နေပြည်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ်ပါသူများနှင့် အနီရောင် တီရှပ် ဝတ်ဆင်ထားသည့် လူငယ်တချို့ ခိုက်ရန်ဖြစ်ပွားမှုတွင် သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ နှစ်ဘက် အပြန်အလှန် အမှု ဖွင့်ထားကြောင်း သတင်း ရရှိသည်။
စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာအနီး သံလွင်လမ်းကြီးပေါ်တွင် ဖြစ် ပွားခဲ့သည့် ယင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် ယာဉ်တန်းတွင် ပါရှိသည့် ကြံခိုင်ရေး ပါတီဘက်မှ လူ ၃ ဦးနှင့် လူငယ် အဖွဲ့ ဘက်မှ ၂ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း နှစ်ဘက် ပြောဆိုချက်များအရ သိရသည်။
ကြံခိုင်ရေးပါတီ စည်းရုံးရေး ယာဉ်တန်းမောင်းနှင်လာစဉ် ယာဉ်ပေါ်လာသူ တချို့က ကျွဲကျောင်းပြန်လာသည့် လူငယ် ၄ ယောက်အုပ်စုကို လက်ပြသောကြောင့် လူငယ်များက လက်ပြန်ပြစဉ် ယာဉ်တန်းနှင့်အတူပါလာသည့် ဆိုင်ကယ်တချို့ က ရပ်တန့်၍ ယင်းလူငယ်များကို ဆဲဆိုပြဿနာရှာရာမှ ပြဿနာစတင်ခြင်း ဖြစ်ကြောင်း ရိုက်နှက်ခံရသူ လူငယ်တဦး
၏ ဦးလေးဖြစ်သူ ကိုဝင်းဇော်က ပြောသည်။
ပုဗ္ဗသီရိမြို့နယ် သစ်ယာကုန်းကျေးရာတွင် နေထိုင်သူ ကိုဝင်းဇော်က“ကျနော်တို့ ကလေးတွေက စ မလုပ်ဘဲနဲ့ သူတို့ စည်း ရုံးရေးကားက ကလေးတွေကို ဘာမဆိုင် ညာမဆိုင် ဝင်လုပ်ရမလားလို့ ကလေးတွေရဲ့ ပြောဆိုချက်အရ ကျနော်က တရား လို လုပ်ပြီး တိုင်ချက်ဖွင့်ခဲ့တာ”ဟု ဧရာဝတီသို့ ပြောသည်။
စည်းရုံးရေးယာဉ်တန်းဘက်မှ တရားလိုလုပ် အမှုဖွင့်ခဲ့သူ ပုဗ္ဗသီရိမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးမြင့်ကြိုင်ကမူ ပလက် ဖောင်းတွင် လမ်းလျှောက်လာသည့် ယင်းလူငယ်များက ယာဉ်တန်းကို လေးခွနှင့်ပစ်သောကြောင့် မည့်သည့်အတွက် ထိုသို့ လေးခွနှင့်ပစ်ကြောင်း ယာဉ်တန်း ရပ်တန့်မေးမြန်းနေစဉ် လူ ၂ ဦး ရောက်လာပြီး ပါတီဝင်များကို တုတ်နှင့် ဝင် ရိုက်ရာမှ ခိုက်ရန် ဖြစ်ပွားမှု စတင်သည်ဟု ပြောသည်။
ဦးမြင့်ကြိုင်က“ကျနော်တို့ဆီကလူတွေမှာ ဘာလက်နက်မှပါသွားတာမရှိပါဘူး။ စည်းရုံးရေးသွားတာပါ ဒီလိုမျိုးလုပ်ဖို့လည်း အစီအစဉ်မရှိဘူး။ တကယ်တန်းခံရတာက ဆုံးရှုံးသွားတာက ကျနော်တို့ဘက်က ဆိုင်ကယ်တွေ အရပ်သား တယောက်ရဲ့ ကား ၁ စီးရယ်၊ လူ ၃ ယောက်တောင် ဆေးရုံရောက်ရတဲ့ အနေအထားပါ”ဟု ပြောသည်။
ထိုသို့ခိုက်ရန်ဖြစ်ပွားပြီး ၁၀ မိနစ်ခန့်အကြာတွင် ဖြစ်ပွားရာနေရာနှင့် အနီးဆုံးကျေးရွာဖြစ်သော သစ်ယာကုန်း ကျေးရွာ ဘက်မှ လူအုပ်စုတချို့ ထပ်မံ ရောက်ရှိလာပြီးနောက် ယဉ်တန်းမှာလည်း ထွက်ပြေးခဲ့ရကြောင်း ကြံ့ခိုင်ရေးပါတီဘက်မှ သိရသည်။
ခိုက်ရန်ဖြစ်ပွားရာနေရာတွင် ကြံ့ခိုင်ရေးပါတီတံဆိပ်ကပ်ထားသည့် ဆိုင်ကယ် ၂ စီး ရိုက်ခွဲဖျက်ဆီးခံထားရပြီး ယင်း အပျက်အစီးများကို တွေ့ရှိရသော်လည်း ထိုသို့ပျက်စီးမှုကို မည့်သည့်ဘက်မှ ပြုလုပ်သည်ကိုမူ တိတိကျကျ မသိရှိရပေ။
အဆိုပါ မဲဆန္ဒနယ်၏ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးမောင်မောင်ဆွေက အခင်းဖြစ်ပွားရာ နေရာ သို့ ၎င်းရောက်ရှိလာသည့် အချိန်တွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး စည်းရုံးရေးမှူး ၁ ဦးကို လူတချို့က ဝိုင်းထားသည့် အနေ အထား အပါအဝင် ဆိုင်ကယ်နှစ်စီး လဲကျနေမှု၊ ဆောင်းဘောက်ပျက်ဆီးနေသည့် အပိုင်းအစများနှင့် ကားပေါ်မှ ဆင်း လာသူများထဲမှ ကျန်ခဲ့သည့် ဖိနပ်တရံတို့ကို တွေ့ရသည်ဟု ဆိုသည်။
ဦးမောင်မောင်ဆွေက“ပြဿနာတက်တဲ့အချိန်မှာ သူဘက်ကိုယ့်ဘက်မလိုက်ဘူး။ လူတွေဝိုင်းထားတဲ့အခါကျတော့ သူ့ကို (ကြံခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး)လည်း အန္တရာယ်မဖြစ်အောင် ဘယ်သူမှမထိနဲ့ဆိုပြီး ကျနော် Cover လုပ်တယ်။ တာဝန်ရှိတဲ့သူကို လှမ်းခေါ်တယ်။ သူတို့အားလုံးကို ဆေးရုံပို့ပေးခဲ့တယ်”ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘက်မှ ပုဗ္ဗသီရိမြို့နယ်ပါတီဥက္ကဌ ဦးမြင့်ကြိုင်က တ ရားလိုပြုကာ အမှုဖွင့်ခဲ့ပြီး ကျည်တောင်ကန်ရဲစခန်းမှ (ပ)၁၀၀/၂၀၂၀ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၃၂၅ (နာကျင်စေမှု)၊ ပုဒ်မ ၃၃၆ (လေးခွဖြင့် ဒဏ်ရာရစေမှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) စသည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
သစ်ယာကုန်း ကျေးရွာဘက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရပ်/ကျေးဥက္ကဌ ဦးကျော်ဝင်းက တရားလိုပြုကာ အမှု ဖွင့်ခဲ့ပြီး ကျဉ်တောင်ကန်ရဲစခန်းမှ (ပ) ၁၀၁/၂၀၂၀ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ပုဒ်မ ၅၀၆ (ချိန်းခြောက်ကြိမ်းမောင်းမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) စသည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
ဦးကျော်ဝင်းသည် လူငယ်များဘက်မှနေ၍ စတင် တိုင်ချက်ဖွင့်ထားသူ ကိုဝင်းဇော်၏ အကို တော်စပ်ပြီး လူငယ်တဦး၏ ဦးလေးတော်စပ်ကြောင်း သိရသည်။
ကျည်တောင်ကန် ရဲစခန်းမှ ရဲအရာခံဗိုလ် လွင်ဦးက“ဥပဒေနဲ့အညီဆက်လုပ်မှာပါ။ အပြန်အလှန် အမှုနှစ်ခုလုံး စခန်းမှူးက ကိုင်တွယ်ဆောင်ရွက်မယ်”ဟု ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ထောက် ခံသူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကို ထောက်ခံသူများအကြား ၂ ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြစ်တင် ရေးသားမှုများလည်း ရှိနေသည်။
မည်သည့်ပါတီများဖြစ်စေ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များပြုလုပ်ရာတွင် လတ်တလော ကျန်းမာရေးဆိုင်ရာ စည်းကမ်း ချက်များကို လိုက်နာရန် လိုအပ်သလို တည်ဆဲဥပဒေများကိုလည်း လိုက်နာရန်လိုအပ်ကြောင်း၊ အုပ်စုဖွဲ့ စည်းရုံးရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ စည်းရုံးရေး ခေါင်းဆောင်များက နိုင်နင်းစွာ ဦးစီးနိုင်ရန်လိုအပ်ကြောင်း ပျဉ်းမနားမြို့ အခြေစိုက် စာရေးဆရာ ဦးကျော်ထင်က ပြောသည်။
ဦးကျော်ထင်က“လမ်းမမှာ အုပ်စုဖွဲ့ ပြီးသွားနေတဲ့ စည်းရုံးမှုတွေက အန္တရာယ်ကြီးတယ်လေ။ ဟိုဘက်အုပ်စုနဲ့ ဒီဘက် အုပ်စုတွေ့တဲ့အခါ တော်တော် အန္တရာယ်ကြီးတဲ့ကိစ္စတွေ။ လမ်းတွေပေါ် အဲဒီလိုအုပ်စုဖွဲ့သွားလာနေတာက စည်းရုံးရေးမှာ အားသာချက်လို့ ဆိုပေမယ့်လည်း ပဋိပက္ခဖြစ်ရေးမှာလည်း အားသာချက်လို့ ကျနော်မြင်တယ်။ ဒါတွေကိုတော့ စည်းရုံးတဲ့ ခေါင်းဆောင်တွေက တတ်နိုင်သမျှ ဖြေလျှော့ပြီးတော့ လုပ်သင့်တယ်”ဟု ပြောသည်။
ပြီးခဲ့သည် စက်တင်ဘာ ၁၁ နေ့ကလည်း နေပြည်တော် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာတွင် လည်း မဲဆွယ်လှုပ်ရှားမှုများ စတင်ချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို နေအိမ်တွင် မစိုက်ထူရန် ဟန့်တားခံရခြင်းနှင့် ဖျက်စီးခံရခြင်း ဖြစ်စဉ်တချို့ ရှိခဲ့ရာ NLD ပါတီမြို့နယ်ဥက္ကဋ္ဌက တရားလိုပြုလုပ်ကာ ရွေးကောက်ပွဲဥပဒေဖြင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
လက်ရှိတွင် ယင်းအမှုနှင့်ပတ်သက်ပြီး ဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လူငယ် ၁ ဦးနှင့် ဆိုင်းဘုတ် မစိုက်ထူရန် ဟန့်တားခဲ့သူ ၃ ဦးကို ဥပဒေအကြံပေး တောင်းခံ၍ တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ရေဆင်းနယ်မြေရဲစခန်းမှ စခန်းမှူး တာဝန် ယူထားသူက ဧရာဝတီသို့ မနေ့က ပြောဆိုထားသည်။
ဆိုင်းဘုတ်ဖျက်စီးသူ လူငယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့အပေါ် အထင်မှားနေခြင်းမရှိရန် ရှင်းပြခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ သွား ရောက် လုပ်ဆောင်ခဲ့သေးသည်ဟု သိရသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများအပြင် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားဝန်ထမ်းများ အများစုနေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ်လအတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ပါတီအသီးသီးနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၇ နေရာ နှင့် အမျိုးသား လွှတ်တော် ၂ နေရာ၊ ကြံ့ခိုင်ရေးနှင့် ပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရခဲ့သည်။
နေပြည်တော် သတင်းထောက် ကျော်မျိုး ပူးပေါင်း ရေးသားသည်။
You may also like these stories:
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့် သူတို့အမြင်
ပြည်တွင်းအခွန် ညွှန်ချုပ် ဦးမင်းထွဋ် NRPC သို့ ပြောင်းရွှေ့ ခံရ
ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့