မြန်မာ့ကော်ဖီများ၏ အဓိက ပြည်ပ ဈေးကွက်များဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများတွင် ကိုဗစ် ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်နေမှုများကြောင့် လာမည့်နှစ် ကော်ဖီတင်ပို့ချိန် ကာလတွင် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်း သွားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့သော ပထမလှိုင်းအစ မတ်လတွင် မြန်မာ့ကော်ဖီ တင်ပို့မှုသည် အနည်းငယ် သာ ကျဆင်းသွားခဲ့ပြီး လာမည့်နှစ် ကော်ဖီခူးဆွတ်ပြီး တင်ပို့မည့် အချိန်၂၀၂၁ မတ်လ တွင်မူ ကမ္ဘာ့ဈေးကွက်တွင်လည်း ကော်ဖီဝယ်လိုအား ကျဆင်းနေခြင်းကြောင့် မြန်မာ့ကော်ဖီတင်ပို့မှုသည် သိသိသာသာ ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်း ဥက္ကဋ္ဌ ဦးမျိုးအေးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ပထမလှိုင်း အစမှာက မူလ အမှာစာတွေ ရှိထားတာဆိုတော့ သိပ်ပြီး အများကြီး လျော့မသွားဘူး။ လာမည့် နှစ် အတွက်ကတော့ ဟိုဘက်က ဝယ်လိုအားအပေါ် မူတည်ပြီး ကျတာ မကျတာက ဖြစ်သွားမှာပေါ့” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ကိုဗစ်ရောဂါကြောင့် မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှုထက် ပြည်တွင်း ကော်ဖီဆိုင်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုသည် ပို၍ ကြီးမားပြီး ထိုလုပ်ငန်းများ၏ ဝင်ငွေသည် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ဦးမျိုး အေးက ပြောသည်။
မြန်မာ့ကော်ဖီ တင်ပို့မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်ပိုင်းများတွင် ကော်ဖီတင်ပို့မှုသည် ဆက်တိုက်မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၈၀၀ ကျော်မှ ၁၀၀၀ ခန့်အထိ တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းက သိရသည်။
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှ ကော်ဖီစိုက် တောင်သူ ဒေါ်အဏ္ဏဝါဖြိုးက “ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် ထွက်သလောက် ဘယ်နှတန် ဖြစ်ဖြစ် ဝယ်တာ။ အခု ကိုဗစ်ဖြစ်တော့ အခု ၃ တန်လောက် ကျန်သေးတယ်။ မရောင်းရတာ ပိုက်ဆံကလည်း အရစ်ကျသဘောမျိုးနဲပဲ ရှင်းပေးနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ယခင်နှစ်များက ယခုချိန်လိုမျိုးတွင် ပြည်ပ ကုမ္ပဏီများထံမှ အမှာစာများ လက်ခံရရှိသည့် ကာလဖြစ်ပြီး ယခုနှစ် တွင်မူ ကိုဗစ်ကြောင့် အမှာစာ တခုမျှ လက်ခံရရှိထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
၎င်းသည် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှ ကော်ဖီစိုက်ပျိုးသော ရွာ ၇ ရွာမှ ကော်ဖီစိုက်တောင်သူများ ပူးပေါင်း တည်ထောင် ထားသော Indigo Mountain Coffee ကုမ္ပဏီမှ တာဝန်ရှိသူတဦး ဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီသည် နှစ်စဉ် ကော်ဖီတန်ချိန် ၁၆ တန်ခန့် ပြည်ပသို့ တင်ပို့ရောင်းချနေရသော ကုမ္ပဏီတခုဖြစ်သည်။
မြန်မာ့ကော်ဖီကို ရှမ်းပြည်နယ်( ရွာငံ၊ ဟိုပုံး၊ နောင်ချို )၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်၊ မိုးကုတ်မြို့များတွင် အဓိက စိုက်ပျိုးလျက်ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးတွင်လည်း မြေပြန့်ကော်ဖီ အမျိုးအစားများကို အနည်းငယ် စိုက်ပျိုးလျက် ရှိကာ တနိုင်ငံလုံးတွင် ကော်ဖီ စိုက်ဧကပေါင်း ၅ သောင်း ကျော် အထိရှိလာကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုတွင် တောင်တန်းဒေသများတွင်သာ စိုက်ပျိုးသော အရည်အသွေးမြင့်၊ ဈေးကောင်းရရှိသော Arabica ကော်ဖီအမျိုးအစားကို ၉၀ ရာခိုင်နှုန်းအထိ စိုက်ပျိုးထုတ်လုပ်ပြီး ကော်ဖီအထွက်များ သော ဈေးနိမ့်၊ မြေပြန့်ကော်ဖီ အမျိုးအစား (Robusta) ၁၀ ရာခိုင်နှုန်းသာ စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။
လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်း ဈေးကွက်အခြေအနေများသည် ယခင်က ထက် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ဉာဏ်ကြီးရှင်ကော်ဖီ လုပ်ငန်းရှင် ဦးငွေထွန်းက ပြောသည်။
၎င်းက “ကျနော်တို့ဆိုရင် ကိုဗစ် ပထမလှိုင်းပြီးရင်တော့ ပြန်ကောင်းမယ်ဆိုပြီး တောင်သူတွေဆီက ကော်ဖီတွေကို ဝယ် ထားခဲ့တာပေါ့။ အဲဒါကလည်း ကျနော်တို့ အမှား မဟုတ်ဘူး။ တောင်သူတွေကို အဲဒီလိုမှ မဟုတ်ရင် သူတို့ဆီက ဘယ် သူမှ လာဝယ်မှာမဟုတ်ဘူး။ သူတို့ကို ကူချင်လို့ ဝယ်လိုက်တာပေါ့။ အဲဒီတော့ ကျနော်တို့ဆီမှာ ကုန်ကြမ်းတွေ အများကြီး ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
ထို့ကြောင့် ဉာဏ်ကြီးရှင် ကော်ဖီ လုပ်ငန်းအနေဖြင့် လှော်ပြီးသား ကော်ဖီများကို တဝက်ဈေးနှုန်းဖြင့် ရောင်းချမည့် အစီ အစဉ်တခုကို အကောင်အထည်ဖော်ပြီး ငွေပေါ်ကာ လုပ်ငန်းဆက်ရပ်တည်နိုင်ရေးအတွက် လုပ်ဆောင်လျက် ရှိသည်။
ဦးငွေထွန်းက “ကျနော်တို့က ဝင်ငွေတခုရလာရင် ကျနော်တို့မှာ ရှိနေတဲ့ ကုန်ကျစရိတ်တွေကို ပေးနိုင်မယ်၊ လစာတွေ ပေးနိုင်မယ်ပေါ့။ SME တွေနဲ့ အနေဖြင့် ဈေးကို လျှော့မယ်၊ စားသုံးသူကို တိုက်ရိုက်ရောင်းမယ် ဆိုတဲ့ စနစ်မျိုးကို လုပ် မယ်ဆိုရင် အဆင်ပြေနိုင်မယ်ထင်လို့ ဒီနည်းကို စသုံးကြည့်တာပါ” ဟု ပြောသည်။
မြန်မာ့ Arabica ကော်ဖီ များသည် ပြည်ပဈေးကွက်တွင် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ တသောင်း အထိ ရှိပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးသော ကော်ဖီများ၏ ဈေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ဝန်းကျင်ရရှိပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများကို အဓိက တင်ပို့ရောင်းချလျက်ရှိကာ ဂျပန်၊ တောင်ကိုရီးယားနှင့် ဒေသတွင်း နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံခန့်ကို တင်ပို့ရောင်းချလျက် ရှိသည်။
ယခုစီးပွားရေးသတင်းအား AYA Bank မှ ပံ့ပိုးကူညီသည်။
You may also like these stories:
မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ရှိလာဟုဆို