကြောင်း မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိသည်။
ဝန်ကြီးဦးစိုးထက်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ပလက်ဝမြို့နယ်၏ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ခူမီးချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ကလည်း ဦးစိုးထက်သည် လွှတ်တော်ကိုယ်စားလှယ် လောင်း ၁ ဦးလည်း ဖြစ်သဖြင့် ပလက်ဝမြို့နယ်တွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စိုးရိမ်မကင်း ဖြစ်ပါသည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်တွင်းရှိ ကျေးရွာများသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ရိုးတလျှောက်တွင် တည်ရှိသဖြင့် မဲဆွယ် စည်းရုံးရေး ဆင်းရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည်လည်း ကုလားတန်မြစ်ရိုးတလျှောက်သို့ သွားလာကာ စည်းရုံးရေးဆင်းရမည် ဖြစ်သည်။
သို့သော် ကုလားတန်မြစ်ရိုးသည် အနိမ့်ပိုင်းဖြစ်ပြီး မြစ်ကမ်းဘေး နှစ်ဖက်လုံးသည် တောင်ကုန်းများ ဖြစ်ကာ AA တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသဖြင့် ပလက်ဝမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များမှာလည်း မဲဆွယ်စည်းရုံးရေး ကို ကျေးရွာများအထိ လိုက်လံ ဆင်းရန် ခက်ခဲနေကြောင်း ပြောဆိုနေကြသည်။
ပလက်ဝမြို့နယ်၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၈) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ဦးဘူးထန်ပိုင်ကလည်း AA အနေဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁ ဦးကို ပစ်မှတ်ထား၍ ပစ်ခတ် တိုက်ခိုက်သည်ကလည်း တော်လှန်ရေးလုပ်ကိုင်နေသည့် အဖွဲ့ ၁ ဖွဲ့အနေဖြင့် မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ပြီး လက်ရှိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင်လည်း AA တပ်ဖွဲ့၏ လှုပ်ရှားမှုများ ရှိနေသဖြင့် ကုလားတန်မြစ်ရိုး တလျှောက်ရှိ ရွာများကိုလည်း သွားနိုင်ခြင်း မရှိသေးပါဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် စစ်ရေးအခြေအနေကြောင့် ရွေးကောက်ပွဲ ပျက်မည်ကိုလည်း စိုးရိမ်နေရပါသည်ဟု ဦးဘူးထန်ပိုင်က ပြောသည်။
ဆက်လက်ပြီး ဦးဘူးထန်ပိုင်က “သူတို့က ရွေးကောက်ပွဲက အနှောင့်အယှက်မပေးဘူးလို့တော့ ပြောတာပဲ။ ဒါပေမယ့် တကယ် အဲဒီလို ဖြစ်၊ မဖြစ်က ပြောရခက်နေတယ်။ ရွေးကောက်ပွဲ ကာလမှာလည်း AA အပါအဝင် တပ်မတော်ရော တဖက်နဲ့တဖက် ထိတွေ့မှုဖြစ်နိုင်တာတွေကို အတတ်နိုင်ဆုံး လျော့ပြီး ရွေးကောက်ပွဲပြီးတဲ့အထိ ရှောင်စေချင်တယ်။ နှစ်ဖက်လုံးက ပြည်သူတွေအတွက်လို့ ပြောနေတော့ ပြည်သူတွေ အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ လှုပ်ရှားမှုတွေ ကို ငြိမ်ပေးစေချင်တယ်”ဟု ဆိုသည်။
တပ်မတော်နှင့် AA သည် ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီအတွင်းကလည်း တလကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် ပလက်ဝမြို့နယ်ရှိ ဒေသခံ တသိန်းကျော်မှာ စားနပ်ရိက္ခာ သယ်ယူရေး လမ်းကြောင်း ပြတ်တောက်ပြီး ဆန်နှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်သည့်အထိ ကြုံခဲ့ကြရသည်။
AA သည် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် နိုင်ငံရေး၊ စစ်ရေးအရ နယ်မြေလွှမ်းမိုးရန် တပ်မတော်ကို တိုက်ခိုက် နေသည်ဟု ဆိုသော်လည်း တဖက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း တိုက်ပွဲအတွင်း ထိခိုက်ထားသည့် အရပ်သားများကို ကူညီထောက်ပံ့ရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ သွားသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလာသည့် တပ်မတော် ရဟတ်ယာဉ်ကို AA က ပစ်ခတ် ခဲ့သည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်ကလည်း ကုလားတန်မြစ်ရိုးတွင် ကုလားတန်စီမံကိန်းဆိုင်ရာ လေ့လာရေးအတွက် အိန္ဒိယ နိုင်ငံသားများနှင့် ပလက်ဝမြို့နယ်၏ NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းတို့ သွားလာနေစဉ် AA က ဖမ်းဆီးခဲ့သဖြင့် အိန္ဒိယနိုင်ငံသား တဦး သေဆုံးခဲ့သည် ။
ကျန်အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကို ၂ လကျော်ကြာ ဖမ်းထားခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ပြန်လွှတ်ပေးခဲ့သည်။
ဦးဝှေ့တင်းကို ဖမ်းဆီးစဉ်ကလည်း တပ်မတော်ကို သတင်းပေးပို့ခြင်း၊ AAနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ ပလက်ဝမြို့နယ်တွင် ဖြန့်ခြင်း စသည့် စွပ်စွဲချက်များ စွပ်စွဲခဲ့သည်။
You may also like these stories:
COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း
ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး စက်တင်ဘာ ၁၁ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည်