ရက္ခိုင့် စစ်တပ်(AA)နှင့် ARSA အဖွဲ့ တို့သည် ယခု ရက်ပိုင်းအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပိုမို လှုပ်ရှားလာသ ဖြင့် မြန်မာတပ်မတော်က ယင်းနယ်စပ်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဘူးသီးတောင်၊ မောင်တောဒေသမှာ AA နဲ့ ARSA အဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေ များလာတယ်။ အဲဒါကြောင့် ပုံမှန် လုပ်နေ ကြ လုပ်ငန်းထက်တော့ ပိုပြီး ဆောင်ရွက်တယ်။ အဓိကကတော့ ကုန်းပိုင်းမှာ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာတပ်များ၏ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားလာမှုကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ဒါကာမြို့ ရှိ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ယင်းတပ်လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။
“နယ်စပ်တွင် ထိုသို့ တပ်ဖွဲ့များ ရုတ်ချည်း ချထားခြင်းကို ဘင်္ဂလားဒေ့ရှ်မှ စိုးရိမ်ပူပန်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေး ဝန်ကြီးဌာနမှလည်း ဒါကာရှိ မြန်မာသံအမတ်ကို ထိုသို့ တပ်ဖွဲ့များချထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆင့်ခေါ်ခဲ့သည်”ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေရှ်နှင့် ထိစပ်နေသည့် ရခိုင်နှင့် ချင်းပြည်နယ် နယ်စပ်တလျှောက်တွင် မြန်မာဘက်မှ တပ်သားပေါင်း ၂၅၀၀ ကျော်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ထပ်မံချထားလိုက်ကြောင်း၊ ယင်းတပ်ဖွဲ့ များ ရုတ်တရက် ထပ်ချလိုက် ခြင်းသည် AA ကို တိုက်ခိုက်ရန်ဟု မြန်မာဘက်က အကြောင်းပြသည်ဟု ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက ဆိုကြောင်း ယင်းသတင်းဌာနက ဆက်လက် ဖော်ပြသည်။
ဧရာဝတီ သတင်းဌာနက ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ် သတိပေးခဲ့ခြင်းအပေါ် မြန်မာ အစိုးရ၏ သဘောထားကို သိရှိနိုင်ရန် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကိုယ့်ရဲ့ နယ်မြေ လုံခြုံရေးအတွက် ဆောင်ရွက်တာပဲ ဖြစ်တယ်။ မိမိနယ်မြေ လုံခြုံရေးကို ရန်သူ့ သတင်း ရရှိမှုအပေါ်မှာ ဆောင်ရွက်တာ ဖြစ်လို့ ဒါဆောင်ရွက်တာက ဒါတွေသည် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မြင်တယ်”ဟုပြောသည်။
တပ်မတော်က ရေယာဉ်နှင့် ပုံမှန် ကင်းလှည့်ခြင်းကို နတ်မြစ်အတွင်း ဆောင်ရွက်သလို ပင်လယ်ဘက်တွင်လည်း ဆောင်ရွက်ကြောင်း၊ မြေပြင်ကင်းလှည့်ခြင်းကိုမူ ယခုရက်ပိုင်းတွင် ပုံမှန်ထက် ပိုမို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီက ရရှိသည့် အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ရာတွင် “စကားမပြောရသည်မှာ ကြာပြီ ဖြစ်၍ ခဏကြွခဲ့ပါ”ဟု ပြောဆိုခေါ်ယူခဲ့ခြင်း ဖြစ်ပြီး သံအမတ်ကြီး ရောက်ရှိမှသာ သတိပေးသည့်ပုံစံ ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်းသတိပေးသည်ဆိုသည့် အချက်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများက အလေးပေး ဖော်ပြကြသည်ဟု သိရ သည်။
“အခုရက်ပိုင်းတွေအတွင်းမှာ သတင်းရရှိလာတာ များတဲ့အတွက် ကင်းလှည့်တာ မြန်မာဘက်ကနေပြီးတော့ လုံခြုံရေး အရ ဆောင်ရွက်တာတွေ၊ ကင်းလှည့်တာတွေ ပိုမိုသတိပြုပြီး ဆောင်ရွက်လာတဲ့အတွက် ခေါ်ပြီးတော့ ပြောခြင်း ဖြစ်နိုင် ပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံရေး သုတေသီ၊ တပ်မတော် အရာရှိဟောင်း ဒေါက်တာအောင်မျိုးကလည်း“တပ်မတော်ကလည်း ဒီလို ရည်ရွယ်ချက် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားဖို့ မဟုတ်ဘူး။ ဖြစ်လာနိုင်တဲ့ အန္တရယ်တွေကို ကာကွယ်ဖို့သာ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားခြင်းဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါဆိုရင် ၂ နိုင်ငံ ပြဿနာ ဖြစ်စရာ မလိုတော့ဘူး”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခုလို မြန်မာ အစိုးရကို ကန့်ကွက်ခြင်းသည့် AA နှင့် ARSA တို့ကို ကာကွယ်ပေးရန် မဟုတ်သော်လည်း ပြည်တွင်း၌ ထောက်ခံမှု ကျဆင်းနိုင်သဖြင့် ယင်းအဖွဲ့ များကိုလည်း ဖိနှိပ်မည်ဟု မထင်ကြောင်း ဒေါက်တာ အောင်မျိုးက သုံးသပ်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ တို့ကြား မကြာခဏ ပူးတွဲ ကင်းလှည့်ခြင်းများလည်း ပြုလုပ်လေ့ရှိပြီး ပူးတွဲသတင်းထုတ်ပြန်မှုများလည်း ပြုလုပ်လေ့ ရှိရာ ယနေ့အချိန်ထိလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်စစ်ဆင်ရာတွင် မွတ်စလင် သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြလျက်ရှိသည်။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြား နှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာရရှိရန် ကြိုးစားလျက် ရှိသည်။
You may also like these stories:
“ဝ” နှင့် မိုင်းလားကို လက်နက်စွန့်ပြီး NCA လမ်းကြောင်းရွေးရန် တပ်ချုပ်ပြော
တပ်မတော်သား၂ ဦး ICC မှာ ခိုင်လုံတဲ့ သက်သေတွေ ဖြစ်လာမလား
ပုဒ်မ ၂၆၁ နှင့် အချိုးကျ ကိုယ်စားပြုစနစ် တပ်မတော် ဘာကြောင့် တင်သလဲ