တပ်မတော်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ စက်တင်ဘာလ ၁၅ ရက်အထိ ၄၆ ဦး ရှိပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အတွင်း ရောဂါကူးစက်မှု အနေဖြင့် ပြည်ပမှ ကူးစက်မှု ၁၈ ဦး၊ ပြည်တွင်း ကူးစက်မှု၂၈ ဦး၊ စုစုပေါင်း ၄၆ ဦး ရှိ သည်ဟု စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမတွင် ပြုလုပ် သည့် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ညှိနှိုင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မတ်လက ပထမဆုံး ကိုဗစ်လှိုင်းတွင် တပ်မတော်သား ကူးစက်ခံရမှုက ၁၇ ဦး ရှိခဲ့ပြီး ဒုတိယလှိုင်းတွင်၂၉ ဦး ကူးစက်ခံခဲ့ရ ခြင်း ဖြစ်ကာ ပြည်တွင်းကူးစက်ခံရသူများထဲ၌ စစ်တွေမြို့နယ်ရှိ တပ်မှ ကူးစက်ခံရသူများ ပါဝင်ကြောင်း သိရသည်။
တပ်မတော်သားများ ကူးစက်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က “တပ် မတော်သား၊ တပ်မိသားစုဝင်၊ အငြိမ်းစားတွေပါ ဒုတိယအကြိမ်မှာတော့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၂၉ ဦး ရှိပါ တယ်။ ၂၉ ဦးအနက် ၂၃ ဦးက ရန်ကုန်မှာ ရှိတယ်။ တပ်မတော် အသည်းရောဂါဆေးရုံမှာ တက်ရောက် ကုသလျက် ရှိ တယ်။ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၂၉ ဦးသည် စစ်သည်များသာမက စစ်သည်များ၏ မိသားစုဝင်များ၊ အငြိမ်းစား အရာရှိများလည်း ပါဝင်ပြီး ၂၉ ဦး အနက် ၃ ဦးမှာ ပြည်ပမှ ကူးစက်ခံရသူ ဖြစ်ကြောင်း သိရသည်။
တပ်မတော် အနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရန် Quarantine ဝင်သူများအား နေပြည်တော် စစ်ကြောရေးနှင့် တည်းခို ရေး စခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ အပြင် တိုင်းစစ်ဌာနချုပ်များ အလိုက် လက်ခံ ဆောင်ရွက်ပေးနေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆို ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တပ်မတော်၏ Quarantine စင်တာများတွင် ဝင်ရောက်လာသူများတွင် ပြည်ပမှ ပြန်လာသူများ များပြားပြီး ရန်ကုန်တွင် ၁၂၁ ဦး၊ နေပြည်တော်မှာ ၃၃၀ ဦး၊ ရွှေညောင်မှာ ၇၉ ဦး ရှိသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းပြသည်။
ကိုဗစ်ကာကွယ်ရေးအတွက် တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် မဖြစ်မနေ ကိစ္စရပ်များမှအပ တပ်ပြင်သို့ သွား လာခြင်း မရှိစေရန်၊ မဖြစ်မနေ သွားလာရမည့် အရေးကြီးလုပ်ငန်း ကိစ္စရပ်များမှအပ အခြား အရပ်ဒေသများသို့ ယာယီတာ ဝန်များ မသွားရောက်ရန်နှင့် တပ်မတော် စက်ရုံ၊ အလုပ်ရုံများတွင် အနည်းဆုံးသော လုပ်အားဖြင့် ဆောင်ရွက်ရန် ဗိုလ်ချုပ် မှူးကြီးက လမ်းညွှန်ခဲ့သည်ဟုလည်း သိရသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်တွေမှာတော့ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန် မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။
ထို့ပြင် တပ်မတော်အနေဖြင့် ကိုဗစ်ရောဂါ ကုသရေးအတွက် ၎င်းတို့တပ်မှ ဆေးပါရဂူများ စေလွှတ်ဆောင်ရွက်ပေးနေ သလို စစ်တွေမြို့နယ်တွင်လည်း တပ်မတော်သား ဆရာဝန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများကိုလည်း စေလွှတ်ပေး ထားကြောင်း ၎င်းက ဆက်ပြောသည်။
တပ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း နှစ်ပတ် ရုံးတက်၊ နှစ်ပတ်နား စနစ်ဖြင့် ဆောင်ရွက်မည်ဟုလည်း သိရသည်။
ကိုဗစ်ရောဂါ စစ်ဆေးပေးသည့် RT ၊ PCR ၊ COBAS 6800 စက်များကို ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနှင့် စစ်တွေမြို့တို့ တွင် ဖြန့်ခွဲ တပ်ဆင်ထားသလို ပြင်ဦးလွင်၊ အောင်ပန်း၊ မော်လမြိုင်နှင့် မုံရွာမြို့နယ်များတွင် ထပ်မံတပ်ဆင်နိုင်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု သိရသည်။
တပ်မတော်အတွင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးရာတွင် အသုံးပြုသည့် COBAS 6800 စက် များသည် COVID-19 ရောဂါပိုးအား စစ်ဆေးပေးနိုင်ကြောင်း သိရှိရသည့်အတွက် ကူညီပေးရန် အသိပေးခဲ့သည့် တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်၏ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း မရှိပါက စက်တင်ဘာလ ကုန်တွင် လူပေါင်း တသောင်းကျော် အထိ ကူးစက်လာနိုင်သလို တပ်မတော်အတွင်း၌လည်း၂၄၀ ဦးခန့် ကူးစက်လာနိုင် သည်ဟု အဆိုပါ ညှိနှိုင်း အစည်းအဝေးက သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာကို မတ်လ ၂၃ ရက် ချင်းပြည်နယ် တီးတိန်မြို့တွင် စတင်တွေ့ရှိခဲ့သဖြင့် တပ် မတော်က ၎င်းတို့အတွက် အရေးပါသည့် မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ရွှေ့ဆိုင်းထားခဲ့သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၃၆၃၆ ဦး ရှိရာမှ ၈၃၂ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ ၃၉ ဦးရှိပြီဟု သိရသည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး မတွေ့ ဟု ဆို
ကိုဗစ်ကာလတွင် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ အစိုးရ၏ ထောက်ပံ့ကြေး ရရှိ
COVID-19 ရောဂါပိုး တွေ့ ရှိထားသည့် တပ်အရာရှိ ၃ ဦး ရုရှားတွင် ဆက်လက် ကုသမည်