သတင်း

ဦးဂါရွာသူကို အဓမ္မကျင့်သည့် တပ်မတော်သား ၃ ဦး၊ စစ်တရားရုံးဖွဲ့ စစ်ဆေး ပြစ်ဒဏ်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့် ခဲ့သည့်အပေါ်ကို စစ်တရားရုံးဖွဲ့ပြီး စစ်ဆေးကာ ပြစ်ဒဏ်ပေးမည်ဟု တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၇ နှစ်ရှိ အမျိုးသမီး ၁ ဦးအား တပ်မတော် သား ၃ ဦးမှ အဓမ္မပြု ကျင့်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ ၃ဦးကို စစ်ခုံရုံး ၂ ကြိမ်ဖွဲ့ စစ်ဆေးပြီးနောက် ၁ဦးမှ ဝန်ခံထွက်ဆိုသည့်အတွက် ယင်း အမှု မှန်ကန်ကြောင်း အတည်ပြု ပြောကြားလာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပထမ အဲဒီ စစ်သည်တွေကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးခဲ့တယ်။ ငြင်းဆန်တယ်။ ထပ်မံ စစ်ဆေးဖို့အတွက် အချက်အလက်တွေ ထပ်ပေါ်လာတယ်။ နောက်စုံစမ်း စစ်ဆေးရေး ခုံရုံးတခု လုပ်တယ်။ ထပ်မံ စစ်ဆေးတဲ့အခါမှာ စစ်သည် ၁ ဦးကနေ စပြီးတော့ ဝန်ခံလာတယ်။ ဝန်ခံတဲ့အတွက်ကြောင့် ဒါကို ဆောင်ရွက် လျှက် ရှိတယ်။ စစ်တရားရုံးဖွဲ့ပြီး ဆောင်ရွက်လျှက်ရှိတယ်။ သူတို့ကို တပ်မတော် အက်ဥပဒေရော၊ တည်ဆဲ နယ် ဘက် ဥပဒေတို့နဲ့ အရေးယူသွားလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် အဆိုပါ ပြစ်မှုကျူးလွန်သူ တပ်မတော်သားများကို အရပ်ဘက်တရားရုံးသို့ လွဲပေးမည် မဟုတ်ဘဲ စစ်တရား ရုံးဖွဲ့ကာ ၁၉၅၉ တပ်မတော် အက်ဥပဒေ အရ သော်လည်း ကောင်း၊ နယ်ဘက် တည်ဆဲ ဥပဒေ အရသော်လည်း လည်းကောင်း အပြစ်ပေး အရေးယူလိမ့်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုမှာ ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်း တခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ထိုနေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် အသက် ၃၆ နှစ်အရွယ် ဒေါ်ဦးဌေးဝင်းဆိုသူ အမျိုးသမီး အား မိသားစုနှင့်အတူ ရှိနေစဉ် စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက သတင်းမီဒီယာများနှင့်တွေ့ဆုံကာ ပြောကြားထားသည်။

ကျမတို့ အတွေ့အကြုံအရ စစ်ခုံရုံးက ချမှတ်တဲ့ ဖြစ်ရပ်တွေက ကျမတို့ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ အဲဒီအတွက်ကြောင့် ဒီအမှုကို အရပ်ဘက်တရားရုံးကို ရောက်လာဖို့ အတွက် ကျမတို့ တောင်းဆိုသွားမယ်။

ထိုသို့အဓမ္ပပြုကျင့်ခဲ့ရသည့်အတွက် ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက ဇူလိုင်လ ၁၀ ရက်နေ့က နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့မ ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့်လှစ်ခဲ့သလို စစ်တွေဆေးရုံ၌လည်း ဆေး စစ်ဆေးချက်များ ခံယူခဲ့သည်။

ထိုတိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မ များဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ အရေးအား လိုက်ပါကူညီသူ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး ကမူ ပြစ်မှုကျူးလွန်သူ တပ်မတော်သားများအား နယ်ဘက်တရားရုံးသို့ လွှဲပြောင်းပြီး အရေးယူနိုင်ရန် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးမှုများကို ပြုလုပ်နေပြီး နစ်နာသူ အမျိုးသမီးအတွက် အမှန်တရားနှင့် တရားမျှတရားမှု ရရှိရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြောသည်။

ဒေါ်ညိုအေးက “ကျမတို့ အတွေ့အကြုံအရ စစ်ခုံရုံးက ချမှတ်တဲ့ ဖြစ်ရပ်တွေက ကျမတို့ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ အဲဒီအတွက်ကြောင့် ဒီအမှုကို အရပ်ဘက်တရားရုံးကို ရောက်လာဖို့ အတွက် ကျမတို့ တောင်းဆိုသွားမယ်။ အခု သူတို့ ပြောတာက တပ်မတော်သား ဖြစ်တယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် အခု သူတို့ အဓမ္မပြုကျင့်သူ ရာဇ ဝတ်သားတွေ ဖြစ်သွားပြီဆိုတော့ တပ်က ထုတ်ပယ်ရတော့မယ်။ သူတို့ကို တပ်က ထုတ်ပယ်လိုက်တယ်ဆိုရင် အရပ်ဘက်တရားရုံးကို လွှဲကို လွှဲပေးရတော့မယ်။” ဟု ဧရာဝတီသို့ ပြောသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်း နှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်နေခြင်း အပေါ် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပြင်းပြင်းထန်ထန် ရှု့တ်ချကြောင်း၊ နောင်တွင် လည်း မုဒိမ်းမှု အပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ကြိုတင်ကာကွယ်တားဆီးဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန် ရခိုင် အရပ်ဘက် လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

You may also like these stories:

ဦးဂါရွာသူအမှု တရားမျှတမှုရရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

အဓမ္မကျင့်မှုဖြင့် အမှုဖွင့်ထားသော တပ်မတော်သား ၃ ဦးကို တပ်တွင်း စစ်ဆေးမှုလုပ်နေ

တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်

Did you find apk for android? You can find new Free Android Games and apps.
Loading