ကိုဗစ်ကာလအတွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများကို ဈေးနှုန်း မြင့်တင်ရောင်းချခြင်း မပြုရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရက ထပ်မံ သတိပေးထားသည်။
ကိုဗစ်ရောဂါ စတင် ဖြစ်ပွားခဲ့သည့် မတ်လအတွင်းက ကုန်ဈေးနှုန်းများ မတက်စေရန် ပထမအကြိမ်အဖြစ် သတိပေးခဲ့ပြီး ယခု ထပ်မံံ၍ သတိပေးခြင်း ဖြစ်သည်။
အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား အစရှိသည်တို့နှင့် ဆေးဝါးနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ဈေးတင် ရောင်းချမှုများကို စစ်ဆေးရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ညွှန်ကြားထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက “မတ် လကနေ အခုချိန်ထိ ဈေးတက်ရောင်းလို့ တိုင်တာ၂၇ မှု လောက် ရှိတယ်။ တရားစွဲဆိုတဲ့ အဆင့်ထိတော့ မရောက်ဘူး။ လိုအပ်လို့ ဥပဒေကို ရှင်းပြတယ်။ ပုံမှန်ဈေးနဲ့ ရောင်းဖို့ ပြောပြတယ်။ ဒဏ်ရိုက်တာတို့ ဘာတို့တော့ မရှိဘူး။ တိုင်ကြားတာ ကို စစ်ဆေးတာ ဖြစ်တယ်” ဟု လုပ်ဆောင်သည့် အခြေအနေကို ရှင်းပြသည်။
တိုင်ကြားခံရသည့်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနရှိ အရာရှိများက စုံစမ်း စစ်ဆေးရာတွင် ကျန်းမာရေး အကာအကွယ်သုံး Mask နှင့် ပတ်သက်သည့် ဈေးတင်ရောင်းချခြင်း၊ အရည်အသွးနှင့် ပတ် သက်သည်များကို အများဆုံး တိုင်ကြားသည်ဟု ၎င်းက ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) သတ်မှတ်ထားသောကြောင့် ယင်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ပါက ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည် ဖြစ်သည်။
အဆိုပါ ဥပဒေကို ဖောက်ဖျက်ပါက ထိုသူအား အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ် ရမည့်အပြင် ကျပ် ၅ သိန်းနှင့် မပိုသော ဒဏ်ငွေလည်း ချမှတ်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဥပဒေအရ အရေးယူမှုနှင့် ပတ်သက်၍ ဦးဆွေတင့်ကြူးက “မြန်မာနိုင်ငံမှာ တခုခုဆိုရင် အာဏာကုန် လုပ်စေချင်ကြတယ် ဖမ်းဆီး ထောင်ချပေါ့နော်။ ဒါပေမယ့် ဒါက အဖြေမဟုတ်ပါဘူး။ အဓိက စားသုံးသူရေးရာ ဥပဒေ ပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက် က ဈေးကွက်ထဲမှာ စားသုံးသူ တည်တည်ငြိမ်ငြိမ်နဲ့ အလွယ်တကူ ရရှိဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ တွေ့သမျှ အကုန်ဖမ်း ထောင်ချဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ထိုကြောင့် ဦးစီးဌာနအနေဖြင့် ဈေးကွက်ထဲရှိ သင့်တင့်မျှတသော အရည်အသွေး၊ ဈေးနှုန်းနှင့် ရရှိစေရန်သာ လုပ်ဆောင် ပေးကာ၊ လက်ရှိတွင် Mask တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို လိုအပ်သည့် အကူအညီများပေးခြင်းတို့ လုပ် ဆောင်နေသဖြင့် ယခုလို ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေသည့် အချိန်တွင်ပင် ထိုပစ္စည်းဈေးနှုန်းများ သိသိသာသာ ဈေးခုန်တက်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် လက်ရှိတွင် အစိုးရက အရေးကြီး ကုန်စည်ဖြစ်သော ဆန်နှင့် ဆီတို့ကို အရန် ဝယ်ယူထားကာ ပြည်သူများ လိုအပ် ပါက ဖြန့်ဝေပေးရန်အတွက် စီစဉ်ထားကြောင်း၊ ထို့ပြင် စားသောက်ကုန်များမှာလည်း ပြည်တွင်း၌ လုံလောက်သည့် အနေ အထား ရှိသည့်အတွက် ဈေးနှုန်း အဆမတန်မြင့်တက်ခြင်း မရှိကြောင်း ဦးဆွေတင့်ကြူးက ဆိုသည်။
အစိုးရအနေနှင့် နိုင်ငံတော်အရန်ဆန် တန်ချိန် ၅ သောင်းနှင့် အရန်စားအုန်းဆီ တန်ချိန် ၁၂၀၀၀ ကျော်ကို တိုင်းနှင့် ပြည် နယ်များသို့ ဖြန့်ဝေပေးထားသည်။
ကိုဗစ် စတင်ဖြစ်ပွားခဲ့သည့် မတ်လအတွင်းက စီးပွား/ကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း လုပ်ငန်းရှင်များအနေနှင့် အရေးကြီး ကုန်စည်များနှင့် ပတ်သက်၍ အမြတ်ကြီးစား မဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော် ခြင်းများကို ဆက်လက် ပြုလုပ်နေသည် ဟုလည်း ဦးဆွေတင့်ကြူး က ဆိုသည်။
“မတရား ဈေးတင်ရင်တော့ အရေးယူမယ်လို့ ပြောနေတာလည်း ရှိပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
သို့သော် ပြည်တွင်းဆန်ဈေးနှုန်းများမှာ လက်ရှိတွင် ပြည်ပ တင်ပို့သည့် အခြေအနေများနှင့် ကိုဗစ် ဒုတိယလှိုင်းအတွင်း ဆန်ဝယ်စုသည့် သူများနေခြင်းကြောင့် ဈေးအနည်းငယ် တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ဆိုသည်။
ဦးအောင်မြင့် က “ပြီးခဲ့တဲ့ တပတ်၊ နှစ်ပတ်လောက်ကထက် ပြည်တွင်းဆန် ဈေးတွေ နည်းနည်း တက်ပါတယ်။ တအိတ်ကို ၅ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်းကြား အထိ တက်ပါတယ်။ အကြမ်းရော၊ အချောရော ပြည်တွင်းစားတဲ့ ဆန်တွေ တက်တာ။ တအိတ် ကျပ် ၂၅၀၀၀ လောက်ရှိတဲ့ ဆန်ဆိုရင် ကျပ် ၁၅၀၀ နဲ့ ၂၅၀၀ ကြားလောက် တက်သွားတယ်” ဟု ဈေးကွက် အခြေအနေ ကို ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း စားသုံးမှုကို အဓိကထား လက်လီ၊ လက်ကားရောင်းချပေးနေသည့် ဝါးတန်းလမ်း ကုန်စည်ဒိုင်၏ အခြေအနေကို ဆန်ကုန်သည်လည်း ဖြစ်သူ ဦးအောင်မြင့်က “အခု ရက်ပိုင်းက အဝယ်လည်း ဒိုင်မှာ နည်းနည်း သွက်နေတယ်။ ဆန်အဝင်ကျတော့ နည်းနည်း ကျဲသွားတယ်” ဟု ပြောသည်။
ဝါးတန်းလမ်းကုန်စည်ဒိုင်သို့ တရက်လျှင် ဆန်ပုံမှန် အိတ်ရေ ၅ သောင်းမှ ၆ သောင်းဝန်းကျင် အဝင်ရှိပြီး ယခု ကိုဗစ်ကူး စက်မှု မြင့်တက်လာသည့် ရက်ပိုင်းအတွင်း ဝင်ရောက်မှု အနည်းငယ် လျော့ကျနေကြောင်း သိရသည်။
မြန်မာနိုင်ငံက စားအုန်းဆီ တင်သွင်းသည့် နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ကလည်း ယနေ့အချိန်ထိ ပုံမှန် စားအုန်းဆီ စက်ရုံများ လည်ပတ်လျက်ရှိပြီး ယခု စက်တင်ဘာလ ၁၂ ရက်မှ ၃၀ ရက်အထိ စားအုန်းဆီ (တန်ချိန် ၅၀၀၀၀) ကျော် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ကြေညာထားသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူက “ဆီက ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ကုန် ကားတွေ ဝင်ရောက်နိုင်မှုကတော့ ကျနော်တို့ ညှိလို့ မရဘူး။ သူ့တိုင်းနဲ့ ပြည်နယ်က တားတာဆိုတော့ သူတို့နဲ့ပဲ ဆိုင် တယ်။ ဒါကြောင့် ဆိုင်ရာကို ကုန်သည် စက်မှု အသင်းချုပ်ကနေတဆင့် ပြောပေးဖို့ ညှိနှိုင်းထားတယ်။ ကုန်စည်စီးဆင်းမှု လမ်းကြောင်း ပိတ်ရင် ဈေးကစားတာတွေ ဖြစ်လာနိုင်တယ်။ သွင်းတဲ့ အပိုင်းကတော့ ကျနော်တို့ လုံလုံလောက်လောက် သွင်းထားပါတယ်” ဟု ပြောသည်။
လက်ရှိ ကုန်ကားများကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ချိန်းခိုင်းခြင်း တို့ကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာကာ ဈေးနှုန်းမြင့်တက်ခြင်းများ မဖြစ်စေရေးအတွက် အခက်အခဲများကိုလည်း ဆီအသင်းအနေဖြင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) သို့ တင်ပြထားကြောင်း သိရသည်။
တာမွေမြို့နယ်နေ ဒေါ်သန်းသန်းက “ပထမတကြိမ် ကိုဗစ် ကာလတုန်းကတောင် Mask ဈေးတွေ အဆမတန်တက်သွား တာ တို့၊ အခြေခံစားသောက်ကုန်ဈေးတွေ နည်းနည်းတက်သွားတာတို့ ကြုံရသေးတယ်။ အခု တကြိမ်မှာတော့ Mask ဈေး တွေ အရမ်းတောင် ကျနေတယ်။ အခု ၅၀ ပါ ၁ ဗူးဆိုရင်တောင် ၁၃၀၀ လောက်နဲ့တင်ရနေတယ်။ စားသောက်ကုန် ဈေး တွေလည်း သိသိသာသာတက်တာ မတွေ့ရဘူး။ တချို့ ကုန်တွေဆို ပြည်ပ ပို့မရလို့ ဈေးတွေတောင် နည်းနည်း ကျနေ တာ ရှိသေးတယ်” ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်း၌ စားနပ်ရိက္ခာ လုံလောက်မှု ရှိသော်လည်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကန့်သတ်ချက်များ၏ အခြား တဖက်တွင်လည်း ကုန်စည် စီးဆင်းမှု လွယ်ကူ လျှင်မြန်စေသည့် အချက်များကို ထည့်သွင်း စဉ်းစားကာ လုပ် ဆောင်ပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
You may also like these stories:
တိုင်းနှင့်ပြည်နယ်အချို့၏ ကန့်သတ်ချက်ကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အခက်တွေ့
နယ်စပ် ကုန်သွယ်ရေး ယခင်နှစ်ထက် ကျဆင်း
ရခိုင်ဝင်မည့် ကုန်ကားများ ယာဉ်မောင်း လဲလှယ်စနစ်ဖြင့် ဆောင်ရွက်မည်
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်