ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ တိုးလာသည်နှင့်အမျှ မြို့နယ်တချို့ရှိ ရပ်ကွက်၊ လမ်း များတွင် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်လာခြင်းနှင့်အတူ လူမှုကွန်ရက်စာမျက်နှာ၌လည်း ဝေဖန်သံများ ထွက်ပေါ်လာသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ “အဲဒါတွေက ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ထားတဲ့ အလုပ်တွေပဲ။ လမ်းမကြီးတွေက လွဲပြီးတော့ လမ်းသွယ်တွေ အကုန်လုံးကို ပိတ်ရမယ်ဆိုပြီး ညွှန်ကြားထားတာ ရှိတယ်။ အဓိက အဝင်အထွက်ပေါ့” ဟု ဖြေကြားသည်။
ဆက်လက်၍ ၎င်းက “first wave တုန်းက ဆောင်ရွက်ခဲ့တဲ့ အခြေအနေ သိမယ်ထင်တယ်။ အဲဒီတုန်းက ကျနော်တို့ တောင် ညွှန်ကြားစရာ မလိုဘူး။ လမ်းတွေလမ်းတွေက သူ့ဘာသာသူ ပိတ်တာ။ အခု second wave ကျတော့ ပြည် သူတွေက မလိုက်နာတော့ဘူး။ mask (ပါးစပ်၊ နှာခေါင်းစည်း) မတပ်ဘူး။ အပြင်ထွက်တာ များတယ်။ အဲဒီလို အခြေ အနေမျိုးဆိုတော့ ဒါ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ အကုန်လုံး အရင်အတိုင်း လုပ်ဖို့ဆိုပြီး ညွှန်ကြားလိုက်တာ” ဟုလည်း ပြောသည်။
တချို့မြို့နယ်များတွင် လမ်းအသွားအလာ ပိတ်ပင်ခြင်းကို အစိုးရ၏ ညွှန်ကြားချက်ဖြင့် မဟုတ်ဘဲ ရပ်ကွက်နေ ပြည်သူ များက ပြုလုပ်နေခြင်းဖြစ်ပြီး တချို့လမ်းများတွင် နာမည်စာရင်း၊ မှတ်ပုံတင်နံပါတ်များ မေးကာ အပူချိန်တိုင်းပြီး သွားလာ ခွင့်ပေးထားကြောင်း သိရသည်။
ဝန်ကြီး ဦးနိုင်ငံလင်းကတော့ “တခုတော့ ရှိတယ်။ ကိုယ့်လမ်းသူ လမ်းသားတွေ ဝင်ထွက်လို့ မရအောင်တော့ လုပ်လို့မရ ဘူး။ အဲဒီ အနေအထားက လမ်းကိုပိတ်မယ်ဆို လူစောင့် ရှိကို ရှိရမယ်။ လမ်းလူကြီးတွေဖြစ်ဖြစ်၊ ရပ်ကွက်အုပ်ချုပ်ရေးတွေ ဖြစ်ဖြစ် လူစောင့်ရှိရမယ်။ ပြီးရင် အဝင်အထွက်ကို စိစစ်မယ်။ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်မယ်။ သွားတဲ့နေရာမှာ Stay at Home လို့ ပြည်ထောင်စုကနေ ကြေညာတဲ့မြို့တွေမှာ အဲဒီ Stay at Home နဲ့ ပါလာတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အဲဒါတွေကို လိုက်နာဖို့ ကြီးကြပ်တဲ့သဘောပဲ” ဟု ပြောဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ မြို့နယ်နှင့် စက်တင်ဘာ ၉ ရက်တွင် ၂၁ မြို့နယ် စုစုပေါင်း ၂၈ မြို့နယ်တို့အား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံး ဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြည်ပသို့ ခရီးသွားရာဇဝင် မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်ရသော ကိုဗစ်-၁၉ ဓာတ် ခွဲအတည်ပြု လူနာများအား သြဂုတ် ၂၄ တွင် စတင်တွေ့ရှိခဲ့ရာ စက်တင်ဘာ ၈ ရက်အထိ လူနာပေါင်း ၆၅၆ ဦးအထိ တွေ့ ရှိရသဖြင့် ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် ၄၄ မြို့ နယ် (ကိုကိုးကျွန်း မြို့နယ်မပါ) တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးနှင့် အရေးကြီးကိစ္စရပ်များမှအပ ရန်ကုန်တိုင်းပြင်ပသို့ ခရီးသွား ရောက်ခြင်း မပြုရန် တားမြစ်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဆိုပါ တားမြစ်ချက်သည် စက်တင်ဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့ အထိ အကျုံးဝင်ကြောင်း ဖော်ပြပါရှိသည်။
ဒေါပုံမြို့နယ်တွင် နေထိုင်သူ ၁ ဦးက “လမ်းတွေပိတ်တာက ရောဂါကူးစက်မှု ကာကွယ်ဖို့ အပြင်လူတွေ၊ ကားတွေ ဝင်လာလို့ မရအောင်လို့ ပြောပေမယ့် ကျမတို့ အတွက်က နည်းနည်း ကသိကအောက် ဖြစ်တယ်။ အပြင်ကိုထွက်ရင်၊ ဈေးကိုသွားရင် ရောဂါပိုး ကူးခံရမှာကြောက်လို့ အိမ်ထဲကနေပဲ Delivery နဲ့ ဈေးမှာတာ။ အခုက အပြင်က ဈေးဝယ်ခြင်းလာပို့တဲ့ ကားလည်း ဝင်မရတော့ အခက်အခဲ ဖြစ် တယ်” ဟု ပြောသည်။
အစိုးရက Stay at Home ကြေညာထားသည့် မြို့နယ်များတွင် ရပ်ကွက်က လမ်းများကို ပိတ်လိုက်ခြင်းမျိုး မလုပ်ဘဲ အ ပြင်မထွက်နိုင်သည့်၊ မထွက်ရဲသည့်သူများ အဆင်ပြေစေရန်အတွက် အစားအသောက် လာပို့ပေးသူများ (delivery) ကို ဝင်ထွက်ခွင့် ပြုစေချင်ကြောင်း၊ ပတ်ဝန်းကျင်တွင် လူတဦးနှင့်တဦး စိုးရိမ်မှုလွန်ကဲပြီး သံသယဖြင့် ရန်ရှာခြင်းမျိုး ဖြစ်မည် ကို စိုးရိမ်ကြောင်း၊ အစိုးရအနေဖြင့် စည်းကမ်းချက်များကို တသတ်မှတ်တည်း တိတိကျကျ ထုတ်ပြန်ပေးစေချင်ကြောင်း လည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်သူ၊ ရန်ကုန်သားများအနေဖြင့် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးတွင် စိုးရိမ်မှုမလွန်ဘဲ သက်ဆိုင်ရာက ထုတ်ပြန်ထား သည့် စည်းကမ်းချက်၊ ညွှန်ကြားချက်များအား လိုက်နာရန်၊ ရန်ကုန်တိုင်းပြင်ပသို့ မလိုအပ်ဘဲ မသွားရန် ကိုဗစ်-၁၉ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းထားသည်။
ကိုဗစ်ပြန့်ပွားမှု ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထာသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာရေးနှင့် ပတ်သက်၍ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း၌ ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက် ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၆၅ ဦး ရှိပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၁၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးခန့် အထူး ကြပ်မတ်ကုသမှု ခံယူနေရ
မန်းမြန်မာပလာဇာက ပိုးတွေ့ဝန်ထမ်းနှင့် ဆက်စပ်သူ ၁၀၀ ခန့် Quarantine ထား
COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း