ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် ထက်ဝက် ပမာဏဖြစ်သော မြို့နယ်ပေါင်း ၁၃ မြို့နယ် တွင် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ဖြစ်ပွားနေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ စက်တင်ဘာလ ၁၄ ရက်နေ့အထိစာရင်းအရ သိရသည်။
ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဌာန စာရင်းအရ ကိုဗစ်အတည်ပြုလူနာများမှာ ဖျာပုံတွင် ၉ ဦး၊ ပုသိမ်တွင် ၈ ဦး၊ မအူပင်တွင် ၃ ဦး၊ ဘိုကလေးတွင် ၂ ဦး၊ ကြံခင်းတွင် ၂ ဦး စသဖြင့် တွေ့ရှိထားပြီး ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ကျုံပျော်၊ သာပေါင်း၊ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် လူနာ ၁ ဦးစီ တွေ့ရှိထားသည်။ အဆိုပါလူနာများအနက် လူပေါင်း ၂၉ ဦးမှာ ပုသိမ်၊ ဖျာပုံ၊ ဟင်္သာတ၊ မြောင်းမြနှင့် မအူပင်ခရိုင်ဆေးရုံကြီး များတွင် ကုသမှုခံယူနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျွန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “စက် တင်ဘာလ ၁၄ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းမှာ COVID – 19 အတည်ပြုလူနာ အရေအတွက်ဟာ မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ လူဦးရေ ၃၂ ဦး တွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ မလေးရှားပြန် လူနာ ၂ ဦးက ရောဂါ ပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားခဲ့ပါပြီ။ နောက် ၁ ဦးကတော့ ဝေဘာဂီဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ကျန်တဲ့လူနာ ၂၉ ဦး ကိုတော့ ဧရာဝတီတိုင်းအတွင်းက သက်ဆိုင်ရာ ခရိုင်ဆေးရုံကြီးတွေမှာ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ထိုလူနာများအနက် ဧရာဝတီတိုင်း၏မြို့တော်ဖြစ်သည့် ပုသိမ်မြို့၌ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကိုဗစ် အတည်ပြုလူနာ ၈ ဦး တွေ့ရှိထားပြီး အဆိုပါလူနာများထဲတွင် ခရီးသွားရာဇဝင် မရှိသူများ ပါဝင်သလို ရောဂါကူးစက်မှု နောက်ကြောင်း ခြေရာခံလို့မရသည့် လူနာများလည်း ပါဝင်နေသည်။
ပုသိမ်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “အခုလောလောဆယ် ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ် အတည်ပြုလူနာ ၁၄ ယောက်ကို ကုသပေးနေပါတယ်။ အဲဒီလူနာတွေက လောလောဆယ် ရောဂါလက္ခဏာ အကြီး အကျယ်ပြတာ ၁ ယောက်မှ မရှိပါဘူး။ အဓိကပြဿနာက အနံ့ပျောက်တာ ဖြစ်ပါတယ်။ လူနာ ၁ ယောက်ဆို ဆေးရုံ ရောက်တာ ၁ ပတ်ပြည့်ပါပြီ။ သူကို ကြီးကြီး ကျယ်ကျယ် ဆေးထိုးရတာ၊ အောက်စီဂျင် ပေးရတာမျိုး မရှိပါဘူး။ အားလုံးက ကျန်းမာပြီး အနေအထိုင် ကောင်းကြပါတယ်”ဟု ပြောသည်။
ကိုဗစ်ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းစေရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက် အတိုင်း တိကျစွာလိုက်နာရန် အဓိကလိုအပ်နေပြီး လိုက်နာမှုမရှိပါက ကိုဗစ်ကူးစက်မှုမှာ ယခုထက် ပိုမိုဆိုးရွားစွာ ကျယ်ပြန့်လာမည်ဖြစ်ကြောင်း ပုသိမ်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က အကြံပြုပြောဆိုသည်။
ဒေါက်တာ သန်းမင်းထွဋ်က “ပြည်သူတွေ စည်းကမ်းမလိုက်နာရင် ကိုဗစ်က တချိန်ချိန် ပြဿနာ ဖြစ်လာလိမ့်မယ်ဆိုတာ ကျနော် လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ကြိုသတိပေးခဲ့ပါတယ်။ သတိပေးတဲ့ကြားကပဲ လက်ဖက်ရည်ဆိုင်၊ ဘီယာ ဆိုင်တွေနဲ့ လမ်းပေါ်မှာ လူတွေတရုန်းရုန်း ရှိနေခဲ့တယ်။ အဲဒီအကျိုးဆက်က အခုခံနေရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ စည်းကမ်းလိုက်နာရင် အဲဒီ အကျိုးကို နောက် ၃ ပတ်လောက် ကြာရင် အဖြေထွက်ပါလိမ့်မယ်။ အခု မလိုက်နာဘူးလား၊ မလိုက်နာရင် အခုတက်နေတဲ့ ကိန်းကဏန်းထက် ပိုများတဲ့ပမာဏနဲ့ အပေါ်ကို ဆက်ပြီးထိုးတက်နေမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မကြာမီကပင် ပုသိမ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ အရာရှိ ၃ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိသည့် အတွက် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး ပုသိမ်မြို့၊ မင်းကြီးလမ်းပေါ်ရှိ စားသုံးသူရေးရာဌာန ဧရာဝတီ တိုင်းရုံးကို ကျန်းမာရေးဌာနက စက်တင်ဘာ ၁၃ ရက်မှစတင်၍ အဝင်အထွက် ပိတ်ဆို့၍ အသွားအလာ ကန့်သတ်ကာ Lockdown ချထားကြောင်း သိရသည်။ အဆိုပါ အဆောက်အဦများမှာ ဧရာဝတီတိုင်းတွင် ပထမဆုံး Lockdown ချခံရသည့်အဆောက်အဦများ ဖြစ်သည်။
ထို့ပြင် စက်တင်ဘာ ၁၃ ရက်နေ့က ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်းဌာနမှ တိုင်းအဆင့် အင်ဂျင်နီယာ ၁ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိသည့်အတွက် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့်ရုံးကို ကျန်းမာရေးဌာနက အသွား အလာ ကန့်သတ်၍ Lockdown ချမှုများ ဆောင်ရွက်ခဲ့သည်။ ကိုဗစ်အတည်ပြု လူနာများ တွေ့ရှိရသည့်အတွက် ကျန်းမာရေး ဌာနက ပုသိမ်မြို့နယ်၌ ၂ ရက်အတွင်း အစိုးရရုံး ၂ ရုံးကို အသွားအလာကန့်သတ်၍ Lockdown ချခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပုသိမ်မြို့၌ ရောဂါပိုးတွေ့ရှိခဲ့သည့် စားသုံးသူရေးရာဌာနမှ အသက် ၂၆ နှစ်အရွယ် ဦးစီးအရာရှိ အမျိုးသမီးနှင့် တိုက်ရိုက်ထိတွေ့ဆက်စပ်သူ ၁၉ ဦး၊ စားသုံးသူရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး အမျိုးသားနှင့် ထိစပ်သူ ၁၁ ဦး၊ ထောင်ကုန်းရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် အမျိုးသားနှင့်ထိတွေ့ခဲ့သူ ၁၂ ဦး၊ မြန်မာ့သစ်လုပ်ငန်း အင်ဂျင်နီယာနှင့် ထိတွေ့ခဲ့သူ ၂၁ ဦးနှင့် Lockdown ချထားသည့် စားသုံးသူ ရေးရာဌာန ဧရာဝတီတိုင်းရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင် ၃၅ ဦးတို့ကို အသွားအလာကန့်သတ်၍ ကွာရန်တင်းထားရှိပြီး ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID – 19 ရောဂါ အတည်ပြုလူနာပေါင်း ၃၂၉၉ ဦး ရှိနေပြီး ၎င်းတို့အနက် လူနာ ၃၂ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
နေပြည်တော်ကို ပိတ်ဆို့ထားသော်လည်း ပိုးတွေ့ လူနာများ ဆက်တိုးနေ
KTV နှင့် နိုက်ကလပ်၊ ဘားများ ဖွင့်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်