အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွယ်စည်းရုံးမှုများကို လူစုလူဝေးဖြင့် မထောက်ခံကြရန် NLD ပါတီ ဥက္က ဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
Facebook လူမှုကွန်ရက်ရှိ ပါတီစည်းရုံးရေး ဆောင်ရွက်ရန် ဖွင့်လှစ်ထားသော NLD ပါတီ၏ Chair NLD စာမျက်နှာမှ တဆင့် NLD ပါတီ ထောက်ခံသူကြများကို ရည်ညွှန်း၍ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမ မေတ္တာရပ်ခံချင်တာကတော့ လူစုလူဝေးနဲ့ ကျမတို့ကို ထောက်ခံကြောင်းကို ဒီအချိန်မှာ မပြပါနဲ့။ ကျမတို့ အောင်ပွဲခံနိုင်မယ့် အခြေအနေ ဆိုတာဟာ လာမှာပါ” ဟု ဆိုထားသည်။
ဆက်လက်၍ ၎င်းက၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်၌ မဲပေးနိုင်သူတိုင်း ကျန်းမာစွာ မဲ ပေးနိုင်ရေးသည် အဓိက အရေးကြီးသဖြင့် လက်ရှိကာလတွင် သတ်မှတ်ထားသော စည်းမျည်းစည်းကမ်းများကို လိုက်နာ ကြရန်လည်း တိုက်တွန်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီအထိ ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေရမယ်။ အဲဒါ ပြီးရင်လည်း ကျမတို့ ဆက်ပြီး အောင်ပွဲခံနိုင်ဖို့အတွက် ကျန်းမာ ရပါမယ်။ ဒါကြောင့် အခုအချိန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျမတို့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူများ လိုက်နာကြပါ” ဟု ပြောကြားသည်။
NLD အလံများ နေအိမ်တွင်လွှင့်ခြင်း၊ NLD တံဆိပ်ပါ စတစ်ကာ၊ အင်္ကျီနှင့် လွယ်အိတ်များ ဝတ်ဆင်ခြင်းစသည့် လူထု အတွက် အန္တရာယ် မဖြစ်စေသည့် နည်းလမ်းများဖြင့် NLD ပါတီ ကိုထောက်ခံနိုင်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပ ဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးဖြင့် မထောက်ခံကြရန် ပြောဆိုမှုသည် ကောင်းမွန်သော်လည်း ကိုယ့် ပါတီထောက်ခံသူများ၏ လူစုလူဝေးဖြင့် မဲဆွယ်ရာတွင် ပါဝင်နေမှုကို သက်ညှာစွာ ပြောဆိုလိုက်သည့် သဘောမျိုး တွေ့ရကြောင်း မှတ်ချက်ပေးသည်။
“ရခိုင်မှာ ရောဂါတွေ များလာတဲ့အခါတုန်းက ပြောတာမျိုးကျတော့ ကျန်းမာရေးအရ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တာ တွေ မလုပ်ဖို့ ပြောတာပေါ့။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာလည်း တွေ့တယ်။ နောက်တခုက နေပြည်တော် မှာ ရှိတဲ့ ရုံးတွေမှာလည်းတွေ့တယ်။ ဒါပေမယ့် လူစုလူဝေးနဲ့ စည်းရုံးရေးတွေကလည်း ဆက်လုပ်တယ်။ အဲဒီလို လုပ်တဲ့ အခါကျတော့ တစိုက်မတ်မတ်ပေါ့ဗျာ။ သူများကို ဆူရင် ကိုယ့်လူလည်း ဆူပေါ့။ အဲဒါမျိုးကောင်းတာပေါ့” ဟု ၎င်းက ပြော ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အကဲခတ်ရလျှင် NLD သည် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ဖြစ်စေချင်သည့် ဆန္ဒရှိပုံရကြောင်း ဆိုသည်။
“ရွေးကောက်ပွဲကို သူတို့ မဖျက်ချင်ဘူးဗျာ။ ရွေးကောက်ပွဲ မဖျက်ချင်တဲ့အခါ အဲဒီစည်းမျဉ်းတွေအတိုင်း လိုက်နာပြီး မဲ ဆွယ်ဖို့ ဆိုတာ အရေးကြီးတာပေါ့။ အဲဒါကို မလိုက်နာဘဲ အနိုင်ရလာခဲ့ရင်လည်း နောင်တချိန်မှာ ပြောစရာကြီး ဖြစ်လာ နိုင်တယ်။ အဲဒါကြောင့် စည်းကမ်းတွေ လိုက်နာကြဖို့ ပြောတာထင်တယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတ်မှတ် စည်းမျည်းစည်းကမ်းများကို မလိုက်နာဘဲ မဲဆွယ်ခဲ့ပါက ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီးနောက်တွင် စည်းကမ်း ဖောက်ဖျက်ခဲ့မှုများ ရှိခဲ့သည့် ပါတီသည် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီများ၏ ဝေဖန်ပြစ်တင်မှုကိုလည်း ကြုံရနိုင်ဖွယ်ရှိကြောင်း ဦးရဲထွန်းက ပြောဆိုသည်။
“ရွေးကောက်ပွဲပြီးရင် ရွေးကောက်ပွဲ စည်းကမ်းဖောက်ဖျက်မှုနဲ့ တိုင်တာတောတာတွေ ဖြစ်လာနိုင်တယ်။ ဒါကို အချိန်မီ သူက ထိန်းလိုက်တာပဲ။ ဘယ်လောက် နားထောင်ကြမလဲတော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် သူပြောတာ မှန်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
လက်တွေ့အားဖြင့် မြေပြင်အခြေအနေတွင် မဲဆွယ်ပါက လူစုလူဝေးဖြစ်လာပြီး ကိုဗစ်ရောဂါ ကူးစက်မှုများလာမည်ကို စိုးရိမ်သဖြင့် မဲမဆွယ်တော့သည့် NLD ကိုယ်စားလှယ်လောင်းများ ရှိနေသကဲ့သို့ လူစုလူဝေးဖြင့် အင်တိုက်အားတိုက် မဲဆွယ်နေကြသည့် NLD ထောက်ခံသူများလည်း ရှိနေသည်။
မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ဝန်းသိုနှင့် ကသာမြို့တို့မှ NLD ကိုယ်စားလှယ်လောင်းများသည် လူစုလူဝေး မဖြစ်ရန် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၄ ရက်မှစတင်၍ ယာယီရပ်ဆိုင်းထားသည်။
မြန်မာပြည်အောက်ပိုင်း ပဲခူးတိုင်းရှိ ပဲခူးမြို့တွင်မူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းကို လူအများအပြားဖြင့် အင် တိုက် အားတိုက် ဆောင်ရွက်နေလျက် ရှိသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်မှာ နိုဝင်ဘာလ ၆ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး လူ ၅၀ ထက်ပို၍ စုဝေးကာ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။
UEC က တရားဝင် မဲဆွယ်ခွင့်ပြုထားသည့် ကာလအတွင်းမှာပင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုသည်လည်း မြန်မာနိုင်ငံ အတွင်း သိသိသာသာ မြင့်တက်လာနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များ အရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၆၃၆ ဦး ရှိပြီး သေဆုံးသူ ၃၉ ဦး ရှိနေပြီဖြစ်သည်။
You may also like these stories:
အစိုးရ Quarantine မူဝါဒ မေးခွန်းထုတ်မှုများ ရှိလာနေ
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား