သတင်း

နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၄၀ ကျော် ရှိနေပြီး ယင်း ကူးစက်ခံရမှု၏ ထက်ဝက်ခန့်မှာ အစိုးရ ဝန် ကြီးဌာနများမှ ဝန်ထမ်းနှင့်မိသားစုဝင်များ ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှုတွင် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန် ကြီးဌာနကဲ့သို့ နိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန် ကြီးဌာနမှ ဝန်ထမ်း တချို့လည်း ကူးစက်မှုခံရမှုများ ရှိနေသည်။

နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက “တဝက် လောက် ပါတယ်ဗျ၊ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုပေါ့လေ။ အဲဒါတွေ တော်တော်များများကလည်း Quarantine ကနေပဲ Positive ဖြစ်တာ များပါတယ်။ ကွင်းဆက်တွေပေါ့နော်၊ ၁ ယောက်က Positive ဖြစ်လို့ သူနဲ့ Contact တွေကနေ ဖြစ်တာ အဲဒီလိုက ပိုများတယ်”ဟု ပြောသည်။

“တဝက် လောက် ပါတယ်ဗျ၊ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုပေါ့လေ။ အဲဒါတွေ တော်တော်များများကလည်း Quarantine ကနေပဲ Positive ဖြစ်တာ များပါတယ်။ ကွင်းဆက်တွေပေါ့နော်၊ ၁ ယောက်က Positive ဖြစ်လို့ သူနဲ့ Contact တွေကနေ ဖြစ်တာ အဲဒီလိုက ပိုများတယ်”

ထိုသို့ ကူးစက်ခံရမှုများ ရှိသောကြောင့် ယင်းဝန်ကြီးဌာန တချို့ရှိ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရာ တိုက်ခန်း အိမ်ရာတချို့ကိုလည်း အသွားအလာ ကန့်သတ်ကာ မိမိအိမ်တွင် နေထိုင်ခြင်း Stay at Home အစီအစဉ်များကိုလည်း ပြုလုပ်ထားပြီး တိုက်ရိုက် ထိတွေ့သူများကိုလည်း ဆေးရုံတွင် ထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) အဖြစ် စောင့်ကြည့်နေရသည်။

ထို့ပြင် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ နေပြည်တော် ဆေးရုံတရုံတွင် တာဝန်ထမ်းဆောင်နေသော မေ့ဆေးဆရာဝန်ကြီး၊ အထူးကုဆရာဝန်ကြီးနှင့် ဓာတ်ခွဲနည်းပညာရှင် တို့လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရမှုများ ရှိသလို ၎င်းတို့နှင့် ထိစပ်ခဲ့သည် ဆရာဝန်၊သူနာပြု စသဖြင့် ကျန်းမာရေးဝန်ထမ်းတချို့လည်း အသွားအလာ ကန့်သတ် စောင့်ကြည့်ခံကြောင်း သိရသည်။

အစိုးရ ဝန်ကြီးဌာနရုံးများမှ ရောဂါပိုး တွေ့ရှိမှုများတွင် နိုင်ငံတော် သမ္မတရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးတဦးလည်း ပါဝင်ခဲ့ပြီး ၎င်းနှင့် ထိစပ်သူများကို စစ်ဆေးရာတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်၏ ကိုယ်ရေးအရာ ရှိမှာ Positive အဖြေထွက်ခဲ့ပြီး ဒုဝန်ကြီးမှာ Negative အဖြေထွက်ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိ ဦးဇော်ဌေး က ယနေ့တွင် သတင်းထောက်များကို ပြောသည်။

ဦးဇော်ဌေးက “ဦးခင်မောင်တင်၏ PSO(ကိုယ်ရေးအရာရှိ)မှာ Positive ဖြစ်ပါတယ်။ ဒုဝန်ကြီးနှင့် PSO  တရက်တည်း စစ်ဆေးခြင်း ဖြစ်ပါတယ်။ အခု ဒုဝန်ကြီးမှာ Hotel Quarantine ဝင်နေပါတယ်။ ရက်ပိုင်းအတွင်း ထပ်စစ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး၊ ဒု သမ္မတ-၁ ရုံးတို့တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းများ ရှိခဲ့ကြောင်း သိရသည်။

ကျနော်တို့ နေပြည်တော်ကတော့ တနိုင်ငံလုံးနဲ့ ဆက်စပ်ပြီး အလုပ် လုပ်ရတဲ့ဌာနတွေ ရှိတဲ့ အတွက် ကူးလူး ဆက်ဆံမှုတွေများတာပေါ့နော်။ တခြားဒေသက တခြားပြည်နယ်တိုင်းကနေပြီးတော့ ရောဂါရှိတဲ့သူတွေ လာတာ၊ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မိတာ

တကျော့ပြန် ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် နေပြည်တော်ကို စက်တင်ဘာ ၂ ရက်ကတည်းက အဝင် အထွက်များ တင်းကြပ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ပိုးတွေ့လူနာများ နေ့စဉ် ဆိုသလို ထပ်တိုးလျက်ရှိသည်။

ယခုကဲ့သို့ ကူးစက်ခံရသူများ ထပ်တိုးနေရခြင်းမှာ နေပြည်တော်သည် တနိုင်ငံလုံးနှင့် ဆက်စပ် အလုပ်လုပ်ရသည့် ရုံးဌာန များ ရှိသည့်အပြင် အသွားအလာ အဝင်အထွက်များသောကြောင့် ကူးစက်မှုများလာခြင်း ဖြစ်နိုင်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက သုံးသပ်သည်။

ဒေါက်တာ မြတ်ဝဏ္ဏစိုးက“ကျနော်တို့ နေပြည်တော်ကတော့ တနိုင်ငံလုံးနဲ့ ဆက်စပ်ပြီး အလုပ် လုပ်ရတဲ့ဌာနတွေ ရှိတဲ့ အတွက် ကူးလူး ဆက်ဆံမှုတွေများတာပေါ့နော်။ တခြားဒေသက တခြားပြည်နယ်တိုင်းကနေပြီးတော့ ရောဂါရှိတဲ့သူတွေ လာတာ၊ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မိတာ” ဟု ပြောသည်။

နေပြည်တော်သည် ပြည်ထောင်စု နယ်မြေ ဖြစ်သောကြောင့် အဝင်အထွက် ကန့်သတ်မှုများ ပြုလုပ်ထားသည့်အပြင် ဝန် ကြီးဌာန ရုံးလုပ်ငန်များတွင်လည်း လူအများ စုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာနများ တွင် ဧည့်သည် တွေ့ဆုံခြင်း မပြုရန်၊ ဝန်ထမ်းများ မလိုအပ်ဘဲ ပြင်ပ ခရီးများ မသွားရန် စသဖြင့် ရောဂါပိုး ပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန်အတွက် ယင်းစည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏသီရိခရိုင်နှင့်ဥတ္တရသီရိခရိုင်ဟူ၍ ခရိုင် ၂ ခု တို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ အခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေညာထားခြင်း မရှိ သေးပါ။

လက်ရှိနေပြည်တော်တွင် ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း ၄၀ ကျော် ရှိလာပြီ ဖြစ်သည်။

ကိုဗစ်-၁၉ ပထမလှိုင်း ဖြစ်ပွားစဉ်က နေပြည်တော်တွင် ကာရာအိုကေများ၊ အနှိပ်ခန်းများ ဖွင့်လှစ်ခြင်း မပြုရန် စားသောက် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကို ကိုဗစ် အကာကွယ်များ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ပြန်လည် ဖွင့်လှစ်စေခဲ့သည်။

ထိုစဉ်က နိုင်ငံခြားမှပြန်လာသော ဆွစ်ဇာလန် နိုင်ငံသူတဦးမှာ နေပြည်တော်အတွက် ပထဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော် အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံခြားမှ ပြန်လာသော တပ်မတော်သား များထဲမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ အချို့လည်း ထွက်ပေါ်ခဲ့သည်။

ယခု ဒုတိယလှိုင်း ဖြစ်နေစဉ် မြို့အဝင်အထွက်များကို ကန့်သတ်ထားသော်လည်း လူများ စည်ကားလေ့ရှိသော လက်ဖက် ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းနှင့် အညီ ဖွင့်လှစ်ထားစေပြီး ယနေ့အချိန်ထိ ပါ ဆယ် စနစ်ကို မကျင့်သုံးသေးပါ။

လက်ရှိနေပြည်တော်တွင် ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း ၄၀ ကျော် ရှိလာပြီ ဖြစ်သည်။

အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမာ္ဘ့ကျန်းမာ ရေးအဖွဲ့ (WHO) က၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။

ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကို ထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျော့၍ လအလိုက် တဖြည်းဖြည်း သက်တမ်း တိုးမြှင့်ခြင်းများပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၀၁၅ ဦး၊ သေဆုံး၂၆ ဦးနှင့် ပြန် လည် သက်သာလာသူ ၆၉၉ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

သမ္မတအိမ်တော်တွင် သတင်းယူခဲ့သူ အမျိုးသမီး သတင်းထောက်တဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ အသွားအလာ ကန့်သတ်ခံထားရ

Did you find apk for android? You can find new Free Android Games and apps.
Loading