ရောဂါလက္ခဏာ ပြင်းထန်ခြင်းမရှိ၊ မစိုးရိမ်ရသည့် ကိုဗစ်လူနာများကို ယာယီဆေးရုံများ ဖန်တီးပြီး ပြောင်းရွှေ့ကုသမှုများ စတင်နေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထံမှ သိရသည်။
ရောဂါလက္ခဏာ မပြင်းထန်သူများ၊ သာမန်လက္ခဏာသာ ရှိသူများ၊ အသက်ငယ်ရွယ်သူများ၊ နောက်ခံရောဂါမရှိ သည့်သူများစသည့် စိုးရိမ်ရသည့် အခြေအနေမရှိသူများကို ယာယီဆေးရုံများသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီး က “ဒါက Category ခွဲလိုက်တာပါ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် သေချာဂရုစိုက်ရမယ့်သူတွေကို ပိုဂရုစိုက်ဖို့ ရည်ရွယ်သလို။ ရောဂါသိပ်မဆိုးတဲ့သူတွေ၊ ရောဂါလက္ခဏာ မရှိတဲ့သူတွေကိုလည်း သီးခြား ထားရှိခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ချွေတာရာ ရောက်ပါတယ်” ဟု ပြောသည်။
လက်တလောတွင် လှည်းကူးမြို့နယ် ဖောင်ကြီးဆေးရုံမှ လူနာများထဲမှ ပြောင်းရွှေ့ရန်လိုအပ်သည့် အုပ်စုများကို ဒဂုံဆိပ်ကမ်းတွင် ရှိသည့် ရိုးမရိပ်သာ အိမ်ရာတွင် ယာယီဆေးရုံထားရှိပြီး ကုသမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းတွင်လည်း လက်ရှိတွင် ကုတင် ၂၀၀ ဆံ့ ယာယီဆေးရုံ တခု တည်ဆောက်နေပြီး လိုအပ်ချက်အရ ထပ်မံတိုးချဲ့သွားရန်လည်း စီစဉ်နေကြောင်း သိရသည်။
ဒေါက်တာခင်ခင်ကြီး က “ရန်ကုန်မြို့မှာရှိတဲ့ အချို့နေရာတွေမှာလည်း ယာယီဆေးရုံဆောက်ဖို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
နိုင်ငံတကာ အချက်အလက်များအရ ကိုဗစ်လူနာများ၏ ၈၀ ရာခိုင်နှုန်းမှာ သာမန်လက္ခဏာရှိပြီး ၁၅ ရာခိုင်နှုန်းသာ ရောဂါပြင်းထန်သောကြောင့် အောက်ဆီဂျင်ပေးရကာ ၅ ရာခိုင်နှုန်းမှာ အဆိုးရွားပြင်းထန်ဆုံး ဖြစ်ပြီး အသက်ရှူအားကူစက် (Ventilator) ပေးရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း လက်တလောတွင် နေ့စဉ်ပြန်လည်ကောင်းမွန်သက်သာနေသူမှာ ၄၀ မှ အများဆုံး ၁၀၀ ဦးခန့်အထိ ရှိနေသော်လည်း စောင့်ကြည့်ကာလ ၁၄ ရက် မပြည့်သဖြင့် ဆေးရုံဆင်းခွင့်မပေးသေးခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ယနေ့ ၁၄ ရက်နေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၁၉၅ ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၇၉၀ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။
ထို့အတူ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၃၂ ဦး ရှိပြီဖြစ်ကြောင်းလည်း အတည်ပြုထားသည်။
You may also like these stories:
နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ
Music Zone ဆိုင်ရှင်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ရန် စီစဉ်
ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်