ရခိုင်ပြည်နယ်၊ မင်းပြားမြို့မရဲစခန်းမှ ရဲအရာရှိ ၁ ဦးအား စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက အမည်မသိ လူ ၂ ဦးမှ သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားသည့် အတွက် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပစ်ခတ်ခံရသူမှာ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကောင်းမြတ်ထွန်း ဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က ထမင်းဆိုင် အတွင်း ရှိနေစဉ် အမည်မသိ လူ ၂ ဦးမှ လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း၊ ပါးစပ်တွင် ကျည်ဖောက်ထွက်သွားသည့် ဒဏ်ရာဖြင့် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက ဆိုသည်။
“ထမင်းဆိုင်မှာ ထမင်းဝယ်နေတဲ့ အချိန် သူ့ကို လာပစ်သွားတာ။ ထိတာကတော့ မျက်နှာပိုင်းကို ထိတယ်။ လောလောဆယ်တော့ ဆေးကုသမှု ခံယူနေပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက တရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်း ရှာဖွေမှုများ လုပ်ဆောင်နေကြောင်းလည်း ဒုရဲမှူးကြီး မောင်မောင်စိုးက ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်းမရှိသေးပေ။
နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကောင်းမြတ်ထွန်းမှာ မင်းပြားမြို့သို့ တာဝန် ကျလာသည်မှာ ၈ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ကလည်း “ ဒေသခံတွေ ပြောပြချက်အရ တော့ မနေ့က ၆ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ကျနော်လည်း အဲဒီ အချိန် မြို့နယ်အုပ်ချုပ်ရေး မှူးနဲ့ ကိုဗစ်ကိစ္စဆွေးနွေးနေတော့ ဘယ်လို ဖြစ်တယ်ဆိုတာတော့ သေချာ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော သြဂုတ်လ ၁၂ ရက် ညနေပိုင်းကလည်း ကျောက်တော်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးမှာလည်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံး သွားခဲ့သည်။
အလားတူ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်မင်းဇော်မှာ မြို့လယ်လမ်းတွင် ဓားထိုး သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ် ဆိပ်ကမ်းတွင် အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်နေစဉ် ဓားထိုး ခံရသလို စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ဆိပ်ကမ်း တာဝန်ခံ ရဲတပ်ကြပ်ကြီး မောင်လှမှာ နေအိမ်မှ ဆိုင်ကယ်ဖြင့် စခန်းသို့ သွားရောက်စဉ် ဓားထိုး လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်းမရှိသေးပေ။
You may also like these stories:
စခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရသည့် ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်
လက်သည်မပေါ်သောအမှုများနဲ့ ရခိုင်ပြည်နယ် ဥပဒေစိုးမိုးရေး
ကျောက်တော်၌ ရဲတပ်ကြပ်ကြီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး