နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် နေထိုင်သော ဝန်ကြီးဌာနတခုမှ အစိုးရ အရာရှိတဦး၏ ဇနီး အသတ်ခံရပြီး နေအိမ်ရှိ လက်ဝတ်ရတနာနှင့် ပစ္စည်းများပျောက်ဆုံးမှု စက်တင်ဘာလ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့၍ ရဲ တပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နေကြောင်း သတင်းရရှိသည်။
“အသတ်ခံရတာပါ၊ အသေးစိတ်ပြောဖို့ မရှိသေးပါဘူး၊ စုံစမ်းနေဆဲပါ”ဟု ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
စက်တင်ဘာလ ၉ ရက် ည ၇ နာရီခန့်က အရာရှိဖြစ်သူမှာ နေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့ ၌ သွေးကွက်များတွေ့ရပြီး ဇနီး ဖြစ်သူကို မတွေ့ရ၍ လိုက်လံရှာဖွေရာ ခြံဝန်းအတွင်းရှိ ကွန်ကရစ်ရေမြောင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိ သည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့ပြင် နေအိမ်အတွင်း စစ်ဆေးရာတွင် မီးခံသေတ္တာကိုလည်း သော့တန်းလန်းဖြင့် ပွင့်လျက်သားတွေ့ရပြီး စိန်ချယ် လက် စွပ်နှင့် ကျောက်ပြာလက်စွပ်အချို့၊ ၂ကျပ်သားခန့်ရှိသော ရွှေဆွဲကြိုးတကုံးနှင့် သေဆုံးကိုင်ဆောင်သည့် ဆမ်ဆောင်း အမျိုးအစား လက်ကိုင်ဖုန်းတလုံးတို့ ပျောက်ဆုံးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
မှုခင်းဖြစ်ပွားရာနေအိမ်တွင် ခင်ပွန်းဖြစ်သူ အရာရှိနှင့် ယခု သေဆုံးသူ အမျိုးသမီးတို့ ၂ ဦးတည်း နေထိုင်ကြခြင်း ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဖုန်းဆက်အကြောင်းကြား၍ အခင်းဖြစ်နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ သေဆုံးသူ၏ ဦးခေါင်းတွင် သွေးများ ထွက်နေသည်ကို တွေ့ရပြီး အနီးတွင်လည်း အုတ်ခဲကျိုးတခုကို တွေ့ရကြောင်း ညောင်ပင်ကြီးစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမြင့်က ဧရာဝတီသို့ ပြောသည်။
“သွေးတွေပေနေတဲ့ အုတ်ခဲတပိုင်း တွေ့တယ်။ ခေါင်းက ဒဏ်ရာကလည်း အုတ်ခဲနဲ့ ထိထားတဲ့ ဒဏ်ရာမျိုးတွေပဲ”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမြင့်က ပြောသည်။
ထို့ပြင် အနီးရှိ ရေမြောင်းအတွင်း၌ အရင်းမှ ကွေးနေသော ကြက်သွန်လှီးသည့် ဓားတချောင်းကို တွေ့ရကြောင်း သိရ သည်။
ထို့ကြောင့် သေဆုံးသူ၏ ခင်ပွန်းဖြစ်သူက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် သွားရောက် တိုင်ကြား ခဲ့ပြီး လူသတ်မှု၊ လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၃၉၂ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အသက် ၅၂ နှစ်အရွယ်ရှိ သေဆုံးသူကိုလည်း နေပြည်တော်ကုတင် တထောင် ဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် မှုခင်းဆရာဝန်၏ စစ်ဆေးချက် မရရှိသေး၍ သေဆုံးသူမှာ မည်သို့ ဒဏ်ရာများ ရရှိ၍ သေဆုံး သည်ကို ပြော ကြားနိုင်ခြင်း မရှိသေးသလို တရားခံကိုလည်း စုံစမ်းဆဲဖြစ်သည်ဟု ပတ္တာရဲစခန်းမှ အရာရှိတဦးက ပြောသည်။
“အတည်မပြုနိုင်သေးဘူးပေါ့။ တယောက်လား၊ နှစ်ယောက်လား၊ ငါးယောက်နဲ့အထက်လား”ဟု ပတ္တာရဲစခန်းမှ အရာရှိ တဦးက ပြောသည်။
ယခုအမှုနှင့်ပတ်သက်၍ နယ်မြေရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့အပြင် မှုခင်းတပ်ဖွဲ့နှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်နေကြောင်း သိရ သည်။
You may also like these stories:
တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး
ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး
ကျောက်တော်တွင် ကျည်ထိ၍ ရွာသား ၁ ဦးသေဆုံး