Music Zone KTV စားသောက်ဆိုင် ပိုင်ရှင်အား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ်ကာ အမှုဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။
တရားလိုပြုလုပ်မည့် ဇဝနရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးလှသန်းက“အမှုက ခုမှ စီစဉ်တုန်းရှိသေးတယ်။ ကျနော်တို့ မြို့နယ် မှာလည်း ပိုးတွေ့တဲ့လူနာများနေတော့ စီစဉ်ပေးနေရတာနဲ့ အဲဒီကိစ္စက ကျနော်တို့ လုပ်မှာပါ။ ကိုဗစ် ဥပဒေနဲ့တော့ အရေးယူရမှာပေါ့။ အမှုက ဖွင့်မှာပါ”ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်ရှိ KTV နှင့် စားသောက်ဆိုင် တွဲဖွင့်ထားသည့် Music Zone မှ ဆိုင်ပိုင်ရှင်သည် ကိုဗစ်ကာလ အတွင်း ယခင်စားပွဲဝိုင်း ၁၀၀ ရှိရာမှ ၃၀ ဝိုင်းသာ ထားမည်ဖြစ်ကြောင်း၊ ကိုဗစ် စည်းကမ်းချက်များကိုလည်း လိုက်နာပါမည်ဟု ပြောဆိုထားသော်လည်း ဆိုင်ကို သွားရောက် စစ်ဆေးရာတွင် စားပွဲဝိုင်း ၃၀ အတွက် ဝန်ထမ်း ၁၁၉ ဦး ခန့်ထားခြင်းကို တွေ့ရှိခဲ့ရကြောင်း မြို့နယ်ကိုဗစ် ကော်မတီ နာယက ၁ ဦးဖြစ် သည့် တိုင်း(၂)လွှတ်တော်အမတ် ဦးမောင်မောင်ဦးက ပြောပြသည်။
ထိုဆိုင်သည် ရှိသင့်သည့် ဝန်ထမ်းထက် ပိုမိုများပြားစွာ ထားရှိသလို စက်တင်ဘာလ ၃ ရက်က လူနာအမှတ် ၇၄၁ နှင့် ထိတွေ့ခဲ့သည့် Music Zone မှ ဝန်ထမ်း အမျိုးသမီး ၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်အထိ အဆိုပါပိုးတွေ့လူနာမှတဆင့် ကူးစက် ခံရသူ ၉၂ ဦး ရှိလာခဲ့သည်ဟုလည်း ၎င်းက ရှင်းပြသည်။
ဦးမောင်မောင်ဦးက“ဒီနေ့ အမှုစဖွင့်ပြီလို့ ပြောလို့ မရသေးပေမယ့် အမှုဖွင့်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောလို့ ရပါတယ်။ အခု ကိုဗစ် ၁၉ ကော်မတီက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မလိုက်နာရင် သဘာဝ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကိစ္စရပ်များ အတွက် တရားစွဲဖို့ စီစဉ်ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဆိုင်ပိုင်ရှင် ၁ ဦးတည်းကိုသာ တရားစွဲဆိုရန် ဦးတည်ထားပြီး ဝန်ထမ်းများကိုမူ ဥပဒေအရာရှိ၏ သဘောထား မှတ်ချက် အပေါ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းက“ဒီရပ်ကွက်မှာရှိတဲ့ လူအများက ဒီမှာ လူတွေ အများကြီး တရုန်းရုန်းနဲ့ဆိုတဲ့ တိုင်ကြားမှုအပေါ်မှာ မြို့နယ် ကိုဗစ် ကော်မတီက ရှောင်တခင် စစ်ဆေးတဲ့အခါမှာ ဧည့်သည် မတွေ့ရပေမယ့် ဆိုင်ဝန်ထမ်း ဘာကြောင့် ဒီလောက် အမြောက် အများ တွေ့ခဲ့တယ်။ နောက် ဆိုင်ဝန်ထမ်း ၁၁၉ ယောက်မှာ ၉၂ ယောက် ကိုဗစ်ပိုးတွေ့တဲ့ အပေါ်မှာ အရေးယူ ဆောင်ရွက် ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။
ဝန်ထမ်း ကျား ၇၅ ဦး နှင့် မ ၄၄ ဦးရှိသည့် အဆိုပါ Music Zone ဆိုင်ပိုင်ရှင်သည် အငြိမ်းစားအရာရှိ ၁ ဦး၏ ဆိုင်ဖြစ် သည်ဟု စွပ်စွဲပြောဆိုနေကြသော်လည်း သက်ဆိုင်ရာကမူ ဆိုင်ရှင်၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အဆိုပါ အဆောက်အဦး၏ မြေဂရံအမည်ပေါက်က ဦးကျော်မင်း ဆိုသူ ဖြစ်ကြောင်း ပြောပြသည်။
ကိုဗစ်ရောဂါကူးစက်ရန် လွယ်သည့် တိုင်းနှင့် ပြည်နယ်များရှိ KTV၊ Bar ၊ Club များကို ဖွင့်ခွင့်မပြုသေးကြောင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သြဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက် နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် အမိန့်များထုတ်ပြန်ကာ တားမြစ်ထားခြင်း ဖြစ်သည်။
နေအိမ်တွင် နေထိုင်ရန်(Stay at Home) အစီအစဉ်တွင် အကျုံးဝင်သည့် သင်္ယန်းကျွန်းမြို့နယ်တွင် စက်တင်ဘာလ ၁၄ ရက်၊ ညနေပိုင်းအထိ ပိုးတွေ့ အတည်ပြုလူနာ ဦးရေ ၂၀၀ ကျော်ရှိနေပြီး သံသယလူနာ ၆၅ ဦးရှိကြောင်း၊ ပိုးတွေ့လူနာ များပြားလာသလို သွားလာခွင့်ကန့်သတ်ခံရသူလည်း များပြားလာသော်လည်း ၎င်းတို့ စားသောက်ရေးကိစ္စများ အခက်အခဲ မရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၀၁၅ ဦးရှိနေပြီး သေဆုံးသူ ၂၆ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်လမ်းတွေ ပိတ်ဆို့တဲ့အပေါ် တိုင်းလူမှုရေးဝန်ကြီး ဘာပြောလဲ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ အသွားအလာ ကန့်သတ်ခံထားရ
သင်္ဃန်းကျွန်း ထပ်တိုး ကိုဗစ်လူနာ ၇၂ ဦးမှာ Music Zone က ဖြစ်