ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုသို့ တက်ရောက် သတင်းရယူခဲ့သူ အိမ်တော် အမျိုးသမီး သတင်းထောက် ၁ ဦးထံတွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ ရှိကြောင်း သိရသည်။
ယင်းနေ့က သတင်းစာ ရှင်းလင်းပွဲကို စီစဉ်ခဲ့သူ နိုင်ငံတော်သမ္မတရုံးရှိ လက်ထောက် ညွှန်ကြားရေးမှူး ၁ ဦးထံတွင် ကိုဗစ် ရောဂါပိုးတွေ့ ရှိခဲ့ပြီးနောက် ထိုနေ့က ရှင်းလင်းပွဲသို့ လာရောက်သူ ၃၉ ဦးစလုံးကို စစ်ဆေးခဲ့ရာ ယခု အမျိုးသမီး သတင်း
ထောက်ထံတွင် ရောဂါပိုး တွေ့ ရှိရခြင်း ဖြစ်သည်။
သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“စိတ်မကောင်းစရာသတင်းပါ။ အခုလာခေါ်တဲ့တဦးကလွဲရင် ကျန်သတင်း ထောက်များအားလုံး Negative ဖြစ်ပါတယ်။ သို့သော် သတ်မှတ်စည်းကမ်းအတိုင်း Stay Home ၁၄ ရက် နေပေးပါ”ဟု အိမ်တော် သတင်းထောက်များသို့ ပြောသည်။
ကိုဗစ်ရောဂါပိုး တွေ့ ရှိထားသူ သမ္မတရုံး အရာရှိသည် ဦးဇော်ဌေး၏ လက်ထောက်ဟု ဆိုနိုင်သူ ဖြစ်၍ ဦးဇော်ဌေး ကိုယ် တိုင်လည်း ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ၂ ကြိမ် တိုင်တိုင် ဆေးစစ်ထားရပြီး အဖြေ Negative ထွက်ထားကြောင်း သိရှိရသည်။
ထို့ပြင် ယင်းသမ္မတရုံး အရာရှိ၏ ဇနီးကိုလည်း စစ်ဆေးကြည့်ရာ Posotive ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းအရာရှိ ဖြစ်သူနှင့် ဆက်စပ်ပြီး ပိုးတွေ့ ရှိသူ ၂ ဦး တိုးလာသည့် အခြေအနေဖြစ်သည်။ သို့သော် ယခု ကူးစက်မှုကို အသေးစိတ် ထပ်မံ စိစစ်ရန် ကျန်းမာရေး အရာရှိများက ကြိုးစားလျက်ရှိသည်။
သို့သော် သမ္မတအိမ်တော် ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ထမ်း စုစုပေါင်း ၅၃ ဦးကို စစ်ဆေးရာတွင် ပိုးမတွေ့အဖြေ (Negative) ထွက်ခဲ့ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုကို ၁၄ ရက် ပြည့်အောင် နေထိုင်ရမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယခုကဲ့သို့ သမ္မတအိမ်တော် သတင်းထောက် ၁ ဦးတွင် ရောဂါပိုးတွေ့ ရှိသောကြောင့် ၎င်းနှင့်ထိတွေ့သူများ၏ နောက် ကြောင်း အသေးစိတ်ကို ထပ်မံစုံစမ်းနေပြီး အနီးကပ် ထိတွေ့ ခဲ့သူများကိုလည်း ဆေးရုံတွင် ထားရှိစောင့်ကြည့်သူ (Hospital Quarantine) ထားရှိရန် စီစဉ်နေကြောင်း သိရသည်။
နေပြည်တော် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက“အခု လောလောဆယ်က တော့ အားလုံးက Stay Home ပဲ နေပေးပါ။ ပြီးတဲ့အခါကျတော့ တ ကယ်လို့ ထူးခြားတဲ့ Symptoms ရှိတယ်။ ဥပမာ ဖျား တယ်၊ တခုခုရောဂါ လက္ခဏာ တခုခု ရှိတယ်ဆိုရင် ကျနော်တို့ကို ချက်ခြင်းဆက်သွယ်ပါ။ ကျနော်တို့ အမြန်ဆုံး ဆောင် ရွက်ပေးပါ့မယ်”ဟု ပြောသည်။
လက်ရှိတွင် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက် သတင်းရယူခဲ့သူ သတင်းထောက်များကိုလည်း နေအိမ် ပြင်ပသို့ မ ထွက်ဘဲ Stay at Home ၁၄ ရက်နေထိုင်ရန် ဆက်လက် ညွှန်ကြားထားသည်။
သမ္မတရုံး ဝန်ထမ်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ နှင့် ယင်းဝန်ထမ်းတို့ အနီးကပ် ထိတွေ့မှုများ ရှိခဲ့သည့်ဆိုသည့် ဂယက်ကြောင့် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲရုံးတွင် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်မည့် သတင်းထုတ်ပြန်ရေး အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရသည်။
သမ္မတရုံးဝန်ထမ်း လက်ထောက်ညွှန်ကြားရေးမှူးတွင် ရောဂါပိုးတွေ့ရှိသော်လည်း ၎င်းမှာ နိုင်ငံတော်အကြီးအကဲများနှင့် အနီးကပ်ထိတွေ့ရသူမဟုတ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာလည်း ကျန်းမာလျက်ရှိပြီး လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်နေကြောင်း သမ္မတရုံး တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုထားသည်။
နေပြည်တော်သည် ပြည်ထောင်စုနယ်မြေဖြစ်သောကြောင့် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်ထားသည့်အပြင် ဝန်ကြီး ဌာန ရုံးလုပ်ငန်းများတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်းစနစ် ကျင့်သုံးခြင်း၊ ရုံးဌာနများတွင် ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများမလိုအပ်ဘဲ ပြင်ပခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန် အတွက် ယင်းစည်းကမ်းချက်များ ထုတ်ပြန်ထားသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏသီရိခရိုင်နှင့်ဥတ္တရသီရိခရိုင်ဟူ၍ ခရိုင် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေငြာထားခြင်း မရှိသေးပါ။
နေပြည်တော်တွင် ယနေ့မနက်ပိုင်းထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၂၄ ဦးရှိခဲ့ပြီး ယခုကာလ တကျော့ပြန်ပျံ့နှံ့မှုတွင် နေပြည် တော်ရှိ ဝန်ကြီးဌာနများမှ ပိုးတွေ့ရှိမှုမှာ နိုင်ငံတော်သမ္မတရုံးမှဝန်ထမ်း ၁ ဦး၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၁ ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ၂ ဦး စုစုပေါင်း ၄ ဦးရှိသွားပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၄၄၅ ဦး၊ သေဆုံး ၁၄ ဦးနှင့် ပြန်လည် သက်သာလာသူ ၆၂၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ အသွားအလာ ကန့်သတ်ခံထားရ
နေပြည်တော်ကို ပိတ်ဆို့ထားသော်လည်း ပိုးတွေ့ လူနာများ ဆက်တိုးနေ
ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း စဉ်းစားပေးပါ