သတင်း

 “ဝ” နှင့် မိုင်းလားကို လက်နက်စွန့်ပြီး NCA လမ်းကြောင်းရွေးရန် တပ်ချုပ်ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်တွင် UWSA နှင့် NDAA တို့နှင့်တွေ့ဆုံရာတွင် NCA လမ်းကြောင်းလျှောက်လှမ်းဖို့ ပြောခဲ့ကြောင်း တပ်မ တော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စက်တင်ဘာ ၅ ရက်မှ ၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းခရီး စဉ်အဖြစ် သွားရောက်ခဲ့ရာတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိက နံပါတ် ၁ ကတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အညီဆောင်ရွက်ဖို့ ၊ နံပါတ် ၂ ကတော့ ငါတို့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ပြီး တော့ NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းကြဖို့၊ ထာဝရငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းကြဖို့ပြောခဲ့တယ်” ဟု ပြောသည်။

ယင်းသို့ ပြောကြားမှုနှင့် ပတ်သက်၍လည်း “အကြမ်းဖျင်းပြောရရင်တော့ နှစ်ဖွဲ့လုံးက ရေရှည်မှာ ဒီလိုမျိုး ထာ ဝရ ငြိမ်းချမ်းရေးမှာ လျှောက်လှမ်းရမယ်ဆိုတာ နှစ်ဖွဲ့လုံးက သဘောပေါက်ပါတယ်။ လုပ်ဆောင်မယ်ဆိုတဲ့ဟာ မျိုးပြောခဲ့ပါတယ်” ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ကူညီခဲ့သည်ကိုသာ သိရကြောင်း “ဝ” တပ်ဖွဲ့၏ လားရှိူးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ နှစ်သုံးဆယ်ပြည့်ပွဲ စစ်ရေးပြ အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အချိန်အခါသင့်သည့်အခါ “ဝ” ဒေသသို့ လာရောက်လည်ပတ်ရန်လည်း “ဝ” တပ်ဖွဲ့ဘက်က ထပ်မံဖိတ်ကြားခဲ့သည်ဟုလည်းဆိုသည်။

“ဝ” တပ်ဖွဲ့ဦးဆောင်သည့် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ဩဂုတ်လက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့(MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ပါဝင်သည်။

အစိုးရက နေပြည်တော်တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာ ထားသည့် AA ကိုချန်လှပ်ကာ ကျန် ၆ ဖွဲ့ကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ၏ နှစ်သုံးဆယ်ပြည့်ပွဲ စစ်ရေးပြ အခမ်းအနား (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ဆိုတာ ဘယ်အဖွဲ့မှ မရှိပါဘူး။ နီးနီးကပ်ကပ်ရှိတဲ့ KNU တောင်မရှိပါဘူး။ ၂၁ ရာစု ပင်လုံမှာ ဆွေးနွေးတဲ့ လုံခြုံရေးဆိုင်ရာပေါင်းစည်းမှုပေါ့။ အဲ့ဒါပြေလည်အောင်ဖြေရှင်းနိုင်ရင်တော့ အလားအလာ ရှိပါတယ်၊ DDR , SSR ဆိုတဲ့ အသုံးအနှုန်းကနေပြီးတော့ မဖြစ်ဘူးဆိုပြီးပြောင်းကြတာပေါ့။ တပ်အသွင်ပြောင်း ရေး DDR မလုပ်ဘဲနဲ့ SSR ကလည်းဖြစ်မှာမဟုတ်ပါဘူး။ NCA ဆိုတာတောင်မှ လက်နက်ကိုင်အင်အားစုတွေရဲ့ တဝက်လောက်ပဲပါတာကိုး။ ခရီးက အတော်ဝေးပါသေးတယ်လို့ ပြောချင်တာပါ” ဟု ပြောသည်။

FPNCC အဖွဲ့ဝင် တချို့နှင့် တပ်မတော်တို့က အပစ်အရပ်စဲကြောင်း အပြန်အလှန် ကြေညာထားသော်လည်း ရခိုင် ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုတိုးလာသည့် အခြေအနေတွင် မြောက်ပိုင်းအဖွဲ့များအနေဖြင့် NCA လက်မှတ်ရေးထိုးရေးမှာ ခက်ခဲကြောင်းလည်း ၎င်းက သုံးသပ်သည်။

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် FPNCC အဖွဲ့ဝင် ရက္ခိုင့်စစ်တပ် (AA) အား တပ်မ တော်ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးအနေဖြင့် နယ်မြေရှင်းလင်းလျှက်ရှိသည်။

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် FPNCC အဖွဲ့ဝင် ရက္ခိုင့်စစ်တပ် (AA) အား တပ်မ တော်ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးအနေဖြင့် နယ်မြေရှင်းလင်းလျှက်ရှိသည်။

“တပ်မတော်က ရခိုင်မှာလုပ်နေတဲ့ တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီးတော့ AA ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲပေါ် ဆွဲမခေါ်လာနိုင်ရင် အဲ့ဒီပြဿနာမပြေလည်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်တွင် RCSS/SSA အဖွဲ့အား လွယ်တိုင်းလျှဲန်းဒေသနှင့် မိုင်းပန်တောင်ခြမ်း ဒေသ၊ SSPP/SSA အဖွဲ့အား ဝမ်ဟိုင်းဒေသတို့တွင်သာ လှုပ်ရှားခွင့်ပြုထားပြီး ကျန်နယ်မြေများတွင် နယ်ကျော် လှုပ်ရှားခွင့်ပြု၍မရကြောင်းလည်း တိုင်းစစ်ဌာနချုပ်များအား ထပ်မံသတိပေးခဲ့သည်။

ကိုးကန့်အဖွဲ့ MNDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ် စွန့် လွတ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးဆောင်ရွက်ရန် လိုကြောင်းလည်း မိုင်းလားအဖွဲ့နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။

တရားမဝင် လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများမှတဆင့် အဓိကဝင်ငွေရရှိနေသည်ကို သုံးသပ်တွေ့ရှိရပြီး ၎င်းတို့အကာအကွယ်ပေးထားသည့်အတွက် ယခုကဲ့သို့ ထုတ်လုပ်နိုင်ခြင်းဖြစ်သောကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

You may also like these stories:

“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

စစ်ပွဲကြား အပြစ်မဲ့ကလေးများ သေဆုံးနေသည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်ကူညီပေးရန် မဟာမိတ် ၃ ဖွဲ့ တောင်းဆို

 

Did you find apk for android? You can find new Free Android Games and apps.
Loading