အပူပိုင်း မုန်တိုင်း “နို” (NOUL) ၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ၄ ရက်ကြာ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန် ထားသည်။
အရှေ့ဘက်မှလာသော အပူပိုင်း မုန်တိုင်း “နို” (NOUL) သည် ဗီယက်နမ်ကမ်းခြေသို့ ၁၈ ရက် ဝန်းကျင်တွင် ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး အဆိုပါ အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်လာချိန် တွင် မုတ်သုန်လေအား အလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့် စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက် အထိ မိုးကြီးမှု ဖြစ်စဉ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“အပူပိုင်း မုန်တိုင်း “နို” ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေပေါ့။ သူက ဗီယက်နမ်ကို ဖြတ်ပြီးသွားတာနဲ့ ကမ္ဘောဒီးယားတို့ ထိုင်း တို့ကို ဖြတ်မှာပေါ့။ ပြီးသွားရင်တော့ မြန်မာနိုင်ငံကို ဖြတ်နိုင်တဲ့ အနေအထား ရှိတယ်။ မြန်မာနိုင်ငံကို ဖြတ်တဲ့အချိန် မှာတော့ အကြွင်းအကျန် တိမ်တိုက်တွေ အနေနဲ့ပဲ ရှိတော့မှာပေါ့။ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မိုးကြီးမယ့် သတိပေးချက် ထုတ်ထားတာ။ အဲဒီ ရက်ပိုင်းအတွင်းမှာပဲ မုတ်သုန်လေက ပြန်ပြီး အားကောင်းလာနိုင်တဲ့ အနေအထားမျိုး လည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
လာမည့် ၁၉ ရက်မှ ၂၂ ရက် အထိ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇက ထုတ်ပြန်ထားသည်။
ဦးကျော်မိုးဦးက “တော်တော်များများ မုန်တိုင်း စင်တာတွေရဲ့ ခန့်မှန်းချက်မှာ ဆိုရင် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်လို့ ပြောပေမယ့် မြန်မာနိုင်ငံထဲကို ရောက်လာတဲ့ အနေအထားမှာ လေဖိအားနည်း ရပ်ဝန်း အဆင့်လောက်တော့ ရှိတယ်ပေါ့။ အဲဒါကြောင့် မိုးရွာတဲ့ အချိန်မှာဆိုရင် လေက မိုင်၂၀၊၂၅ မိုင်လောက် တိုက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု ပြော သည်။
ထိုကဲ့သို့ မိုးကြီးခြင်းကြောင့် မြေပြိုမှု အန္တရာယ်၊ မြစ်ရေချောင်း ရေလျှံခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းများ ဖြစ်ပေါ် နိုင်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်သည့်အတွက် ကြံ့ခိုင်မှု အားနည်းသည့်အဆောက်အအုံများကို ပြန်လည် ပြုပြင်ထား ရန် လိုအပ်ကြောင်း မိုး/ဇလက သတိပေးသည်။
You may also like these stories:
ရေကြီးရေလျှံမှု လျော့ပါးရေး ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်
ဧရာဝတီနှင့် သံလွင်မြစ်ရေတက်မည်၊ မြို့ ၆ မြို့ကို သတိပေး
ပြည်နယ်နှင့် တိုင်း ၄ ခုတွင် မိုးကြီးနိုင်ဟု မိုးဇလ သတိပေး