နေပြည်တော်၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဌာနဘက်ခြမ်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂ ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုး တွေ့ ရှိခဲ့ပြီးနောက် ညွှန်ကြားရေးမှူးနှင့်အထက် ရာထူးရှိသူများမှလွဲ၍ ကျန်ဝန် ထမ်းများ အားလုံးကို မိမိအိမ်တွင်သာ နေထိုင်စေ၍ အသွားအလာ ကန့်သတ်ထားကြောင်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့က ယင်းဝန်ကြီးဌာနမှ ဝန်ထမ်း ၁ ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့သလို ၎င်းနှင့် ထိတွေ့ ခဲ့သူ ၁ ဦးတွင်လည်း ကိုဗစ် ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိပြီးနောက် ယခုကဲ့သို့ အစီအမံများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းယင်းဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ဧရာဝတီသို့ ပြောသည်။
“ဝန်ထမ်းအားလုံးကို Home Stay လုပ်ထားတယ်။ ကျနော်တို့ လုပ်ငန်းလည်ပတ်ဖို့အတွက် ညွှန်မှူး၊ ဒုညွှန်မှူးက လွဲလို့ပေါ့ နော်။ ကျန်တဲ့ဝန်ထမ်းတွေကို အိမ်မှာပဲနေပါ။ မိမိသက်ဆိုင်ရာ အိမ် ဒါမှမဟုတ် လူပျိုဆိုရင်လည်း အဆောင်ပေါ့နော်။ အပျိုဆိုရင်လည်း အဆောင်ပေါ့နော်။ အဲဒီမှာနေဖို့ အကုန်ညွှန်ကြားထားတယ်”ဟု ဦးလှခိုင်က ပြောသည်။
အဆိုပါ ပိုးတွေ့လူနာ ဝန်ထမ်း ၂ ဦးနှင့်ထိတွေ့ခဲသူ ၃၄ ဦးကိုလည်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးရုံတွင်ထားရှိ စောင့်ကြည့်သူ(Hospital Quarantine)အဖြစ်ထားရှိခဲ့ပြီးနောက် ဝန်ထမ်းမိသားစုဝင်များ နေထိုင်သည့် တိုက်ခန်းအိမ်ရာများကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့မှစတင် အသွားအလာများ ကန့်သတ်လိုက်သည်။
ထိုသို့ အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားခြင်းကို နေပြည်တော်ရှိ လူများက လူမှုကွန်ရက်စာမျက်နှာများတွင် Lock Down ပြုလုပ်ထားသည်ဟု ရေးသားဖော်ပြနေကြပြီး အမှန်တကယ်မှာ မိမိအိမ်တွင်သာနေထိုင်စေခြင်း (Stay Home) အဆင့်သာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ရှင်းပြသည်။
နေပြည်တော်တွင် ယနေ့ မနက်ပိုင်းထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၂၂ ဦးရှိခဲ့ပြီး ယခုတကြိမ် တကျော့ပြန် ပျံ့နှံ့မှုတွင် နေပြည် တော်ရှိ ဝန်ကြီးဌာနများမှ ပိုးတွေ့ရှိမှုမှာ နိုင်ငံတော်သမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး၊ သယံဇာတနှင့် သဘာ ၀ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ၁ ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ၂ ဦး စုစုပေါင်း ၄ ဦး ရှိသွားပြီ ဖြစ်သည်။
ဒေါက်တာမြတ်ဝဏ္ဏစိုးက“သူက ဒီလိုလေ ထိစပ်တဲ့သူတွေရှိတာကိုး။ ရှိတော့ကျနော်တို့က အဲဒီထိစပ်တဲ့သူတွေကို စီစစ်ပြီး တော့ အဲဒီဝန်ကြီးဌာနကနေ ကျနော်တို့ ဆေးရုံတွေကို ပို့ရပါတယ်။ ပြီးတဲ့အခါမှာ အဲဒီမှာ ကျန်တဲ့ မိသားစုတွေ ကျတော့လည်း Home Stay နေရတာပေါ့နော်”ဟု ပြောသည်။
လက်ရှိ ယဉ်ကျေးမှုဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ နေထိုင်ရာ တိုက်ခန်းအိမ်ရာများသို့ အဝင်အထွက် လမ်းများတွင် အတားအဆီး အကာအရံများ ချထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်။
Stay Home နေထိုင်ရသည့် တိုက်ခန်းများတွင် နေထိုင်သူ အမျိုးသမီးတဦးက“ကျမတို့ဒီတိုက်က ရှိတဲ့ဝန်ထမ်းတွေ ရုံး မ လာဖို့ပဲပြောထားတာ။ ဝန်ထမ်းအင်အားဘယ်လောက်ကို ရုံးမတက်နဲ့လို့တော့ မပြောထားဘူး။ ပထမတော့ ၅၀/၅၀ ပဲ ရုံး တက်ရမယ်လို့အဲလိုပဲ ကြားတာလေ။ အခုဟာက ဒီတိုက်ကလူတွေကို မလာနဲ့။ အိမ်မှာပဲနေတော့လို့ဆိုလို့ ကျမတို့ အိမ်မှာပဲ နေကြတယ်”ဟု ပြောသည်။
နေပြည်တော်တွင် ယနေ့ မနက်ပိုင်းထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၂၂ ဦးရှိခဲ့ပြီး ယခုတကြိမ် တကျော့ပြန် ပျံ့နှံ့မှုတွင် နေပြည် တော်ရှိ ဝန်ကြီးဌာနများမှ ပိုးတွေ့ရှိမှုမှာ နိုင်ငံတော်သမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး၊ သယံဇာတနှင့် သဘာ ၀ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ၁ ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ၂ ဦး စုစုပေါင်း ၄ ဦး ရှိသွားပြီ ဖြစ်သည်။
နေပြည်တော်သည် ပြည်ထောင်စုနယ်မြေဖြစ်သောကြောင့် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်ထားသည့်အပြင် ဝန်ကြီး ဌာန ရုံးလုပ်ငန်များတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာနများတွင် ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများ မလိုအပ်ဘဲ ပြင်ပခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန် အတွက် ယင်းစည်းကမ်းချက်များ ထုတ်ပြန်ထားသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏသီရိခရိုင်နှင့်ဥတ္တရသီရိခရိုင်ဟူ၍ ခရိုင် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေငြာထားခြင်း မရှိသေးပေ။
ကိုဗစ် – ၁၉ ပထမကြိမ်ပျံ့နှံဖြစ်ပွားစဉ်က နေပြည်တော်တွင် လွန်ခဲ့သော မတ်လ ၂၆ ရက်နေ့မှစတင်ကာ ကာရာအိုကေ များ၊ အနှိပ်ခန်းများဖွင့်လှစ်ခြင်းမပြုရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကို ကိုဗစ်အကာကွယ်များ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ပြန်လည်ဖွင့်လှစ်စေ ခဲ့သည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကိုထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျော့၍ လအလိုက် တဖြည်းဖြည်း သက်တမ်းတိုးမြှင့်ခြင်းများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၂၆၅ ဦး၊ သေဆုံး ၁၄ ဦးနှင့် ပြန်လည် သက် သာလာသူ ၆၂၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်ကို ပိတ်ဆို့ထားသော်လည်း ပိုးတွေ့ လူနာများ ဆက်တိုးနေ
ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း စဉ်းစားပေးပါ
တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်