တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များထဲတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် UWSA “ဝ” တပ်ဖွဲ့သည် ၎င်းတို့၏ ကိုယ်ပိုင် ဗိုလ်လောင်းသင်တန်း ကို စက်တင်ဘာလ ၁၁ နေ့က UWSA ထိန်းချုပ်နယ်မြေ ဖြစ်သည့် ပန်ဆန်း မြို့၊ ရောင်တိမ်းကျေးရွာ စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
သင်တန်း ဖွင့်ပွဲသို့ UWSA ရဲ့ ဥက္ကဌ ပေါက်ယူချန်း၊ စစ်ဦးစီးချုပ် ကျောက်ကျူံးတန်း၊ ပြင်ပဆက်ဆံရေး ဌာနမှူး ကျောက် ကော်အန်း၊ စစ်ဒေသအရာရှိများ၊ တပ်မဟာမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းသားဦးရေ ၁၀၀ ကျော် ရှိကြောင်း သိရ သည်။
UWSA ရဲ့ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ လာရှိုးမြို့နယ်ရုံး၏ ဆက်ဆံရေး တာဝန်ခံလည်း ဖြစ်သူ ဦးညီရမ်းက ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁ ကို စတင် ဖွင့်လှစ်ရခြင်းမှာ နောင်မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်ရန် လိုအပ်ချက် ကြောင့် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးညီရမ်းက“နောင်မျိုးဆက်သစ်တွေပေါ့နော်။ ခေတ်နဲ့အညီ စာတတ်ပေတတ်တွေပေါ့။ တကယ့်ကို မျိုးဆက်သစ်တွေ မွေး ထုတ်တဲ့ သဘောပေါ့။ ကျနော်ပြောသလို အဖွဲ့အစည်းတိုင်းမှာတော့ ဗိုလ်လောင်းသင်တန်းကျောင်းတွေ၊ စစ်သင်တန်း ကျောင်းတွေ ရှိတယ်ဆိုတာ ရှိလည်း ရှိသင့်တယ်လေ”ဟု ပြောသည်။
ယခု စတင်ဖွင့်လှစ်လိုက်သည့် ဗိုလ်လောင်းသင်တန်းမှ ခေတ်နှင့် လျော်ညီသော အတွေးအခေါ်များ နည်းပညာရပ်များ ပိုပြီး အဆင့်မြင့်တင်နိုင်ရန် “ဝ”တပ်ဖွဲ့က မျှော်လင့်လျက်ရှိပြီး ယခုသင်တန်းတွင် သင်ကြားမည့် နည်းစနစ်များ၊ သင်ကြားပေး
မည့် ဆရာများနှင့် ပတ်သက်၍မူ မရှင်းလင်းသေးပါ။
ဦးညီရမ်းက“ဒီဗိုလ်လောင်းသင်တန်းကျောင်းက ၄ နှစ်ကို တသုတ်ပေါ့နော်။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ စစ်တပ်တွေရဲ့ အတွေးအခေါ် နည်းပညာရပ်ဆိုင်ရာတွေကို ပိုမိုပြီးမှ အဆင့်မြှင့်ဖို့ လိုအပ်တာပေါ့။ ပြုပြင်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ပေါ့နော်။ နိုင်ငံရေးနဲ့ စစ်ရေးသင်တန်းကျောင်းတွေပေါ့”ဟု ပြောသည်။
ယခုလို ဗိုလ်သင်တန်းကျောင်း ဖွင့်လှစ်ရန် ပြင်ဆင်နေသည်မှာ ကြာပြီ ဖြစ်သလို ယခင်ကလည်း စစ်သင်တန်းများက ရှိပြီး ဖြစ်ကြောင်း၊ သို့သော် ယခုလို အတည်တကျ မဟုတ်ဘဲ သင်တန်းဆင်းပွဲလောက်သာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခုတကြိမ် တွင် သင်တန်းကျောင်းကြီးအဖြစ် တရားဝင် ဖွင့်လှစ်သည့် သဘောဖြစ်ကြောင်း သိရသည်။
တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ဝ တပ်ဖွဲ့ အနေဖြင့် ယခုလို ဗိုလ်သင်တန်းကျောင်း ဖွင့်လှစ် ခြင်းထက် NCA လမ်းကြောင်းကို လျှောက်လမ်းသည့်ဘက်သို့ ပိုအာရုံစိုက်သင့်ကြောင်း ပြောသည်။
“ငြိမ်းချမ်းရေးလမ်းကြောင်းတွေကို လျှောက်လှမ်းတဲ့နေရာမှာ အင်အားတိုးချဲ့တာတို့ နယ်မြေတိုးချဲ့တာတို့ မလုပ်သင့်ဘူး ဆိုတာကိုတော့ အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်။ တပ်မတော်ရဲ့ သဘောထားအမြင်ကတော့ NCA လမ်းကြောင်းကိုပဲ ဦး တည်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် လျှောက်လှမ်းဖို့၊ ပြည်ထောင်စုရဲ့ အကျိုးကိုပဲ ကြည့်ဖို့အတွက် ပြောလိုတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
UWSA “ဝ” တပ်ဖွဲ့ သည် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလက ဝ ဌာနချုပ် ပန်းဆန်းတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားတွင်လည်း လူအင်အား၊ လက်နက်အင်အားတွေကို ထုတ်ဖော်ပြသခဲ့ရာ မောင်းသူမဲ့ လေယာဉ်များ၊ လေ ယာဉ်ပစ် အမြောက်ကြီးများ၊ လက်ဖြောင့် သေနတ်သမားများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုန်းများ၊ တပ်သားအင်အား ထောင်နဲ့ချီ၍ ပါဝင်ခဲ့သည်။
သို့သော် ထိုကဲ့သို့ အခမ်းအနားများသည့် စင်ပြိုင် အစိုးရပုံစံ ပေါက်နေသည့်အတွက် တပ်မတော်အနေဖြင့် တော်တော် လေး သည်းခံနေရကြောင်း တပ်မတော် တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲများတွင် ထုတ်ဖော် ပြောဆိုဖူးသည်။
နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ ဝ တပ်ဖွဲ့ အနေဖြင့် နောင်မျိုးဆက်များကို စနစ်တကျ မွေးထုတ်ရန် လိုအပ်ချက်ကြောင့် ယခုလို ဗိုလ်သင်တန်းကျောင်းမျိုး လိုအပ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ဗိုလ်သင်တန်းအနေနဲ့က ထူးထူးခြားခြား ဖြစ်လာတာမျိုးနဲ့ တူပါတယ်။ နာမည်ထွက်လာတာပေါ့။ စစ်သင်တန်းကတော့ စစ်တပ်တွေမှာ ပုံမှန်ရှိပါတယ်။ ဘယ်တပ်မဆိုပေါ့။ KIA တို့ TNLA တို့မှာ ဗိုလ်သင်တန်းရှိနေတဲ့အချိန်မှာ သူတို့လည်း သူတို့တပ်မှူးတွေနဲ့ ပတ်သက်ပြီး အဆင့်ဆင့်ပေါ့။ အောက်ခြေကနေ စနစ်တကျ မွေးမြူဖို့ ကြိုးစားတယ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မင်းဇော်ဦးကလည်း တပ်မတော် ထောက်လှမ်းရေး ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အစိုးရနဲ့ “ဝ” ဒေသ ခေါင်းဆောင်များကြားတွင် ဆက်ဆံ ရေး မကောင်းတော့ဟု ပြောသည်။
ဒေါက်တာ မင်းဇော်ဦးက“ဆွေးနွေးမှု လမ်းကြောင်း မရှိတာကလည်း ပြဿနာပေါ့။ FPNCC တို့ဘာတို့ ဖြစ်လာပြီးတော့ အ ဖွဲ့ တွေအားလုံးပါမှ ဆွေးနွေးမယ်ဆိုတာကလည်း တကယ်တန်းကျတော့ ဘယ်သူ့ရဲ့ အကျိုးစီးပွားကိုမှ ရစေတာ မဟုတ် ဘူး။ မြန်မာပြည်ရဲ့ တောက်လျှောက်ဆွေးနွေးလာခဲ့တဲ့ ပုံစံတွေက Bilateral ပဲ သွားခဲ့တာကိုး။ တကယ်တန်းကျတော့ FPNCC ဆိုတာ ဟန်ပြလောက်ပဲ ရှိပါတယ်။ ဝ နဲ့ အစိုးရနဲ့က တိုက်ရိုက်ဆွေးနွေးရမှာ”ဟု ပြောသည်။
UWSA “ဝ” တပ်ဖွဲ့ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့ တခု ဖြစ်ပြီး တပ်သား အင်အား ၃၀၀၀၀ ကျော် ရှိကြောင်း စစ်ရေး အကဲခတ်များက ခန့်မှန်းကြသည်။
ဝ ဒေသ ဌာနချုပ်ကို ပန်ဆန်းမြို့တွင် ဖွင့်လှစ်ထားပြီး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ထဲတွင် ပါဝင်သည့် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့နယ်များကို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေး ထားသည်။
UWSA “ဝ” တပ်ဖွဲ့က ၎င်းတို့ကို ပြည်နယ် အဆင့်ပေးရန် အမြဲတောင်းဆိုလေ့ ရှိသော်လည်း ၎င်းတို့သည် ကိုယ်ပိုင် အုပ် ချုပ်ရေး ပုံစံအထိ ရရှိနေပြီး တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်သဖြင့် ယင်းအချက်မှာလည်း အမြဲ ဝေဖန်မှုများ ခံနေရသည့် အချက်တခု ဖြစ်သည်။
You may also like these stories:
“ဝ” နှင့် မိုင်းလားကို လက်နက်စွန့်ပြီး NCA လမ်းကြောင်းရွေးရန် တပ်ချုပ်ပြော
စစ်နှင့် ကိုဗစ်ကြောင့် ပလက်ဝ၌ ကိုယ်စားလှယ်များ စည်းရုံးရေးဆင်းရန် ခက်နေ
ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပညာရေးမူဝါဒ ဖြစ်သင့်တယ်