အစိုးရ ရုံးစိုက်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ၄ ဦး ယနေ့ ထပ်တိုးခဲ့သဖြင့် လက်ရှိ အချိန်အထိ ပိုးတွေ့ လူနာ စုစုပေါင်း ၂၁ ဦး အထိရှိလာပြီဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တကျော့ပြန် ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် နေပြည်တော်ကို စက်တင်ဘာ ၂ ရက်နေ့မှ စတင်ကာ အဝင် အထွက် တင်းကျပ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ပိုးတွေ့လူနာများ နေ့စဉ် ထပ်တိုးလျက်ရှိသည်။
အသစ်တိုးသည့် ၄ ယောက်တွင် ၃ ယောက်မှာ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ မှု ရှိခဲ့၍ အသွားအလာ ကန့်သတ်ထား သူများဖြစ်ပြီး ကျန် ၁ ဦးမှာ ဝန်ကြီးဌာနတခုမှ ဝန်ထမ်းတဦးဖြစ်ပြီး ဖျားနာ၍ ဆေးခန်းသို့ လာရောက် စစ်ဆေးရာတွင် ပိုးတွေ့ ခဲ့သူဖြစ်ကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
ဒေါက်တာ မြတ်ဝဏ္ဏစိုးက“နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ မှာပဲ စောင့်ရှောက်ပေးပါတယ်။ သူတို့ရဲ့ Contact တွေကိုတော့ ကျနော်တို့ သက်ဆိုင်ရာဆေးရုံတွေမှာ ကျနော်တို့ ထားပြီးတော့ ဆောင်ရွက်နေပါတယ်။ ထွေထွေ ထူးထူးတော့ ကြီးကြီးမားမား ပြဿနာ မရှိဘူးပါဘူး။ လူနာတွေက Positive သာ တွေ့တာ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး”ဟု ပြောသည်။
ထိုသို့ နေပြည်တော်ရှိ ပိုးတွေ့လူနာများထဲတွင် သမ္မတရုံးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူ အရာရှိ တဦးလည်း ပါဝင်ခဲ့သောကြောင့် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအပါအဝင် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းတချို့ကို စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံထားရသည်။
ယင်းနေ့မှာပင် ဦးဇော်ဌေး အပါအဝင်၊ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် နှစ်ဦး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာတဦး စုစုပေါင်း ၄ ဦးတို့ကို နှာခေါင်းနှင့် အာခေါင် တို့ဖတ် နမူနာများ ရယူစစ်ဆေးခဲ့ရာ ယင်း ၄ ဦးစလုံးမှာ ပိုးမရှိ အဖြေထွက်ခဲ့ကြောင်း သိရသည်။
ပိုးတွေ့လူနာမှာ လက်ထောက်ညွှန်ကြားရေးမှုးအဆင့်ဖြစ်ပြီး နိုင်ငံတော်အဆင့်အကြီးအကဲများနှင့် တိုက်ရိုက် ထိတွေ့ရသူ မဟုတ်ဘဲ ၎င်းတာဝန်ထမ်းဆောင်သည့် ဌာနမှ ဝန်ထမ်း ၁၁ ဦးမှာလည်း ပိုးမတွေ့အဖြေထွက်ခဲ့သလို မတွေ့သော်လည်း ၎င်းနှင့်နေရာနီးသူအားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက“သမ္မတအိမ်တော်မှာ ကျန်တဲ့ဌာနတွေ၊ သမ္မတရုံးက ကျန်တဲ့ဌာနတွေအလုပ်တက်ပါတယ်။ အလုပ်မပိတ် တဝက်တက်စနစ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ယန္တရားပုံမှန်အတိုင်း လည်ပတ်လျက်ရှိပါတယ်”ဟု အိမ်တော် သတင်းထောက်များသို့ ပြောသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း စိတ်ပူစရာမရှိဘဲ ကျန်းမာရေးကောင်းမွန်နေကာ လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတအိမ်တော်တွင် စက်တင်ဘာလ ၄ ရက်နေ့ကလည်း သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ခဲ့ရာ ပိုးတွေ့လူနာ လက်ထောက်ညွှန်ကြားရေးမှူးမှာ ယင်းရှင်းလင်းပွဲကို ကူညီဆောင်ရွက်ပေးသူဖြစ်သောကြောင့် သမ္မတအိမ်တော် သတင်း စာရှင်းလင်းပွဲသို့ လာရောက်ခဲ့သည့် သတင်းထောက်များအားလုံးလည်း ရောဂါပိုးရှိမရှိ စစ်ဆေးရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ယနေ့ မနက်ပိုင်းက ရယူခဲ့သည်။
ထိုသတင်းထောက်များကိုလည်း နေအိမ်ပြင်ပသို့မထွက်ဘဲ Stay at Home ၁၄ ရက်နေထိုင်ရန် အာခေါင်နှင့် နှာခေါင်း တို့ဖတ်ရယူသည့် ကျန်းမာရေး ဝန်ထမ်းများက မှာကြားခဲ့သည်။
သမ္မတရုံး ဝန်ထမ်းတွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး သမ္မတ အိမ်တော်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များနှင့် ယင်းဝန်ထမ်းတို့ အနီးကပ် ထိတွေ့မှုများရှိခဲ့သည် ဆိုသည့် ဂယက်ကြောင့် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲရုံးတွင် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်မည့် သတင်းထုတ်ပြန်ရေးအစီအစဉ်ကိုလည်း ရွှေ့ ဆိုင်းခဲ့ရသည်။
နေပြည်တော်သည် ပြည်ထောင်စုနယ်မြေဖြစ်သောကြောင့် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်ထားသည့်အပြင် ဝန်ကြီးဌာန ရုံးလုပ်ငန်များတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာနများတွင် ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများမလိုအပ်ဘဲ ပြင်ပခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန်အတွက် ယင်းစည်းကမ်းချက်များထုတ်ပြန်ထားသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏသီရိခရိုင်နှင့်ဥတ္တရသီရိခရိုင်ဟူ၍ ခရိုင် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေငြာထားခြင်းမရှိသေးပေ။
ကိုဗစ် – ၁၉ ပထမကြိမ်ပျံ့နှံဖြစ်ပွားစဉ်က နေပြည်တော်တွင် လွန်ခဲ့သော မတ်လ ၂၆ ရက်နေ့မှစတင်ကာ ကာရာအိုကေ များ၊ အနှိပ်ခန်းများဖွင့်လှစ်ခြင်းမပြုရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားချက်များ ထုတ်ပြန် ခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကို ကိုဗစ်အကာကွယ်များ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ပြန်လည် ဖွင့်လှစ်စေခဲ့သည်။
ထိုစဉ်က နိုင်ငံခြားမှပြန်လာသော ဆွစ်ဇာလန်နိုင်ငံသူတဦးမှာ နေပြည်တော်အတွက် ပထဆုံး ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံခြားမှ ပြန်လာသော တပ်မတော် သားများထဲမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအချို့လည်း ထွက်ပေါ်ခဲ့သည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကိုထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျော့၍ လအလိုက် တ ဖြည်းဖြည်း သက်တမ်းတိုးမြှင့်ခြင်းများပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၀၀၉ ဦး၊ သေဆုံး ၁၄ ဦးနှင့် ပြန်လည် သက်သာလာသူ ၅၅၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း စဉ်းစားပေးပါ
ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ