ကိုရိုနာဗိုင်းရပ် ကူးစက်မှု များပြားနေသော ကာလ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာအတွင်း စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်အတွက် ရွာသား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးမောင်မောင်ချေ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက် ၆၀ အရွယ် ဦးလှထွန်းမောင်နှင့် အသက် ၇၀ အရွယ် ဒေါ်လှစောနုတို့ ဖြစ်ကြောင်း ရွှေလောင်းတင်ကျေးရွာမှ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောသည်။
၎င်းက “ ဒီနေ့ ၁၀ နာရီလောက်မှာ လာကျတာ။ ဦးမောင်မောင်ချေက အိမ်မှာ ထမင်းစားနေတုန်း အိမ်ထဲလာကျလို့ အဲဒီမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက် ရွာသား ၂ ယောက်ကတော့ ခြေထောက်တွေမှာ ဒဏ်ရာ ရတာ ရှိတယ်။ ဘယ်နေရာ က ပစ်တယ် ဆိုတာ အတိအကျတော့ မသိဘူး။ လက်နက်ကြီးက တော်တော်အဝေးက လာတာ။” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ထိုသို့ လက်နက်ကြီး ရွာထဲသို့ ကျရောက် ပေါက်ကွဲသည့်အတွက် လက်ရှိအချိန်တွင် ရွာလုံးကျွတ် နီးပါး ထွက်ပြေးနေရကြောင်း၊ ယနေ့ မနက် ပိုင်းက ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ရသေ့တောင် တပ်ရင်း ၊ စစ်တွေ ပါဒလိတ်တပ်ရင်း၊ မေယုမြစ် အတွင်း လှည့်လည်နေသော တပ်မတော်စစ်ရေယာဉ်များမှ လက်နက်ကြီးများ ပစ်ခတ်မှုများရှိခဲ့ပြီးနောက် ကျေးရွာ အတွင်း သို့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ပြောသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ရွာသားတွေ ပြောပြချက်အရတော့ ရသေ့တောင် တပ်ရင်းဘက်က ပစ်တာလို့ ပြောတာရှိတယ်။ စစ်တွေ ဘက်ကနေလည်း လှမ်းပစ်တာရှိတယ်။ ရွာထဲ ကို ပထမဆုံးကျတဲ့ လက်နက်ကြီးထိလို့ ရွာသား တယောက်ဆုံးတယ်။ တိုက်ပွဲဖြစ်လို့ လှမ်းပစ်တာလည်း။ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာလား ဆိုတာတော့ ပစ်ခတ်မှု အခြေအနေကို တိတိကျကျ မသိဘူး။ ” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွာသားများ၏ စွပ်စွဲပြောဆိုချက်များအပေါ် မေးမြန်းနိုင်ရန် ဧရာဝတီမှ တပ်မတော်သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ရွာသား ၅ ဦးသေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလ စတင်ဘာလ ၃ ရက်နေ့ ညနေ ၈ နာရီဝန်းကျင်အချိန်ခန့်ကလည်း ကျောက်တော်မြို့နယ်အတွင်းက ဘုရားပေါင်း ကျေးရွာသည် ရွာလုံးကျွတ် မီးရှို့ခံရပြီး ရွာသား ၂ ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားခဲ့သည်။
သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် အတွင်းက ကျောက်ဂုစု ကျေးရွာ သား ၁ ဦးနှင့် ရွှေပြည်ကျေးရွာသား ၁ ဦးတို့မှာ တပ်မတော် စစ်ကြောင်းထံ ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားခဲ့သည်။
သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် ရှမ်းရွာရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် ၎င်းမြို့နယ် အပေါက်ဝ ကျေးရွာမှ အမျိုးသမီ ၁ ဦးတို့မှာ တပ်မတော် စစ်ကြောင်းက ပစ်ခတ်သည့်အတွက် ကျည်ထိမှန်ပြီး သေဆုံး သွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်ပိုးတနေ့တခြား ကူးစက်မှု မြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်တခုလုံး Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရမှ အမိန့် ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် ( AA ) အဖွဲ့တို့၏ နှစ်ဘက် စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
You may also like these stories:
ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်မယ်
ချွတ်ပြင်ရွာနှင့် မောင်နုရွာ ဖြစ်စဉ် တပ်မတော် မျှမျှတတ ဖော်ထုတ်ပါ့မလား
တပ်မတော် စစ်ကြောင်းကြောင့် ကျောက်တော် Quarantine စင်တာ ပျက်စီးဟုဆို