သတင်း

ကိုဗစ် ကုစားရေး ဒုတိယအကြိမ် ချေးငွေကို လုပ်ငန်းရှင် ၉၀၀ ကို ထုတ်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ကိုဗစ် ကုစားရေး ဒုတိယ အကြိမ် ချေးငွေကို လုပ်ငန်းရှင် ၉၀၀ ထံသို့ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက သိရသည်။

COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ အစည်း အဝေး အမှတ်စဉ် (၉/၂၀၂၀) ဆုံးဖြတ်ချက်အရ လျှောက်ထားလာသည့် လျှောက်လွှာပေါင်း ၁ သောင်းကျော်အနက်မှ ၉၀၀ ကျော်ကို ချေးငွေ ထုတ်ပေးခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက “နောက်တပတ် လောက်မှာ စထုတ် ပေးပါမယ်။ တပြိုင်နက်တည်း မပေးပါဘူး။ တသုတ်ချင်း စိစစ်ပေးမှာပါ။ ပထမအသုတ်မှာ လျှောက် လွှာ ၉၀၀ လောက်ရှိ နိုင်ပါတယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ယခု ချေးငွေ ထုတ်ပေးမည့် ကဏ္ဍများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပ ပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည် တွင်း ထုတ်လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက် သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်သည့် လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ စသည့် လုပ်ငန်း ကဏ္ဍ ၉ ခုကို ဦးစားပေး၍ ကော်မတီက ကျပ် ၁၀၀ ဘီလီယံ ထုတ်ချေးပေးမည် ဖြစ်သည်။

ကိုဗစ် ကုစားရေး ဒုတိယအကြိမ်၏ ပထမ အသုတ်ဖြစ်သည့် လုပ်ငန်းရှင် ၉၀၀ အတွက် တဦးလျှင် ထုတ်ပေးမည့် ငွေ ပမာဏနှင့် ပတ်သက်၍ လျှောက်လွှာ တင်ပြလာသည့် လုပ်ငန်းရှင်များ၏ ချေးငွေ ပမာဏကို လုပ်ငန်း အခြေအနေ၊ အရွယ်အစား၊ ကုမ္ပဏီ ငွေကြေး ရှင်းတမ်း၊ အထောက်အထား အချက်အလက်များ အပေါ် မူတည်ပြီး ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ချေးငွေကာလမှာ ၁ နှစ် သတ်မှတ်ထားပြီး၊ ပထမအကြိမ် COVID 19 ချေးငွေ ရရှိထားပြီးသူများအနေဖြင့် ထပ်မံ လျှောက်ထား၍ မရပေ။

အဆိုပါ ဒုတိယကြိမ်မြောက် ကိုဗစ်ကုစားရေးအတွက် လုပ်ငန်းရှင်များသို့ ချေးငွေ ထုတ်ချေးပေးရာတွင် သတ်မှတ်ချက် များနှင့် မကိုက်၍ လျှောက်လွှာ ၁ သောင်းကျော်ထဲမှ ပယ်လိုက်ရသည့် လျှောက်လွှာများလည်း ရှိကြောင်း ယင်း ချေးငွေ လျှောက်လွှာများကို လက်ခံ၍ ကော်မတီသို့ တင်ပြပေးသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဧရာဝတီသို့ ပြောသည်။

“ရန်ကုန်မှာတော့ အားလုံးက စစ်ပြီး လက်ခံတော့ နည်းပါတယ်။ နယ်ဘက်နဲ့ တိုင်းနဲ့ ပြည်နယ်တွေက တင်တဲ့ဟာတွေက သတ်မှတ်တဲ့ ကဏ္ဍ ၉ ခုထဲမှာ မပါတဲ့ လုပ်ငန်းတွေ ပါနေတယ်။ ဥပမာ- အုတ်၊ သဲ၊ ကျောက်လုပ်ငန်းလို၊ တချို့သံပန်း သံ တံခါး လုပ်တဲ့ လုပ်ငန်းတွေ တင်တာ တွေ့ရတယ်။ ဒါမျိုးတွေကျတော့ ဆက်ပြီး တင်ပေးလို့ မရတော့ဘူး။ အခုထိတော့ ပယ်လိုက်တဲ့ လျှောက်လွှာတွေကို တိတိကျကျ ပြောလို့ မရသေးပေမယ့် လေးပုံမှာ ၁ ပုံလောက်တော့ ပယ်တာ ရှိပါ တယ်” ဟု ကိုဗစ်ချေးငွေ လျှောက်လွှာ စိစစ်ရေး အဖွဲ့တွင် ပါဝင်သူလည်း ဖြစ်သည့် ၎င်းက ရှင်းပြသည်။

ထို့ပြင် ယခု စက်တင်ဘာလ အတွင်း၌ ပထမတကြိမ် ကိုဗစ် ကုစားရေးအတွက် ချေးငွေ ရရှိထားသော လုပ်ငန်းရှင် ၃ ထောင်ကျော်ကိုလည်း ကော်မတီ၏ သတ်မှတ်ထားသော စည်းကမ်းချက်များ ဖြစ်သည့် ချေးငွေကို လုပ်ငန်းအတွက် အသုံး ပြုထားသည့် ပမာဏ၊ အလုပ်သမားများ၏ လုပ်အားခအတွက် အမှန်တကယ် ပေးဆောင်ခြင်း ရှိ မရှိ၊ ချေးငွေ ယူထားသူ ၏ လုပ်ငန်း၌ လက်ရှိ လုပ်သားမည်မျှ ခန့်အပ်၍ အလုပ်အကိုင် ပေးထားနိုင်သည့် အခြေအနေ စသည့်တို့ကို စစ်ဆေးမှု များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးအေးဝင်း ဆိုသည်။

ထိုသို့ စစ်ဆေးရာတွင် ချေးငွေယူထားသည့် လုပ်ငန်းရှင်များကို ကော်မတီက စစ်ဆေးမည့် အဖွဲ့နှင့် UMFCCI က ချိတ် ဆက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ပထမအကြိမ် ကိုဗစ်ကုစားရေး ချေးငွေတွင် ဦးစားပေး ကဏ္ဍများ ဖြစ်သည့် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ၊ လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး လျှောက်ထားသည့် လုပ်ငန်းရှင်ပေါင်း ၅ ထောင်နီးပါးမှ လုပ်ငန်းရှင်ပေါင်း ၃ ထောင်ကျော်သာ ချေးငွေ ရရှိခဲ့သည်။

အထက်ပါ ချေးငွေ ထုတ်ပေးမှုများနှင့် ပတ်သက်၍ ဦးစားပေး ကဏ္ဍများတွင် မပါသည့် လုပ်ငန်းများ၊ လုပ်ငန်းရှင် တဦးတ ယောက်ချင်း၏ ရရှိမှု ငွေပမာဏ နည်းပါးခြင်းတို့ကြောင့် လုပ်ငန်းရှင်များကြား ဝေဖန်မှုများလည်း ရှိနေသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဦးအေးဝင်းက “ဒါကတော့ ပြောရရင် အဓိက မရဘူးဆိုတာ လိုအပ်ချက်က လုပ်ငန်းရှင် ဘက်က လိုအပ်ချက် ဖြစ်နေတာ။ ကျနော်တို့က ဘယ်သူ ဘယ်ဝါ ဘာကြောင့် မရဘူး ဆိုတာ ကျင့်ဝတ်အရ ပြောလို့ မရ ဘူး။ ဒါပေမယ့် သက်ဆိုင်ရာ လုပ်ငန်းရှင်က သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ပြည့်စုံလုံလောက်မှုကို တင်ပြနိုင်ရင် ဒီလုပ် ငန်းရှင်က ပမာဏ တခုကို ရမှာပါ။ သူ့ လုပ်ငန်းနဲ့ သင့်တော်တဲ့ ပမာဏပေါ့” ဟု ပြောပြသည်။

ဆက်လက်၍ ၎င်းက “နောက်တခုက လုပ်ငန်းရှင်တွေ အနေနဲ့ ဒီချေးငွေက ယာယီကုစားမှု အတွက်ပေးတဲ့ ချေးငွေ ဖြစ်တဲ့ အတွက် တချို့တွေက ကိုယ့်လုပ်ငန်း တိုးချဲ့ဖို့အတွက် တင်တဲ့ ချေးငွေ ပမာဏ ဖြစ်နေတယ်။ ဒါက စဉ်းစားပုံလွဲနေတယ်။ ဒါက အပေါင်မလိုဘဲ အစိုးရက လောလောဆယ် ၁ ရာခိုင်နှုန်း အတိုးနဲ့ ချေးတယ်ဆိုတာ အခက်အခဲ ရှိတာကို ချေးတာပါ” ဟု ရှင်းပြသည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် လတ်တလော အရောင်းအဝယ်များ ကျဆင်းသွားခြင်း၊ ရပ်တန့်သွားခြင်းကြောင့် ၂ လ၊ ၃ လ အခက်အခဲများအတွက် ယာယီဖြေရှင်းရန် အစိုးရက ချထားပေးခြင်းဖြစ်သည့်အတွက် ချေးငွေယူသည့် ပမာဏ ကို စဉ်းစားရာတွင် ယင်းအချက်ကို ထည့်သွင်း စဉ်းစားချေးယူသင့်ကြောင်း ဦးအေးဝင်းက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “ကျနော် ငါးလုပ်ငန်းတွေက စီးပွားရေး ထိခိုက် မှုက အခုအချိန်မှာ ကြာလေ ဆိုးလေ ဖြစ်လာတယ်။ ဘယ်မှာဖြစ်လဲဆိုတော့ ဈေးကွက်မှာ ဖြစ်တယ်။ ရောင်းလိုအားရှိပေ မယ့် ရောင်းလို့က မရဘူး။ ဈေးတွေ ကျနေတယ်။ ဒါက ရေငန် ရေချိုရော မွေးမြူရော ဖြစ်တယ်။ ပြည်တွင်းရော ပြည်ပ ဈေးကွက် တင်ပို့တာမှာရော ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေရဲ့ အရင်းအနှီး လျော့လာတယ်” ဟု လက်ရှိ ငါးလုပ်ငန်း ၏ အခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိ ကိုဗစ်ချေးငွေသည် လုပ်ငန်းများ ရှေ့ဆက်လုပ်နိုင်ရန်နှင့် အလုပ်သမား လုပ်ခလစာ ပေးနိုင်ရေးအတွက် လတ်တ လော ထောက်ပံ့ပေးခြင်း ဖြစ်သော လုပ်ငန်းများ၏ အရင်းအနှီးများ ပြန်ဖြည့်ပေးသည့် အထောက်အပံ့ တခုအထိ ပေးသည် မဟုတ်သဖြင့် နိုင်ငံတော်ကို ကျေးဇူးတင်ရသော်လည်း လုပ်ငန်းများ နလန်ထူရန်ပေးသည့် ချေးငွေ ပုံစံမျိုး မဟုတ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ဒုတိယအကြိမ် အစိုးရကထုတ်ပေးမည့် လုပ်ငန်းရှင် လျှောက်လွှာ ၁ သောင်းကျော်တွင် မွေးမြူရေး ကဏ္ဍက လျှောက်ထား သည့် လုပ်ငန်းရှင်များမှာ ငါး၊ ပုဇွန် မွေးမြူရေး လုပ်ငန်းရှင်များ၊ ငါးဖမ်းဆီးရေး(ကမ်းနီး၊ကမ်းဝေး) လုပ်ငန်းရှင်များ၊ ငပိ၊ ငါး ခြောက် ငံပြာရည် လုပ်ငန်း လုပ်ကိုင်သူများ၊ ငါးဝယ်ရောင်း ပြုလုပ်သည့် ဒိုင်များ၊ အအေးခန်း လုပ်ငန်းရှင်များနှင့် မွေးမြူ ရေး အစာထုတ်လုပ်သည့် လုပ်ငန်းရှင်များ ၁၅၀၀ ကျော်ခန့်က လျှောက်ထားကြောင်း ယင်းအသင်းက သိရသည်။

ဆက်လက်၍ ဦးဝင်းကြိုင်က “ မွေးမြူရေးက ကဏ္ဍစုံလျှောက်တဲ့ သဘော ရှိတယ်။ အသေးစိတ် သေချာ မသိရသေးပေ မယ့် ငါးလုပ်ငန်းရှင်ဘက်က ၁၅၀၀ ကျော်လောက် လျှောက်တယ်။ ဒီထက်မကတဲ့ လျှောက်ဖို့ အခြေအနေ ရှိတယ်။ သိတဲ့ အချိန်နဲ့ နောက်ဆုံး လျှောက်ရမယ့်ရက်က ကပ်သွားတော့ တင်ချင်တဲ့ သူတွေက မတင်လိုက်ရဘူး” ဟု ထပ်လောင်း ပြော ဆိုသည်။

ယင်းပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ လုပ်ငန်းများကိုလည်း ကိုဗစ်ကုစားရေး ချေးငွေကို သီးခြား အစီ အစဉ်ဖြင့် ယခုကာလအတွင်း၌ ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ဩဂုတ်လမှ စတင်၍ COVID-19 ရောဂါ ပြန်လည်ကူးစက်ပြန့်ပွားလာသဖြင့် ထပ်မံပေါ် ပေါက်နိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ကြိုတင် သုံးသပ်ကာ အချိန်မီ ကုစားဆောင်ရွက်နိုင်ရေးအတွက်လည်း COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ ပြင်ဆင် ဆွေးနွေးနေ ကြောင်း သိရသည်။

ကိုဗစ်ကာလတွင် နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေနှင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမ၊ ဒုတိယ၊ တတိ ယအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၁၈၇. ၄၄၉၂ ဘီလီယံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှတဆင့် ထောက်ပံ့ငွေ ကျပ် ၉၂. ၆၁၂ ဘီလီယံ ထုတ်ချေးပေးထားသည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တဆင့် သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန် ဆောင် မိခင်များ၊ စစ်ဘေးရှောင် စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များ အပါအဝင် အခြား ထောက်ပံ့သင့်သည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ် ၃၅. ၉၂၃ ဘီလီယံကို ပေးထားကြောင်း ယခု စက်တင်ဘာလ ၄ ရက် စာရင်းများ အရ သိရသည်။

ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသုံးပြုရန် ကျပ် ၂၆၇.၉၀၃ ဘီလီယံ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ အသေးစား ချေးငွေ လုပ်ငန်း များသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံနှင့် ကော်မတီက တာဝန်ယူ ဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေး ငွေကျပ်၂၀၀ ဘီလီယံ ၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ၆၀၀ ဘီလီယံ တို့ကို အသုံးပြုထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံးကဏ္ဍ ၃ ခု၏ အခွန်ပေးသွင်းခြင်း ကာလကို တိုးမြှင့်ပေး

ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading