စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကို ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဌာန(NRPC)သို့ ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ပူးတွဲ တာဝန်ထမ်းဆောင်စေ ရန် ပြောင်းရွေ့ ပေးလိုက်ကြောင်း သိရသည်။
နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းထောက်များဂရုတွင် နေပြည်တော် အခြေစိုက်သတင်းထောက်တဦး၏ မေးခွန်း ကို သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“ပြည်တွင်းအခွန် ညွှန်ချုပ် ဖြစ်ပါတယ်။ NRPC မှာ တွဲဖက်တာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များနဲ့ သက်ဆိုင်ပါတယ်”ဟု ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များကို ပြောသည်။
ဦးမင်းထွဋ် တာဝန်ယူထားသည့် ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ချုပ်နေရာကို နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ချုပ် ဦးနိုင်ဆွေဦးကို ပူးတွဲတာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ NRPC ရုံးသို့ ပြောင်းရွှေ့ လိုက်ရသည်မှာ မှန်ကန်ပြီး နိုင်ငံတော်၏ လိုအပ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း၊ သို့သော် ၎င်းကိုယ်တိုင်လည်း မရှင်းလင်းသေးကြောင်း ဦးမင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
ဦးမင်းထွဋ်သည် တပ်မတော် အငြိမ်းစား အရာရှိ ဗိုလ်မှူးတဦး ဖြစ်ပြီး အရပ်ဘက် ဝန်ကြီးဌာနများသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သလို သတင်းမီဒီယာများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သူတဦး ဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သတင်းရင်းမြစ်တချု့ိ၏ အဆိုအရ ဦးမင်းထွဋ်သည် နိုင်ငံတော် အခွန်ဘဏ္ဍာ တိုးတက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် အစုရှယ်ယာများကို အခွန်ကောက်သည့် ကိစ္စရပ်တခုကို ဆောင်ရွက်ရာ ဥပဒေနှင့်မညီဟု ဆိုကာ စီးပွားရေး လုပ်ငန်းရှင်တချို့၏ တိုင်ကြားမှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရ သည်။
“အစုရှယ်ယာတွေအပေါ်မှာ အခွန်ကောက်ဖို့ လုပ်တယ်။ အထူးအဖွဲ့ တွေ ဖွဲ့ ပြီး ကောက်ခဲ့တယ်။ အဲဒါတွေကို ခရိုနီတွေက မကျေနပ်လို့ တိုင်တဲ့အခါမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမှု ခံရပြီးနောက် အခုလို ဌာနအရွေ့ ခံရတာ။ သူ(ဦးမင်းထွဋ်)က ဥပ ဒေကို အရင်မပြင်ဘဲ အခွန်အရင်ကောက်မိတဲ့အတွက် မှားသွားတဲ့ သဘောလို့ သိရပါတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။
ဧရာဝတီက ယင်းအချက်အလက်များကြောင့် ယခုလို ပြောင်းရွှေ့ ခံရခြင်း ဟုတ်၊ မဟုတ် မေးမြန်းသည့်အခါ “အန်ကယ်က အဲဒါတွေတော့ ဖြေလို့ မရတော့ဘူး”ဟု ဦးမင်းထွဋ်က ပြောသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က ကုမ္ပဏီများတွင် အစုရှယ်ယာ ထည့်ဝင်ငွေများအပေါ် ဝင်ငွေရလမ်း စိစစ်ခြင်းဆိုင်ရာ အသိပေးကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အစုရှယ်ယာရှင်များသည် ကုမ္ပဏီများတွင် အစုရှယ်ယာ ထည့်ဝင်ခြင်းများအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်း တင်ပြသည့် ကိစ္စရပ်များအား စိစစ်ခြင်းနှင့် အခွန် စည်းကြပ်ခြင်းဆိုင်ရာ စီမံချက် အဖွဲ့ ဖြင့် ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားသည်။
“ကိုဗစ်ကာလမှာ အခွန်ရငွေက နည်းတော့ အခွန်ရချင်ဇောနဲ့ ကောက်ဖို့ စီစဉ်လိုက်တာ။ အခုလို ဖြစ်သွားတာပေါ့။ ဌာန တွင်း အစစ်ခံရတော့လည်း သူတယောက်တည်းပဲ တာဝန်ယူတယ်လို့ ပြောတယ်။ ကျန်တဲ့သူတွေ မပါဘူး။ သူ DG ဖြစ်တဲ့ အတွက် သူပဲ တာဝန်ယူမယ်ဆိုပြီး လုပ်သွားတာ”ဟု ယင်းဖြစ်စဉ်ကို သိရှိသူ အစိုးရ အရာရှိတဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း မြန်မာ့ အသံ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ဌာနတွင်း ကိစ္စရပ်တခုဖြင့် အရေး ယူပြီးနောက် ယခုလို NRPC သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ပြီး နောက်ပိုင်းတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
You may also like these stories:
ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့
အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ