ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောအရေးအခင်းကာလအတွင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များ ချိုးဖောက်ခဲ့သည်ဆိုသည့် ချွတ်ပြင် မွတ်စလင်ကျေးရွာနှင့် မောင်နု မွတ်စလင် ကျေးရွာ အမှုဖြစ်စဉ်များအပေါ် ၂၀၂၀ နှစ်မကုန်မီ စစ်တရားရုံးဖြင့် စတင် စစ်ဆေးနိုင်တော့မည် ဖြစ်ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ချွတ်ပြင်နှင့် မောင်နုရွာ ဖြစ်စဉ်များအား စုံစမ်း စစ်ဆေးရန်အတွက် ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းကို ၂၀၂၀ ဇူလိုင်လ ၆ ရက်က ထုတ် ပြန်ထားကြောင်း တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “အဓိကတော့ လုပ်ဆောင်နေတဲ့ဟာကို သိအောင်လို့ ထုတ်ပြန်လိုက်တာ။ မီဒီယာတွေကလည်း ခဏခဏ မေးတယ်။ တခြား အဖွဲ့အစည်းတွေကလည်း ဘာတွေ လုပ်ဆောင်နေလဲဆိုတာ သိချင်တာရှိလို့ ဒါတွေကို သိနိုင်အောင် ထုတ်ပြန်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ထို စုံစမ်းစစ်ဆေးမှု ဆက်လက် ဆောင်ရွက်နေသည့် အတိုင်းအတာနှင့် စပ်လျဉ်း၍၂၀၂၀ မကုန်မီတွင် အမှုဖြစ်စဉ်ကို စစ် တရားရုံးဖြင့် စတင် စစ်ဆေးဆောင်ရွက်နိုင်တော့မည် ဖြစ်သလို မောင်နုရွာဖြစ်စဉ်၏ စုံစမ်းစစ်ဆေးမှုတွင် စွပ်စွဲ ဖော်ပြ နေ ကြသည့် တောင်ဘဇာရွာ ဖြစ်စဉ်လည်း ပါဝင်ကြောင်း စက်တင်ဘာလ ၁၄ ရက် ရက်စွဲဖြင့် တပ်မတော် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “တောင်ဘဇာရွာမှာလည်း တပ်ရင်း ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာ ရှိတယ်။ တပ်ရင်းဌာနချုပ်က ခုခံတိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ ဖြစ်စဉ်ကိုလည်း တခါတည်း စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ ပြီးရင် ဒါ တွေနဲ့ ပတ်သက်လို့ ICOE အစီရင်ခံစာမှာ ပါတဲ့ဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးလျက်ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာနှင့် နောက်ဆက်တွဲများ၊ အခြား သော သတင်း အချက်အလက်များအပေါ် စစ်ဥပဒေချုပ်ရုံး၏ စိစစ်သုံးသပ်မှုအရ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရခိုင် ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများ၏ ကျယ်ပြန့်သည့် အသွင်သဏ္ဍာန်များကို စုံစမ်း စစ်ဆေး လျက်ရှိကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။
ထိုသို့ တပ်မတော်က စုံစမ်းစစ်ဆေးနေသည့် နေသည်ဆိုသည့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး တပ်မတော်သား ရာထူး၊ အဆင့် မည်မျှအထိ ပါဝင်သည် တပ်ဖွဲ့ဝင် အရေအတွက်တို့ကို စစ်ဆေးမှုလုပ်နေသည်ဆိုသည့် ကိစ္စများကိုတော့ တပ်မတော်ဘက်က တိတိကျကျ ထုတ်ဖော် ပြောကြားရန် အစီအစဉ် မရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆို သည်။
ရသေ့တောင်မြို့နယ် ချွတ်ပြင် မွတ်စလင်ကျေးရွာမှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကိုအာမွတ်တူဆောင်း ကတော့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် တပ်မတော်သားများက ၎င်းတို့ ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ပြီး ရွာသား များကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဆိုသည်။
ကို အာမွတ်တူဆောင်းက “ကျနော်တို့မြင်တာက အိမ်တွေကို မီးရှို့တယ်။ မီးရှို့တဲ့အချိန်မှာ အိမ်ထဲက လူတွေ ထွက်ပြေးကြတယ်။ အဲဒီ လူတွေကို သေနတ်နဲ့ လှမ်းပစ်တာ ကျနော်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ကျနော်တို့ကို အဲဒီလို လုပ်တာကို သေအောင်ထိ မေ့လို့ရမှာ မဟုတ်ဘူး။ တခါမှလည်း အဲဒီလို လုပ်တာကို ကျနော်တို့ မြင်လည်း မမြင်ဖူးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ကနေ တပ်မတော်သား ကျူးလွန်တဲ့အမှုကို စုံစမ်းမယ်ဆိုတာ ကျနော်တို့ ပြည်တွင်းမှာ ရော နိုင်ငံ တကာမှာရော သံသယ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ဒီကိစ္စတွေကို အမှန်တကယ်ရော စုံစမ်းဖော် ထုတ်ပါ့မလား။ ဒါကြောင့်မို့လို့ စုံစမ်း စစ်ဆေးမှုလုပ်လို့ ရှိရင် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ပုံစံမျိုးက ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်
ထိုဖြစ်စဉ်၌ ကိုအာမွတ်တူဆောင်း၏ မိသားစုဝင်များထဲမှာ ၃ ဦး သေဆုံးခဲ့ပြီး ၎င်းမှာ ရေကန်ထဲတွင် ရေငုပ်ပြီး မြက်ရိုင်း များကြား ပုန်းခိုနေခဲ့သည့်အတွက် လွတ်မြောက်ခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး လက်ရှိ တွင် တဖက်နိုင်ငံ ဒုက္ခသည် စခန်းတွင် ဝင်ရာက်ခိုလှုံလျက် ရှိသည်။
ညီမျှခြင်း မြန်မာအဖွဲ့မှ ဒါရိုက်တာလည်းဖြစ် လူအခွင့်ရေး လှုပ်ရှားသူလည်း ဖြစ်သူ ဦးအောင်မျိုးမင်းကတော့ တပ်မတော် သားများ ကျူးလွန်သည့်အမှုများနှင့် ပတ်သက်ပြီး တပ်မတော် စစ်ဘက်ဆိုင်ရာက စုံစမ်းစစ်ဆေးခြင်းမှာ ပြည်တွင်း၊ ပြည်ပ က အသိုင်းအဝိုင်းကြားတွင် သံယယ ဖြစ်စေသည့်အတွက် လွတ်လပ်သော အဖွဲ့အစည်းများဖြင့်သာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်သင့်ကြောင်း ထောက်ပြသည်။
၎င်းက “တပ်မတော်ကနေ တပ်မတော်သား ကျူးလွန်တဲ့အမှုကို စုံစမ်းမယ်ဆိုတာ ကျနော်တို့ ပြည်တွင်းမှာ ရော နိုင်ငံ တကာမှာရော သံသယ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ဒီကိစ္စတွေကို အမှန်တကယ်ရော စုံစမ်းဖော် ထုတ်ပါ့မလား။ ဒါကြောင့်မို့လို့ စုံစမ်း စစ်ဆေးမှုလုပ်လို့ ရှိရင် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ပုံစံမျိုးက ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် တပ်မတော် စစ်တရားရုံးမှ ကျူးလွန်သူ တပ်မတော်သားများကို အပြစ်ပေး အရေးယူသည်ဟု ထုတ်ပြန်ကြေညာ သော်လည်း မည်သို့ ငြိစွန်းချက်ကြောင့် အရေးယူသည်၊ တရားစီရင်မှု သမာသမတ်ကျခြင်း ရှိမရှိဆိုသည့်ကိစ္စများနှင့် ပတ် သက်ပြီးလည်း ပြည်သူများအနေဖြင့် သေချာ မသိနိုင်သည့်အတွက် အများပြည်သူ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် အသိ ပေး ကြေညာရန် လိုအပ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ဆိုသည်။
၎င်းက ဆက်၍ “တပ်မတော်က အမြဲတမ်း ပြောတာက တပ်မတော် စစ်ခုံရုံး၊ တပ်မတော် ဥပဒေအတိုင်း လုပ်ဆောင် တယ်လို့ ပြောပေမယ့် ဒီအမှု တော်တော်များများက အပြစ်မဲ့ အရပ်သားတွေ တော်တော်များများ ပါဝင်နေတဲ့အတွက် ကြောင့်မို့ တပ်စည်းကမ်းလောက်နဲ့ မရဘူးဗျ။ ဒါက ရာဇဝတ်မှုလည်း ဖြစ်သလို လူ့အခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တော အရေးအခင်း ကာလအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ တပ်မတော်သားများအား တပ်မ တော် စစ်တရားရုံးဖြင့် စစ်ဆေး အပြစ်ပေးသည့် ဖြစ်စဉ်များရှိခဲ့ပြီး ဖြစ်ရာ အင်းဒင်ရွာဖြစ်စဉ်တွင် ကျူးလွန်သည့် တပ်မ တော်သားများမှာ ပြစ်ဒဏ် မပြည့်မီ ပြန်လည်လွတ်မြောက်သွားခဲ့သလို ဂူတင်ပြင် ရွာဖြစ်စဉ်တွင်လည်း အပြစ်ပေး အရေးယူသည့် အခြေအနေအား တိတိကျကျ ထုတ်ပြန်ခြင်း မရှိသည့်အတွက် ပြည်တွင်း ပြည်ပ အသိုင်းအဝိုင်းကြားတွင် ဝေဖန်မှု မြင့်တက်ခဲ့သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် ညသန်းခေါင်ယံအချိန်က ARSA အဖွဲ့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းမှ ၃၀ ကျော်နှင့် တပ်မတော် တပ်ရင်းတခုကို တပြိုက်နက် ဝင်ရောက် စီး နင်း တိုက်ခိုက်ကြသည်။
ထိုအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သလို ဒေသခံ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး အပါ အဝင် ဟိန္ဒူဘာသာဝင်များ သေဆုံးခဲ့ပြီး ဒေသခံ တိုင်းရင်းသား သောင်းနှင့်ချီ နီးစပ်ရာမြို့ကြီးများသို့ ထွက်ပြေးတိမ်း ရှောင် ခဲ့ရသည်။
အခြားတဖက်တွင် မွတ်စလင် ကျေးရွာသားများ သိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ဝင်ရောက်ခို လှုံခဲ့ရကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်ထားခဲ့သည်။
You may also like these stories:
တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်သည့် ရသေ့တောင်တွင် တပ်၊ ရဲနှင့် လဝက အရာရှိများ ကျဆုံး
ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ
ရခိုင်အရေး ICOE ထုတ်ပြန်ချက် တပ်မတော်က စစ်တရားရုံးဖြင့် ဆက်လက် စုံစမ်းမည်