ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးမှ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ ကိုရိုနာဗိုင်း ရပ်ရောဂါ ပျောက်ကင်း သူ စုစုပေါင်း လူ ၂၁၄ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိသွားပြီဖြစ်ကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။
ဒေါက်တာဇော်လွင်က “ရောဂါပျောက်ကင်းသူ ဒီနေ့ ဆေးရုံက ၃၈ ဦးဆင်းပါတယ်။ အားလုံးပေါင်းဆိုရင် ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံက ဆင်းခွင့် ရရှိသူ စုစုပေါင်း ၂၀၀ ကျော် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိရခိုင်တွင် ဖြစ်ပွားနေသော ကိုဗစ်ရောဂါမှာ ကူးစက်မှုပြန်ဆန်သော်လည်း ပိုးတွေ့လူနာအများစုမှာ ကျန်းမာရေး ကောင်းမွန် ကြောင်း ၊ သို့သော်လည်း ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ညနေပိုင်းတွင် နဂို အခံရောဂါရှိသော ကိုဗစ်လူနာ သက်ကြီးပိုင်း ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော် လွင်က ပြောသည်။
၎င်းက “မနေ့က ၇၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးတယ်။ သူကတော့ ဖျားတဲ့အခါ ဆေးရုံမှာ ကုသဖို့ ရောက်လာတဲ့အခါ ဆေးစစ်လိုက်တာ ပိုးတွေ့တာပေါ့။ နဂိုလည်း သွေးတိုး၊ နှလုံးနဲ့ လေဖြတ်ရောဂါတွေ ရှိတယ်။ ရောဂါအခံလည်း ရှိတယ်။ အသက်ကြီးပိုင်းလည်း ဖြစ်တယ်ဆိုတော့ သူကတော့ ကုသရင်းနဲ့ ဆုံးသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အသက် ၇၅ နှစ်အရွယ်အမျိုးသားသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆေးရုံတက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၃၉၆ ဦးရှိရာ ဆေးရုံဆင်းသွားသူ ၂၁၄ ဦး ၊ သေဆုံးသူ ၁ ဦး နှင့် ဆေးကုသမှုခံယူနေသူ ၁၈၁ ဦး ရှိကြောင်းလည်း စစ်တွေဆေးရုံကြီးမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအများစု၏ ထူးခြားချက်မှာ ပုံမှန်ဖြစ်သည့် ဖျားခြင်း၊ နားစေးခြင်း၊ လည်ချောင်းနာခြင်းစသည့် ရောဂါလက္ခဏာထက် နှာခေါင်း အနံ့မရသူ အများစုပါဝင် နေသော်လည်း အားသာချက်အနေဖြင့် အသက်ရှု လမ်းကြောင်းမွန်းကြပ်ပြီး အရေးပေါ် တင်ရသည့် အခြေအနေ မရှိသလောက် နည်းပါးကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တနေ့တခြား များပြားလာသည့် အခြေ အနေကြောင့် အစိုးရမှ ပြည်နယ်တခုလုံးအား Stay at Home နေထိုင်ရန် သတ်မှတ် ထားပြီး ပိုးတွေ့လူနာ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းတချိ့ုကို Lockdown ချထားကာ စစ်တွေမြို့ ကိုလည်း သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ညနေ ၉ နာရီမှ နံနက် ၄ နာ ရီအထိ ညမထွက်ရ အမိန့် ၁၄၄ ထုတ် ထုတ်ပြန်ကြေငြာ ထားသည်။
You may also like these stories:
ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်
Music Zone ဆိုင်ရှင်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ရန် စီစဉ်
နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ