မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ကိုဗစ်ပိုးတွေ့လူနာတဦး သေဆုံးရာတွင် မီးသဂြိုဟ်မှု ပြုလုပ်ခြင်းမှာ ဘာသာရေးထုံးတမ်းစဉ်လာနှင့် မညီသည့်အတွက် နောင်မပြုလုပ်ရန် သက်ဆိုင်ရာအစိုးရ အဖွဲ့များသို့ ထပ်မံ တင်ပြသွားမည်ဟု အစ္စလာမ်သာသနာရေး ကောင်စီက ပြောသည်။
သေဆုံးသူမှာ အသက်၆၈နှစ်ရှိ ဦးခင်မောင်လေး(ခ) ဦးဟာရှင်(မျက်မှန်) ဆိုသူဖြစ်ပြီး COVID-19 ပိုးတွေ့လူနာ အမှတ် ၁၆၂၉ ဖြစ်ကာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးပြီး စက်တင်ဘာ ၇ရက်နေ့က သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၎င်း၏ ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုဝင်း၏ သဘောထား တောင်းခံခြင်း၊ မွန်ပြည်နယ်ရှိ အစ္စလာမ် အဖွဲ့အစည်း များထံ ဆက်သွယ် အကြောင်းကြားခြင်းများ မရှိဘဲ မီးသဂြိုဟ်ခြင်း ဖြစ်ကြောင်း သိရသည်။
အစ္စလာမ်သာသနာရေး ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက “COVID ကြောင့် သေဆုံးရင် ဘယ်လို သဂြိုဟ် ရမယ်ဆိုတာ အနယ်နယ်မှာလည်း ကော်မတီ ဖွဲ့ထားပြီးသား။ တခြားတိုင်းနဲ့ ပြည်နယ်လို မဟုတ်ဘဲ မော်လမြိုင်မှာက မိသားစုရော၊ ကော်မတီရော အသိမပေးဘဲ လက်လွတ်စပယ် လုပ်လိုက်တာကတော့ ကျင့်ဝတ် မလိုက်နာတာပဲလို့ ပြောရ မယ်။ ကာယကံရှင်မိသားစုတွေမှာ သေလို့ ဝမ်းနည်းရသလို သင့်တင့်တာကို လုပ်ခွင့်မရတော့ ၂ ခါနာသလိုဖြစ်တာ ပေါ့” ဟု ပြောသည်။
ရန်ကုန်မြို့ ၁၀၁ လမ်းမှ ကိုဗစ် ပိုးတွေ့လူနာ ကွယ်လွန်စဉ်က ဆေးရုံမှ အလုံပိတ် ထုတ်ပိုးကာ PPE ဝတ်စုံတွေများ ဝတ်၍ သယ်ယူစေကြောင်း၊ မြေမြုပ်သဂြိုဟ်ပြီးသည်နှင့် ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ ယင်းဝတ်စုံများကို မီးရှို့စေပြီး၊ ကူညီမြေမြုပ်သူများကိုလည်း သန့်ရှင်းရေး လုပ်စေခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ရန် အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းကာ လမ်းညွှန်ချက် ထုတ်ထားကြောင်း သူက ဆက်ပြောသည်။
အစ္စလာမ်လူငယ်ရေးရာ ကော်မတီ၏ ဥက္ကဋ္ဌ ဦးသိန်းမြင့်က “အစ္စလာမ် ဘာသာမှာ မီးရှို့သဂြိုဟ်ခွင့် မရှိဘူး။ ပိုင်ရှင်က တောင်းတာလည်း မပေးဘူး။ အဲဒီတော့ ဒီအသိုင်းအဝိုင်းကြားထဲ လှုပ်ရွသွားတာပေါ့။ ရန်ကုန်တို့၊ ပဲခူးတို့မှာရတယ်။ ဒီမှာမရဘူး” ဟု ပြောသည်။
၎င်းက “ကျနော်ကိုယ်တိုင် ဘာသာရေး ဆရာ တယောက်ဖြစ်သလို အစ္စလာမ်ဘာသာရဲ့ လူမှု့အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်တော့ စိတ်မကောင်းပေမယ့် အရင်ကတည်းက ဘာသာရေးအဖွဲ့အစည်းတွေက ဘယ်လိုဖြေရှင်းရမယ်ဆိုတာပြည်နယ် အစိုးရနဲ့ ကြိုညှိထားရင် အကောင်းဆုံးပေါ့။ ကျနော်တို့ ထုံးစံအရ အလောင်းကိုထမ်းမယ်ဆို ကူးလာရင် ဘယ်သူက တာဝန် ယူမှာလဲ။ အောက်ခြေဘာသာဝင်လူတန်းစားတွေ နားလည်ချင်မှ နားလည်မယ်။ ကျနော်ကတော့ ပြည်နယ် အစိုးရ က လုပ်သွားတာ အပြစ်မမြင်ဘူး” ဟု ဆက်ပြောသည်။
သေဆုံးသူ ဦးဟာရှင်၏ ကျန်ရစ်သူ ဇနီးအပါအဝင် ကျန်ရှိ မိသားစုဝင်များ လည်း Quarantine ဝင်နေကြရကြောင်း၊ ၎င်းမသေဆုံးမီ ဆေးရုံတက်စဉ်က ကုသခဲ့သည့်ဆေးခန်းနှင့် ၎င်းကို ဆေးရုံသို့ ပို့ဆောင်စဉ် ထိစပ်ခဲ့သူများကိုလည်း Quarantine ဝင်ခိုင်းရန်အတွက် ပြင်ဆင်နေကြောင်း မော်လမြိုင်မြို့ ရှိ လူမှုကူညီရေး အဖွဲ့အစည်းများမှ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ COVID လူနာသေဆုံးခဲ့လျှင် လုပ်ဆောင်ရမည့် နည်းလမ်းများဖြစ်သည့် လူအနည်းအကျဉ်းဖြင့် ချက်ခြင်း သင်္ဂြိဟ်ရမည်၊ လူနာအလောင်းကို သေချာစွာထုတ်ပိုးပြီး သယ်ယူသူ ၂ ဦး မှ ၄ ဦးဖြင့် PPE ဝတ်စုံများကို စနစ် တကျဝတ်ဆင်ပြီး အလောင်း ကို မြေမြုပ်ပြီးသည်နှင့် ဝတ်ဆင်လာသည့် PPE ဝတ်စုံများကို စနစ်တကျ မီးရှို့ဖျက်ဆီး ကာ သယ်ယူသူ များအနေဖြင့် ရေချိုးသန့်စင်ရမည်ဆိုသည့် လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ရန် တနိုင်ငံလုံးရှိ အဖွဲ့ချုပ်ဝင် ဘာသာရေးအဖွဲ့ အသီးသီးသို့ ပြီးခဲ့သည့် ဇူလိုင်လထဲက အစ္စလာမ်ဘာသာရေးကောင်စီအဖွဲ့ချုပ်အနေဖြင့် ညွှန်ကြား ထားပြီးဖြစ်ကြောင်း သိရသည်။
ထိုကိစ္စများကို သက်ဆိုင်ရာ ဗဟိုအစိုးရအထိ အကြောင်းကြားပေးထားသလို ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မိမိတို့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများထံ ဖြန့်ဝေထားခဲ့ကြောင်း အစ္စလာမ်သာသနာရေး ကောင်စီ၏ အတွင်းရေးမှူးချုပ် ဖြစ်သူ ဦးတင်မောင်သန်းက ပြောသည်။
သေဆုံးခဲ့သူ၏ မိသားစုဝင်များနှင့် မွန်ပြည်နယ်၏ ပြည်သူ့ကျန်းမာရေး ဦးစီးမှူးထံသို့ ဧရာဝတီမှာ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
မော်လမြိုင်မြို့မှ ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “သေသူရဲ့ အလောင်းကို သယ်တာက အစ ကျနော်တို့ လူမှုကူညီရေး အဖွဲ့တွေမှာ တော်တော်လေး စဉ်းစားရတယ်။ ဘယ်လိုနည်းနဲ့သယ်မလဲပေါ့။ နောက် COVID လူနာသေတဲ့အတွက် သူ့ကို အချိန်မဆိုင်းဘဲ သဂြိုဟ်ဖို့လိုတယ်။ ဒီအချိန်မှာ ဘာသာရေးတွေ၊ လူမျိုးရေး တွေရဲ့ ထုံးထမ်းစဉ်လာတွေထက် လိုအပ်ချက်၊ လမ်းညွှန်ချက် အတိုင်း လုပ်လိုက်တာ ပိုသင့်တော်တယ်ထင်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၂၀၀၉ ဦး ရှိပြီး သေဆုံးသူ ၁၄ ဦးရှိသည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
ကိုဗစ်ကူးစက်မှု သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ အနီးရောက်လာ
သင်္ဃန်းကျွန်း ထပ်တိုး ကိုဗစ်လူနာ ၇၂ ဦးမှာ Music Zone က ဖြစ်