မြန်မာဘက်၌ကိုဗစ်ဖြစ်နေခြင်းကို အကြောင်းပြု၍ ထိုင်းနိုင်ငံက မယ်ဆိုင်မြို့သို့ လာရောက်မည့် မြန်မာမော်တော် ယာဉ်များအပေါ် တဖက်သတ် ကန့်သတ်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် မြန်မာကလည်း တနေ့လျှင် ထိုင်းကုန်တင် ယာဉ် ၆စီးကိုသာ တာချီလိတ်မြို့သို့ လာရောက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ယင်းသို့ ထိုင်းနိုင်ငံ၏ ကန့်သတ်မှုနှင့်ပတ်သက်၍ မယ်ဆိုင်မြို့တွင် စက်တင်ဘာ ၁၄ ရက်က နှစ်နိုင်ငံအကြား ဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီမှုမရဘဲ စက်တင်ဘာ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံက မော်တော်ယာဉ် ၁၆၈ စီးသာ ဖြတ်သန်း ခွင့်ပြုမည်ဟု ထုတ်ပြန်ကြောင်း၊ ယင်းမော်တော်ယာဉ်များတွင် မြန်မာနိုင်ငံ လိုင်စင်ဖြင့် မှတ်ပုံတင်ထား သည့် မော်တော်ယာဉ် ၆စီးသာ ပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက “ အဓိကတော့ နှစ်နိုင်ငံ တန်းတူညီမျှ ဖြစ်ဖို့ဆိုတဲ့ အချက် ဆွေးနွေးခဲ့တယ်။ တဖက်က ဆောင်ရွက်တဲ့အပေါ်မှာ တာချီလိတ်မှာနေတဲ့ ပြည်သူတွေကလည်း လက်မခံနိုင် ဘူး။ တံတား ၂ ကိုပိတ်ဖို့အထိ ပြည်သူတွေက တောင်းဆိုတာတွေရှိပါတယ်။ အဲဒီလောက်ထိတော့ လုပ်ဖို့မလိုဘူး သံတမန်နည်းအရပဲ ဖြေရှင်းမယ်ဆိုပြီး ဆောင်ရွက်တာပါ။ နှစ်နိုင်ငံ တန်းတူညီမျှ ရှိရမယ်ဆိုတာကို အဓိက ပြချင် တာပါ”ဟု ပြောသည်။
ထို့အတွက် မနက်ဖြန် စ၍ မြန်မာဘက်မှ ယာဉ် ၆ စီးသာ ဖြတ်သန်းမည်ဖြစ်သည့်အပြင် ထိုင်းဘက်မှလည်း ဝင် ရောက်လာမည့် ထိုင်းမှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၆ စီးကိုသာလက်ခံမည်ဖြစ်ပြီး ယာဉ်မောင်းများမှာလည်း သတ်မှတ်ဂိတ်တွင် လဲလှယ်ကာ မောင်းနှင်ရမည်ဖြစ်ကြောင်း မြန်မာဘက်က ပြန်လည်ဆုံးဖြတ်ထားသည်။
ယင်းအပြင် ထိုင်းဘက်သို့ ဝင်ရောက်မည့် မြန်မာမော်တော်ယာဉ်များအနေဖြင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ထားရ သော်လည်း မြန်မာဘက်သို့ ဝင်ရောက်မည့် ထိုင်းမော်တော်ယာဉ်များမှာ မြန်မာဘက်တွင် မှတ်ပုံတင်ရသည့် လုပ်ငန်းစဉ် မရှိသေးသည့်အတွက် အဆိုပါ အစီအစဉ်အား အကောင်အထည် ဖော်တော့မည် ဖြစ်ကြောင်းလည်း ဦးချမ်းမြေ့စောက ပြောသည်။
ဦးချမ်းမြေ့စောက “ မြန်မာဘက်က မော်တော်ယာဉ်တွေက သူတို့ဘက်မှာ သွားပြီးတော့ မှတ်ပုံတင်ရတယ်၊ ဖြတ်သန်း မယ်ဆိုရင်။ ကျနော်တို့ဘက်မှာကျတော့ မှတ်ပုံတင်တဲ့ ကိစ္စမရှိဘူး၊ အဲဒါကိုလည်း ဒီနေ့အစည်း အဝေးမှာ တခါတည်း ဆုံးဖြတ်ပြီးတော့ ကညနနဲ့ ပို့ဆက်နဲ့ SOP ပုံစံမျိုးနဲ့ ဘယ်အချက်တွေ လိုအပ်မယ်ဆိုတာ ရေးဆွဲပြီးတော့ အဲဒါတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမယ်။ ခွင့်ပြုပြီဆိုရင် ထိုင်းနိုင်ငံ ဘက်ကနေ ကျနော်တို့ဘက်ကို လာမယ့်ကားတွေ မှတ်ပုံတင်ရမယ်။ ခွင့်ပြုချက်ရတာနဲ့ စမယ်”ဟုလည်း ပြောသည်။
တာချီလိတ်-မယ်ဆိုင် အကြား ကုန်စည်ယာဉ်များဖြတ်သန်းမှုမှာ နေ့စဉ် အစီးရေ ၂၀၀ ခန့်ရှိပြီး ယခုကဲ့သို့ အပြန် အလှန် ကန့်သတ်မှုများကြောင့် ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုဖြစ်လာနိုင်သည့်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများအား တောင်ကြီး၊ ကျိုင်းတုံမြို့များမှ တဆင့် လိုအပ်ပါက သယ်ယူသွားရန်လည်း စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါကူးစက်မှု ဒုတိယလှိုင်းအနေဖြင့် မြင့်တက်လျှက်ရှိသည့် အခြေအနေတွင် ထိုင်းနိုင်ငံဘက်မှ မြန်မာနှင့်နယ်စပ်တလျှောက် လုံခြုံရေးများတိုးမြှင့်ထားပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး တံတားတွင်လည်း ကုန်စည်ယာဉ်များမှလွဲ၍ ဖြတ်သန်းခွင့်အား မတ်လကုန်ခန့်ကတည်းက နှစ်ဖက်သဘော တူညီချက် ဖြင့် ရပ်ဆိုင်းထားသည်။
You may also like these stories:
ရွှေလီမြို့ Lockdown ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ
ကိုဗစ် ကာလအတွင်း ကုန်ပစ္စည်းများ ဈေးတင်မရောင်းရန် အစိုးရ ထပ်မံသတိပေး