ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်း၊ သဲဖြူချောင်းဂိတ်တွင် ကျပ်ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ ICE နှင့် ဘိန်းဖြူများ ဖမ်းမိမှု ကွင်းဆက်အနေဖြင့် ဘုရားသုံးဆူမြို့တွင် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ထပ်မံဖမ်းမိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း၊ သက္ကောရွာအနီးတွင် စက်တင်ဘာ ၁၁ ရက်နေ့က ယာဉ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကားဘီးများ ထိမှန်ကာ ရပ်တန့်သွားပြီး ယာဉ်ပေါ်မှ ခန့်ဇော် ကို၊ ရဲထက်လွင်နှင့် ညီမွန်ဦးတို့ ၃ ဦးအား တန်ဖိုးကျပ် ၃၈၄၂ သိန်းခန့်တန်ဖိုးရှိ ICE ၉ ကီလို၊ စိတ်ကြွဆေးပြား ၄၈၄၀ ပြားနှင့်အတူ ဖမ်းမိခဲ့သည်။
၎င်းတို့အနေဖြင့် မူးယစ်ဆေးများအား ဘုရားသုံးဆူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရတနာသိင်္ခလမ်းနေ အေးဝင်းနိုင်(ခ) ဝတုတ် ထံမှ ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည့်အတွက် အေးဝင်းနိုင်အိမ်အားရှာဖွေရာ မြေအောက်ခန်းမှ ကျပ် ၁၀ ဘီလီ ယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၄၃,၄၀၀ ပြား၊ ဘိန်းဖြူ ၁၀၈.၁၅ ကီ လိုခန့်၊ ကတ်တမင်း ၁ ကီလို၊ စိတ်ကြွဆေးပြား အကြေမှုန့် ဝ.၄၅ ကီလို တို့အား ထပ်မံဖမ်းမိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား ထပ်မံစစ်ဆေးချက်အရ ဩဂုတ်လ ၁၉ ရက်နေ့က မြဝတီ-ဝေါလေကားလမ်း၊ သဲဖြူချောင်းဂိတ်တွင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့က ဖမ်းမိသည့် ICE ၁၅၉၈ ကီလို၊ ဘိန်းဖြူ ၁၃၇.၆၅၅ ကီလိုအမှုနှင့် မော်လ မြိုင်မြို့တွင် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၅၈,၀၀၀ ပြား အမှုတို့မှ မူးယစ်ဆေးပိုင်ရှင်ဖြစ်သူ အောင်ကျော်လတ်(ခ) မောင်လတ်က ထိုင်းဘတ်ငွေ ၁၃၀,၀၀၀ ပေး၍ နေအိမ်တွင် သိမ်းဆည်းခိုင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “အမှုကွင်းဆက်တွေမိတာ မနက်က အစည်းအဝေးမှာ တင်ပြလို့ သိရတယ်၊ ထိုင်းနိုင်ငံက မိတာလည်း ကွင်းဆက်ရှိတယ်၊ ဒီဘက်မှာ မိတာလည်း ကွင်းဆက်ပဲ၊ ကွင်းဆက် အကုန်လုံး ကိုတော့ မသိရဘူး။ ဆက်လက်ဖော်ထုတ်နေတာရှိပါတယ်၊ ဒါတွေက ဒီဘက်မှာရှိတဲ့ အဖွဲ့တွေနဲ့ တိုက်ရိုက်တော့ မဟုတ်ဘူး၊ တဦးချင်းပုဂ္ဂိုလ်ရေးအရ သွယ်ဝိုက်ဆက်စပ်တာတွေ ရှိနိုင်ပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကွင်းဆက်က ထပ်ပြီးရှိနိုင်ပါတယ်။ အပြင်က မူးယစ်ဆေးဂိုဏ်းနဲ့ ပတ်သက်နေတဲ့ တယောက်၊ တိုက်ရိုက်တော့ မဟုတ်ဘူး။ နည်းနည်းတော့ရှုပ်တယ်။ လုံခြုံရေးချိုးဖောက်မှုတွေ အနည်းနဲ့အများရှိလာတယ်။ တိုက်ရိုက် မဟုတ်ဘဲ သွယ်ဝိုက်တဲ့ ဆက်စပ်မှုတွေရှိနိုင်တယ်။ အဖွဲ့အစည်းနာမည်ခံပြီးတော့ အောက်က လူပုဂ္ဂိုလ်အနေနဲ့ ပတ် သက်မှုတွေ ရှိနိုင်တယ်။ အဖွဲ့အစည်းတွေဘက်ကတော့ ပူးပေါင်းပါဝင်ပြီး ဖမ်းမိတာတွေ အများကြီးရှိပါတယ်” ဟု ရှင်းပြသည်။
အဓိကတော့ အဲဒီဘက်တွေမှာ လုပ်နေတဲ့အဖွဲ့တွေသည် အကာအကွယ်မပေးဘူး ဆိုရင် လုပ်လို့တော့ မရပါဘူး။ DKBA နယ်မြေမှာ လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကာအကွယ်မရရှိဘူးဆိုရင် လုပ်လို့မရတာ များပါတယ်။ ဘယ်လို အကာအကွယ်ပေးနေတုန်းဆိုတော့ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုးရှိတယ်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ကလည်း မြဝတီ-ဝေါလေလမ်းအတိုင်း DKBA ထိန်းချုပ်ရာ ဆုံဆည်းမြိုင်ဘက်သို့ သွားရောက်မည့် ကားတစီးပေါ်မှ ကျပ် ၉.၇၇၅ ဘီလီယံခန့်တန်ဖိုးရှိ ICE မူးယစ်ဆေး ၃၉၁ ကီလိုအား ဘလက်ဒို ရွာအနီးတွင် ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသို့ မြဝတီမြို့နယ်အတွင်း ကျပ်ဘီလီယံ ၁၀၀ ကျော် မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် ဩဂုတ် ၂၉ ရက်နေ့တွင် မြဝတီ-ကော့ကရိတ်လမ်းဟောင်းရှိ ဆက်သွယ်ရေးတာဝါတိုင်စောင့်နေသည့် တပ်မတော်သား ၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့အား သွားရောက်ကြည့်ရှုသည့် တပ်မတော်သားအချို့လည်း သေဆုံးသူအောက်တွင် ထောင်ထားခဲ့သည့် မိုင်းပေါက် ကွဲမှုကြောင့် ထပ်မံသေဆုံးခဲ့သည်။
ယင်းဖြစ်ရပ်သည် မူးယစ်ဆေးဝါးဖမ်းမိမှုများနှင့် ဆက်စပ်နေကြောင်း တပ်မတော်က ထုတ်ဖော်ပြောကြားခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့တွင် ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက် အဖွဲ့နှင့် တပ်မတော်အကြား ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ်စောကျော်သက် သည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ထုတ်ပယ်ခံထားရသူဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဓိကတော့ အဲဒီဘက်တွေမှာ လုပ်နေတဲ့အဖွဲ့တွေသည် အကာအကွယ်မပေးဘူး ဆိုရင် လုပ်လို့တော့ မရပါဘူး။ DKBA နယ်မြေမှာ လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကာအကွယ်မရရှိဘူးဆိုရင် လုပ်လို့မရတာ များပါတယ်။ ဘယ်လို အကာအကွယ်ပေးနေတုန်းဆိုတော့ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုးရှိတယ်။ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ဟာမျိုး ရှိလို့လည်း အဲဒီမှာရှိတဲ့ တပ်မှူးအဆင့် ၁ ယောက်ကို ရဲကဆင့်ခေါ်တဲ့ဟာမျိုးအထိ ရှိခဲ့တယ်။ တချို့ကကျတော့ သွယ်ဝိုက်ပြီး အကူအညီပေးနေတဲ့ ဟာမျိုးတွေရှိပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ် လွိုင်လင်နှင့် အောင်ပန်းမြို့နယ်တို့တွင် ကျပ် ၇၈.၇၂၅ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေး ၃၁၄၉ ကီလို ဖမ်းမိမှုနှင့် ပတ်သက်ပြီး ဘုရားသုံးဆူ ဒေသအခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA) တပ်ရင်း ၉၀၃၊ တပ်ရင်းမှူးစောအေဝမ်းအား ပါဝင်ပတ်သက်ကြောင်း သံသယဖြင့် ရဲထံလာရောက် အစစ်ဆေးခံရန် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက DKBA အဖွဲ့ထံ ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် စာဖြင့် အကြောင်းကြားခဲ့သေးသည်။
၎င်းမူးယစ်ဆေးမှုတွင် စောအေဝမ်းအနေဖြင့် တိုက်ရိုက် ပါဝင်ပတ်သက်သည့် အထောက်အထားမတွေ့ရသေးဘဲ ဖမ်းမိ တရားခံများထဲမှ စောမြစောဆိုသူမှာ စောအေဝမ်း၏ နေအိမ်တွင် နေထိုင်တည်းခိုခဲ့ဖူးသည့် ထွက်ဆိုချက်သာ ရှိထား သေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။
ဦးဇော်ဌေးက “(စောအေဝမ်း) စစ်မေးဖို့ဆိုတာ ပြည်နယ်အစိုးရကလည်း DKBA ကိုပြောထားတယ်၊ တပ်မတော် ဘက်ကလည်း ရတခ ကလည်း ပြောထားတာရှိတယ်။ အဲဒီအပေါ်မှာ နည်းနည်းလေး နားလည်မှုလွဲနေတာ ထင်တယ်။ နားလည်မှုလွဲနေတယ်ဆိုတာက စောအေဝမ်းရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လောက်အထိ အတိုင်းအတာ ရှိမလဲ သိရင်လဲသိမယ်။ မသိရင်လည်းမသိဘူး၊ အဲဒီအပေါ်မှာ စိုးရိမ်တာရှိကောင်းရှိမယ်။ ရဲတပ်ဖွဲ့ကို မေးမြန်းချက်အရတော့ တိုက်ရိုက်ပါဝင် ပတ်သက်တာမဟုတ်ဘူး။ သာမန်မေးရိုးမေးစဉ် ဖြစ်စဉ်ပဲလို့သိရပါတယ်”ဟု ပြောထားသည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်း တပ်မတော်လက်အောက်ရှိ ကရင်နယ်ခြားစောင့်တပ်(BGF) အပါအ ဝင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များစွာ လှုပ်ရှားလျှက်ရှိပြီး ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု များမှာလည်း မြင့်တက်လာလျှက်ရှိသည်။
You may also like these stories:
ဘုရားသုံးဆူဘက်မှ သယ်လာသည့် မူးယစ်ဆေးများ ထိုင်း၌ ဖမ်းမိ
ပြည်ပပို့မည့် ICE မူးယစ်ဆေးများ မြန်မာကမ်းခြေ ၂ ခုတွင် ဖမ်းမိ
ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော