ကိုဗစ် ၁၉ ရောဂါကူးစက်မှု မြင့်တက်နေချိန် လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း ဝန်းသိုနှင့် ကသာ မြို့နယ်များမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းကို စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ တပတ်ကြာ ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေစိုးအောင်က “ကျနော်တို့ကို ရွေးကောက်ပွဲ ကော်မရှင်က လူ ၅၀ ထက် ပိုမစုရဆိုပေမယ့်လည်း လူ ၅၀ ဆိုတာကလည်း နည်းတာမဟုတ်ဘူး။ လူစုလူဝေး ဖြစ်သွားနိုင်တဲ့ အတွက် ကြောင့်ပါ။ လူစုလူဝေးဆိုရင် ကိုဗစ်ကူးစက်ဖို့ အခွင့်အလမ်းများတယ်ပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်လိုက်တာပါ။ ဒါက အားလုံးဒုက္ခရောက်သွားနိုင်လို့လေ” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများအပါအဝင် ကသာမြို့နယ်မှ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများလည်း မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းကို ရပ်ဆိုင်းထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“ကျနော်တို့ မြို့နားမှာ ကပ်နေတဲ့ ကောလင်းမှာ Positive လူနာတွေ့တယ်ဗျ။ သူက ရန်ကုန်က ပြန်လာတာ။ ကားစီး လာတဲ့ သူနဲ့အတူပါလာတဲ့ ခရီးသည်ထဲက ၄ ယောက်က ကျနော့်မဲဆန္ဒနယ်၊ ဝန်းသိုထဲက ပါလာတာ။ အဲဒီအခါမှာ သူတို့ကိုလည်း Quarantine စလုပ်ထားတယ်။ သူတို့ကိုလည်း ဆေးစစ်ပြီး ဆေးစစ်ချက်အဖြေကို ကျနော်တို့ စောင့်ကြည့် ရဦးမယ်။ အဲဒါကြောင့်လည်း ပါတာပေါ့။ လူစုလူဝေးမဖြစ်ရအောင် ကိုဗစ်ကူးစက်မှု ပိုမဖြစ်အောင် ရပ်ထားတာပါ” ဟု ဦးနေစိုးအောင်က ပြောကြားသည်။
မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ဝန်းသိုနှင့် ကသာမြို့တို့မှ NLD ကိုယ်စားလှယ်လောင်းများသည် လူစုလူဝေး မဖြစ်ရန် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းကို ယာယီရပ်ဆိုင်းထားသော်လည်း မြန်မာပြည်အောက်ပိုင်း ပဲခူးတိုင်းရှိ ပဲခူးမြို့တွင်မူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းကို လူအများအပြားဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ပဲခူးမြို့တွင် NLD ပါတီ သာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့သည် ခန့်မှန်းခြေ လူအင်အား ၁ ထောင်ကျော် အသုံးပြုကာ ဆိုင်ကယ်၊ ကားများဖြင့် ပဲခူးမြို့ကို ပတ်၍ မဲဆွယ်စည်းရုံးရေးသီချင်းများဖွင့်၍ လှည့်လည်ခဲ့ကြသည်။
ထိုသို့ ပဲခူးတွင် လူအများအပြားဖြင့် လှည့်လည်မဲဆွယ်နေပြီး ကသာနှင့် ဝန်းသိုတွင် လူစုလူဝေးမဖြစ်စေရန် မဲဆွယ် စည်းရုံးခြင်း လုပ်ငန်း ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ယခုကဲ့သို့ ဧရာဝတီသို့ ရှင်းပြသည်။
“အဲဒီကိစ္စက ပါတီအနေနဲ့က အထူးအထွေညွှန်ကြားတာကတော့ ကျနော်သိပ်သတိမထားမိဘူး။ သို့သော်လည်းပဲ တိုင်းနဲ့ ပြည်နယ် ပါတီအဖွဲ့အစည်းတွေက ဒီဟာတွေကို သင့်တော်သလိုပေါ့။ ဒေသရဲ့ အခြေအနေ အထူးသဖြင့် ရောဂါ ကူးစက်မှု အခြေအနေကို ကြည့်ပြီးဆုံးဖြတ်ကြတာပဲ” ဟု ဆိုသည်။
ပဲခူးမြို့တွင် ပြုလုပ်သည့် NLD ၏ မဲဆွယ်စည်းရုံးရေးအစီအစဉ်သည် သက်ဆိုင်ရာ မြို့နယ် ပါတီအောင်နိုင်ရေး အဖွဲ့များက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် ကျန်းမာရေးအာဏာပိုင်များ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း သာ ဖြစ်ကြောင်း၊ သို့သော်လည်း NLD ကို ထောက်ခံသူများက လာရောက်ဝန်းရံကြသဖြင့် လူများသွားခြင်းဖြစ်နိုင်ကြောင်း မုံရွာအောင်ရှင်က ဆိုသည်။
“ဝန်းရံတဲ့လူထုက များတဲ့အတွက် ကျနော်တို့က မတားနိုင်ဘူးဗျ။ သိပ်ပြီး အပြင်းအထန်တားပြန်ရင်လည်း လူထုဆန့်ကျင် ရေး ဖြစ်သွားပြန်ရော။ လူထုနဲ့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့မှာ။ ကျနော်တို့ကတော့ မတားဘူး။ ဒါပေမယ့် မေတ္တာ ရပ်ခံတာတော့ရှိတယ်။ လာပါ။ အားပေးပါ။ သို့သော် UEC ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာပြီးတော့ အားပေးပါ။ ဒီလောက်ပဲ ကျနော်တို့ ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုမှ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးမြအေးကမူ လက်ရှိအခြေအနေအရ လူအများ အပြား အသုံးပြု၍ လူစုလူဝေးဖြင့် မဲဆွယ်ခြင်းကို မလုပ်ဆောင်သင့်ကြောင်း မှတ်ချက်ပေးသည်။
“ဒါတွေက တကယ်တမ်းပြောမယ်ဆိုရင် အန္တရာယ်တော့ ရှိတယ်။ အခုချိန်မှာ ကိုဗစ် ၁၉ က အရမ်းကို Outbreak ဖြစ်နေတဲ့ အနေအထားဖြစ်နေတာကိုး။ ကျနော်ထင်တာတော့ ဆင်ခြင်ရမယ်လို့ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အကယ်၍ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးနေစဉ်အတွင်း ရောဂါပိုးကူးစက်မှု ဖြစ်ပွားခဲ့ပါက မဲဆွယ်စည်းရုံးသည့်လုပ်ငန်းကို တာဝန်ခံအကောင်အထည်ဖော်သည့် နိုင်ငံရေးပါတီသည်သာ တိုက်ရိုက် အဝေဖန်ခံရမည်ဖြစ်ကြောင်း ဦးမြအေးက ပြောကြားသည်။
“အန္တရာယ်ရှိတဲ့အခြေအနေမျိုးတွေက ထောက်ခံတဲ့သူလုပ်တာပဲ ကျနော်တို့ လုပ်တာမဟုတ်ဘူးလို့ ပြောလို့မရဘူး။ အကယ်၍ အဲဒီမှာ တခုခုဖြစ်လို့ ပျံ့သွားရင် အဲဒီမှာ ဦးဆောင်တဲ့ ပါတီကပဲ အပြောခံရမှာလေဗျာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်မှာ နိုဝင်ဘာလ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။
UEC က တရားဝင်မဲဆွယ်ခွင့်ပြုထားသည့် ကာလအတွင်းမှာပင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုသည်လည်း မြန်မာနိုင်ငံအတွင်း သိသိသာသာ မြင့်တက်လာနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၂၉၉ ဦးရှိပြီး သေဆုံးသူ ၃၂ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား
စစ်နှင့် ကိုဗစ်ကြောင့် ပလက်ဝ၌ ကိုယ်စားလှယ်များ စည်းရုံးရေးဆင်းရန် ခက်နေ