ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင်စစ်တပ် (AA) ကို ရိက္ခာ ပို့သည် ဟူသည့် သံသယဖြင့် အမျိုးသား ၄၁ ဦးကို တပ်မတော်က ဖမ်းပြီး ရဲလက် အပ်ထားသည် ဟု သတင်းရရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီ အထမ်းသမား ၄၁ ယောက်သည် ကျနော် တို့ အနေနဲ့ကတော့ ပဏာမ စစ်ဆေးကြည့်တော့ ခိုင်းစေချက်အရ AA နဲ့ ပတ်သက်ပြီး AA ကို လိုအပ်တဲ့ ရိက္ခာတွေပို့ဖို့ ဆို တာတွေ မသင်္ကာလို့ ကျနော်တို့ စစ်ဆေးခြင်း ဖြစ်တယ်။ ကျနော်တို့အနေနဲ့ တရားဥပဒေ နည်းလမ်းတကျပဲ ဆက်လုပ် သွားမယ်” ဟု ပြောသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပြီး ထိုထဲတွင် မသင်္ကာဖွယ် ပစ္စည်းများ ထမ်းလာသည့် အထမ်းသမား ၄၁ ဦးသည် စက်တင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် မသင်္ကာဖွယ် လျှို့ဝှက်သယ်ဆောင်လာသဖြင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းကာ ပလက်ဝမြို့နယ် ရဲစခန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲ ပြောင်းပေးခဲ့သည်ဟု ရေးသားထားသည်။
တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့က အဆိုပါ သတင်းကို စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အထမ်းသမား ၄၁ ဦးသည် ညမထွက်ရ ဒေသန္တရ အမိန့်ကို လိုက်နာရန် ပျက်ကွက်သဖြင့် ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေးအတွက် စိစစ်မေးမြန်းနေသည် ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရာဇဝတ်ကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ သည် ပြည်သူ့ ဝန်ထမ်းများက ထုတ်ပြန်ထားသည့် အမိန့်ကို ဖီဆန်ခြင်း ပြု လုပ်ပါက ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေကျပ် ၁၀၀၀ ကျပ်အထိ ငွေဒဏ်၊ သို့ မဟုတ် ထောင်ဒဏ် နှင့် ငွေဒဏ် နှစ်ရပ် လုံး ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် AA တို့ကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသဖြစ်သဖြင့် ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဒေသဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ဖမ်းဆီးတာတွေ ရှိရင် ရှိမယ်။ စစ်ဆေးတာတွေ ရှိရင်ရှိမယ်။ သို့သော် ခိုင်မာလို့ ရှိရင် တရားစွဲတင်တာတို့ ဆက်ပြီး လုပ်သွားမယ်။ ဒါတွေနဲ့ ပတ်သက်ပြီး စစ်ဆေးချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်ဗျ”ဟု လည်း ပြောသည်။
အဆိုပါ အမျိုးသား ၄၁ ဦးတို့ AA ထံသို့ ရိက္ခာပို့ရန် သံသယဖြင့် ဖမ်းခဲ့ကြောင်း တပ်မတော်၏ ပြောဆိုချက်ကို AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုက ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုသည်။
တပ်မတော်က စစ်ရေးအခြေအနေကြောင့် ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာ သယ်ယူ ရောင်းချ သည့် ကုန်သည်များ၊ အရပ်သားများမှာ ရခိုင်ပြည်နယ်ဘက်မှ ကုန်များကို ပလက်ဝမြို့နယ်၊ ပီချောင်းဘက်မှ တောလမ်း အတိုင်း ရိက္ခာများ၊ ကုန်များကို သယ်ယူနေကြသည်ဟု ဦးခိုင်သုခက ပြောသည်။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ အခြေခံ စားနပ်ရိက္ခာများကို ဝယ်ယူသုံးစွဲ နေရသည့် မြို့နယ် ဖြစ်သည်။
ဦးခိုင်သုခက “သူတို့က ကြွက်မနိုင် ကျီကို မီးရှို့နေပေါ့ဗျာ။ ပြည်သူလူထုကို ကန့်သတ် ပိတ်ဆို့မှု မျိုးစုံလုပ်ပြီး ဒုက္ခပေးနေ တာ။ ဒါ လူသားထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ။ စစ်တိုက်တာက ဘာမှ မဆန်းဘူး။ တပ်ချင်း တိုက်လို့ ရတယ်။ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ ရွာတွေကို မီးရှို့၊ ဒေသခံတွေကို ရိက္ခာပြတ်အောင် လုပ်တယ်” ဟု ပြောသည်။
ပလက်ဝဒေသခံ ခူမီးမျိုးနွယ်စုများ စုပေါင်းဖွဲ့စည်းထားသည့် ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေက ဖမ်းဆီးခံထားရသည့် အမျိုးသား ၄၁ ဦး သယ်လာသည့် ထဲတွင် အရက် အဆီ ပုံးများ ပါဝင်သည် ဟုသာ ကြားသိရပြီး ၎င်းတို့၏ မိသားစုဝင်များ၊ ကျေးရွာများမှလည်း KACC သို့ ဆက်သွယ်လာ ခြင်း တစုံတရာ မရှိသေးပါဟု ဆိုသည်။
မမိုင်နန်းဝေက “အခု လူထုတွေ အနေအထားက ပိုကျပ်တယ်။ ကိုဗစ်က ရခိုင်ဘက်မှာ ပြင်းပြင်းထန်ထန် ဖြစ်တော့ ကိုဗစ် နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ချမှတ်ထားတဲ့ အမိန့်တွေလည်း ရှိတယ်။ နောက် စားဝတ်နေရေးကလည်း ခက်နေကြတယ်။ AA ဘက်ရော စစ်တပ်ဘက်ရော လှုပ်လှုပ်လှုပ်လှုပ်နဲ့ တိုက်ပွဲ အစပြုဖို့ ဖြစ်နေတော့ လမ်းကြောင်းတွေက မလုံခြုံဘူး။ ဆန် တ အိတ်ကို ၆ သောင်းခွဲ အထိဆိုတော့ လူတွေက ပိုက်ဆံရှိရင်တောင် ဝယ်စရာဆန် မရှိ ဖြစ်နေတယ်” ဟု ပြောသည်။
ဆန်နှင့် စားနပ်ရိက္ခာအပြင် ဒီဇယ်ဆီများလည်း ဝယ်မရ ဖြစ်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဒေသခံများက တောလမ်း၊ မှောင်ခိုလမ်းများမှ သွားလာကာ ရိက္ခာသယ်နှင့် အခြေခံ အသုံးအဆောင်ပစ္စည်းများ သယ်ယူခြင်းကို လုပ် ဆောင်နေကြရသည်ဟုလည်း မမိုင်နန်းဝေက ပြောသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသား ၄၁ ဦး၏ အခြေအနေကို မေးမြန်းရန် ပလက်ဝ မြို့နယ် ရဲတပ်ဖွဲ့ဘက်သို့ ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။
ဧရာဝတီမှ ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။
ပလက်ဝမြို့နယ်သည် စစ်ရေး အခြေအနေ မတည်ငြိမ်သည့် ဒေသဖြစ်ပြီး ဖေဖော်ဝါရီနှင့် မတ်တို့တွင် တပ်မတော်နှင့် AA ကြား ရက်ပေါင်း ၄၀ ကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်သဖြင့် ကုန်းလမ်း၊ ရေလမ်း ပိတ်ပြီး ဒေသခံ တသိန်းကျော် ဆန်ပြတ်တောက်သည့် ဘေးနှင့် ကြုံတွေ့ခဲ့ကြရသည်။
ဖေဖော်ဝါရီအတွင်းက တိုက်ပွဲကြား ဆန်သွားသယ်သည့် အရပ်သား စက်လှေများ ပစ်ခတ်ခံခဲ့ရပြီး အချို့ စက်လှေများကို တပ်မတော်နှင့် AA တို့မှ စစ်ဆေးခြင်း၊ ရန်သူ့ထံသို့ ပို့မည်ဟု စွပ်စွဲကာ နှစ်ဖက်တပ်များက ရိက္ခာများကို သိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။
You may also like these stories:
တပ်မတော်က ဖမ်းမိသူများမှာ ကိုးကန့် တပ်ဖွဲ့ဝင်များမဟုတ်ဟု MNDAA ပြော
စစ်နှင့် ကိုဗစ်ကြောင့် ပလက်ဝ၌ ကိုယ်စားလှယ်များ စည်းရုံးရေးဆင်းရန် ခက်နေ