သတင်း

ဝေဖန်ခံနေရသည့် ကိုယ်စားလှယ်လောင်းကို ဖယ်ရှားရန် အစီအစဉ် မရှိဟု ပြည်သူ့ရှေ့ဆောင်ပါတီဆို

Want create site? Find Free WordPress Themes and plugins.

စွမ်းအားရှင် လက်ကိုင်တုတ်၊ အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်သည်ဟုဆိုကာ ဝေဖန်ခံနေရသူ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးနိုင်သူလတ်ကို ပါတီကိုယ်စားလှယ်လောင်း အဖြစ်မှ ဖယ်ရှားရန် အစီအစဉ် မရှိကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

“ကျမတို့ပါတီအနေနဲ့ အလဟဿ အတိတ်က ဖြစ်ခဲ့တဲ့ဟာနဲ့ ပြောဆိုနေပြီး လူတယောက်ကို ရမ်းသန်းပြီး အပြစ်မပေး ပါဘူးရှင့်။ ပါတီဝင် ၁ ယောက်အနေနဲ့ ကိုယ်စားလှယ်လောင်း ၁ ယောက်အနေနဲ့ သူရပ်တည်တဲ့အချိန်မှာတော့ ပါတီရဲ့ မူဝါဒနဲ့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တာ မရှိဘူး။ သူ့ရဲ့ အတွေးအခေါ်က အမျိုးသားရေးအတွက် အမျိုးသား အကျိုးစီးပွားအတွက် အားသန်နေတဲ့ အခြေအနေမှာရှိတာက အပြစ်လည်း မဟုတ်ဘူး” ဟု ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၏ အင်းစိန်မြို့နယ်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးနိုင်သူလတ်ကိို စွမ်းအားရှင်လက်ကိုင် တုတ်အဖြစ် လည်းကောင်း၊ အမျိုးသားရေးသမား၊ မဘသအဖွဲ့နှင့် အနီးကပ်ဆက်ဆံရေးရှိသူဟုလည်းကောင်း ဝေဖန်ခံထားရပြီး ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် ပါတီကိုလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဦးနိုင်သူလတ်သည် တာမွေအိုးရှင်းစင်တာအနီး ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို အရပ်ဝတ်များ၊ ရဲများဖြင့် ဖမ်းဆီး ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်တွင် ် ဆန္ဒပြသူများကို ဖမ်းဆီးဖြိုခွင်းရန် အားပေးအော်ဟစ်ခဲ့ကြောင်း ရုပ်သံများလည်း ထွက်ပေါ် နေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တာမွေအိုးရှင်းစင်တာအနီး ငြိမ်းချမ်းရေးဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ကိုသက်ဆွေဝင်းက “လက်ရှိ မဘသ နဲ့ ဆက်စပ်နေတဲ့ ကိစ္စလိုမျိုးတွေ၊ အမျိုးသားရေး ကိစ္စလိုမျိုးတွေက ဒါကတကယ်တော့ သူတို့နိုင်ငံရေး ပါတီရဲ့ ရွေးချယ်မှုပါပဲ။ PPP ဘယ်လိုမျိုးလမ်းကြောင်းကို သွားမလဲပေါ့။ အမျိုးသားရေးဝါဒကို အခြေခံပြီး သွားတဲ့ နိုင်ငံရေး ပါတီမျိုးကို ထပ်မမြင်ချင်တော့ဘူး ဒီနိုင်ငံမှာ။ ဒါမျိုး အမျိုးသားရေး ဝါဒကို အခြေခံပြီးတော့ လူတွေရဲ့မဲကို လိုချင်တဲ့ ပါတီတွေ ပေါ်လာမယ်ဆိုရင် ကျနော်တို့ ကတော့ ဆန့်ကျင်ကန့်ကွက်ရမှာပဲ” ဟု ပြောသည်။

အလားတူ ဆန္ဒပြစဉ်က ပါဝင်သည့် ကိုမြတ်ကျော်ကလည်း “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့မရနိုင်ဘူး။ လုပ်ခဲ့တဲ့ သမိုင်းကတော့ လုပ်ခဲ့တာပေါ့။ ဒီလိုလူမျိုးတွေကို တိုင်းပြည်ရဲ့ အရွေးချယ်ခံ ကိုယ်စားလှယ်ထဲမှာ ပါနေတာတော့ အင်မတန် စိတ်မကောင်းစရာ ဖြစ်နေတယ်။ PPP ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့ ဒီပါတီအပေါ်ကို လုံးဝအယုံအကြည် မရှိတော့ပါဘူး” ဟု ပြောသည်။

ယင်းသို့ ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဒေါက်တာသက်သက်ခိုင်က အဆိုပါဖြစ်စဉ်သည် အမျိုးသားရေးနှင့် လစ်ဘရယ် သမားများ အပြန်အလှန် ဝေဖန်ပြစ်တင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တုံ့ပြန်သည်။

ဒေါက်တာသက်သက်ခိုင်က “အခုဖြစ်နေတာက အမျိုးသားရေးနဲ့ လစ်ဘရယ်တွေကြားထဲမှာ ကွဲလွဲပြီး အမျိုးသားရေး သမားကလည်း လစ်ဘရယ်သမားကို တိုက်ခိုက်နေတယ်။ လစ်ဘရယ်သမားကလည်း အမျိုးသားရေးသမားဆိုရင် တခုခု မှားနေတယ်လို့ ထင်တယ်။ အဲဒီလို တခုခု မှားတယ်။ မှန်တယ်လို့ ဆုံးဖြတ်တာကိုက အဲဒါကိုက မှားယွင်းတဲ့ အတွေး အခေါ် ဖြစ်နေတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကွဲပြားစုံလင်ခြင်းနဲ့ အားလုံးပါဝင်နိုင်ခြင်းစသည့် ပါတီ၏ အခြေခံမူများအပြင် ပါတီမူဝါဒ ၅ ချက်နှင့် အညီရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထံမှ သိရသည်။

ပါတီဝင်ဖြစ်ပြီး ပါတီကချမှတ်ထားသည့် ကျင့်ဝတ်၊ အခြေခံမူများ လိုက်နာခြင်း၊ သက်ဆိုင်ရာမြို့နယ်တွင် လူသိ ထင်ရှားပြီး အသိပညာ၊ အတတ်ပညာ တတ်မြောက်သူဖြစ်ခြင်း၊ အစိုးရ၊ အသင်းအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းတစ်ခုခုတွင် စီမံခန့်ခွဲ ဦးဆောင်နေသူဖြစ်ခြင်း၊ ပါတီ၏ သင်တန်းများ၊ လှုပ်ရှားမှုများတွင် ပါဝင်နိုင်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ၁ ယောက်၏ တာဝန်ကို အပြည့်အဝထမ်းဆောင်နိုင်ခြင်းစသည့် မူဝါဒများပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

You may also like these stories:

NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့် သူတို့အမြင်

နိုင်ငံရေးပါတီအချို့ ရုပ်မြင်သံကြားမှ ဟောပြောခြင်း ရိုက်ကူးရန် အဆင်မပြေဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading