၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်ဟောပြောခြင်း ၁၅ မိနစ်စာ ရုပ်သံကို ရန်ကုန်မြို့သို့ လာရောက် ရိုက်ကူးရန် အဆင်မပြေပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းရမည်ဟု ကော်မရှင်ဘက်က မကြာမီရက်ပိုင်းက ဖုန်းဆက် အကြောင်းကြားလာကြောင်း နိုင်ငံရေးပါတီအချို့ထံမှ သိရသည်။
ထားဝယ်တိုင်းရင်း သားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်း က “သူတို့ စကားတခွန်းတော့ ပြောထားတယ်ဗျ။ ရိုက်တော့ ရိုက်ထားလိုက်တဲ့။ အဲဒီလိုမဟုတ်ရင် နောက်ကျသွားလိမ့်မယ် တဲ့။ ဒါပေမယ့် ကျနော်တို့ ပို့တဲ့ဟာကို လွှင့်ပေးမယ် မလွှင့်ပေးဘူးတော့ ယတိပြတ် မပြောဘူးပေါ့” ဟု ပြောကြားသည်။
အဆိုပါ ၁၅ မိနစ်စာ ရုပ်သံကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် နိုင်ငံအဝှမ်းသို့ ထုတ်လွှင့်ပြသရန် ရည်ရွယ် ရိုက်ကူးရခြင်း ဖြစ်ပြီး ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက်၍ ရိုက်ကူးရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၇ ရက်တွင် နိုင်ငံရေးပါတီအချို့ထံအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလဖြစ်သည့်အလျောက် ရန်ကုန်တိုင်း ပြင်ပရှိ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ ရန်ကုန်သို့ရောက်လာပါက ပိုးရှိ၊ မရှိ စစ်ဆေးရမည်ဖြစ်ပြီး အကယ်၍ ပိုးရှိခဲ့လျှင်လည်း Quarantine ဝင်ရမည်ဖြစ်သည်။
ထို့နောက် ရုပ်သံရိုက်ကူးပြီးစီးသဖြင့် နေရပ်ဒေသအသီးသီးသို့ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ ပြန်ပါကလည်း ၎င်းတို့နေရပ်များတွင် ရန်ကုန်မှ ပြန်လာသူများအား Quarantine ထပ်ဝင်ခိုင်းမည့် အခြေအနေရှိနေသည်။
ထို့ကြောင့် ရန်ကုန်တွင် ရုပ်သံ လာရောက်ရိုက်ကူးရမည့် အစီအစဉ်သည် ရန်ကုန်တိုင်းပြင်ပ အခြေစိုက်သည့် နိုင်ငံရေးပါတီများအတွက် အခက်တွေ့စေသည့် သဘောရှိနေကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီအချို့က ဝေဖန်ခဲ့ကြသည်။
ရိုက်ပြီးတော့ ပို့မယ်ဆိုရင် သူတို့ကို တင်ပြရမယ်ပေါ့။ ကျနော်တို့ ဒီလိုရိုက်ပြီးတော့ ပို့ချင်ပါတယ်ပေါ့။ အဲဒီလိုပို့ရင်တော့ သူတို့ဘက်က ခွင့်ပြုတာတို့ ဘာတို့ရှိလာမှာပေါ့။ သဘောကတော့ အဲဒီလိုပါ။ ဒါပေမယ့် ကျနော်တို့ပါတီက လူကိုယ်တိုင် သွားလိုက်တော့ အဲဒီအဆင့်အထိတော့ မရောက်လိုက်ဘူး
ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ရန်ကုန်သို့ လူကိုယ်တိုင်လာရောက်ရန် အဆင်မပြေသဖြင့် ကိုယ့်အစီအစဉ်ဖြင့် ကိုယ်၊ မိမိနေရပ်ဒေသအသီးသီး၌ ရုပ်သံရိုက်ကူးပြီး ပြန်လည် ထုတ်လွှင့်ပေးရန် ပေးပို့လိုပါက ကော်မရှင်ထံ ကြိုတင်ညှိနှိုင်းရမည်ဟု အကြောင်းကြားလာခြင်းဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ အချို့က ပြောပြသည်။
“အခုက ရိုက်ထားဖို့ အကြောင်းကြားလာတော့။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရိုက်တော့ ရိုက်ထားရမှာပေါ့” ဟု ထားဝယ် တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ဧရာဝတီသို့ ပြောသည်။
မည်သည့် အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်ဟော ပြောခြင်း ရုပ်သံကို ရန်ကုန်သို့ မလာဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ရိုက်ကူးထားရန် ပြောင်းလဲ အကြောင်းကြားရသည်အား မေးမြန်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
ရန်ကုန်မြို့ရှိ မြန်မာ့အသံရုံးတွင် မဲဆွယ်ဟောပြောခြင်း ရုပ်သံ သွားရောက်ရိုက်ကူးခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်ကမူ ရန်ကုန်သို့လာရန် အဆင်မပြေပါက ညှိနှိုင်းရန် ဆိုသည့် အကြောင်းကြားစာကို SNLD အနေဖြင့်လည်း လက်ခံရရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရိုက်ပြီးတော့ ပို့မယ်ဆိုရင် သူတို့ကို တင်ပြရမယ်ပေါ့။ ကျနော်တို့ ဒီလိုရိုက်ပြီးတော့ ပို့ချင်ပါတယ်ပေါ့။ အဲဒီလိုပို့ရင်တော့ သူတို့ဘက်က ခွင့်ပြုတာတို့ ဘာတို့ရှိလာမှာပေါ့။ သဘောကတော့ အဲဒီလိုပါ။ ဒါပေမယ့် ကျနော်တို့ပါတီက လူကိုယ်တိုင် သွားလိုက်တော့ အဲဒီအဆင့်အထိတော့ မရောက်လိုက်ဘူး” ဟု ၎င်းက ဆိုသည်။
ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ရိုက်ချင်ပါသည်ဟု ကော်မရှင်ထံ အကြောင်းကြားပါက ကော်မရှင်ဘက်က မည်သည့် ပုံစံဖြင့် ရိုက်ကူးနိုင်သည်ဆိုသည့် ညွှန်ကြားချက်ပြန်လည်ပေးပို့လာနိုင်ကြောင်း ဦးစိုင်းကျော်ညွန့်က သုံးသပ်သည်။
၎င်းက “ကိုယ့်ဟာကိုယ် ရိုက်ချင်တဲ့နေရာရိုက်ဆိုရင်တော့ ခွင့်ပြုမယ်မထင်ဘူး။ MRTV မှာ ရိုက်တဲ့ပုံစံနဲ့ မတိမ်းမယိမ်း၊ နောက်ခံ ဆိုရင် ဘယ်လို ၊ အလံဆိုရင် ဘယ်ဆိုဒ်ကို စားပွဲပေါ် တင်ပါတို့ အဲဒီလိုညွှန်ကြားချက်တော့ လာလိမ့်မယ်ထင်တယ်။ သူတို့ ဆီလာရင်လည်း သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဝင်အောင် ရိုက်ရတာ ဆိုတော့လေ” ဟု ပြောပြသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် UEC က ခွင့်ပြုလျက်ရှိ သည့် မဲဆွယ်ကာလအတွင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရန် စီစဉ်ကြသော်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုများကြောင့် လူ ၅၀ ထက် ပိုမိုစုရုံးခြင်း မပြုရ၊ ၆ ပေအကွာ ဖြင့် နေရန် စသည့် သတ်မှတ်ချက်များအပြင် နေရာဒေသအလိုက် မတူညီ သော ဒေသဆိုင်ရာအာဏာပိုင်တို့၏ အမိန့်၊ ညွန်ကြားချက်အချို့ကြောင့် မဲဆွယ်စည်းရုံးမှုလုပ်ဆောင်ရန် အခက်တွေ့နေ ကြသည်ဟုလည်း သိရသည်။
You may also like these stories:
NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့် သူတို့အမြင်
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား