သတင်း

ကိုဗစ်ကို ထိန်းချုပ်ဖို့ အင်အားအပြည့်ရှိဟု ရန်ကုန်တာဝန်ရှိသူများပြော

Want create site? Find Free WordPress Themes and plugins.

ကူးစက်မှု ဆက်လက်များပြားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ထိန်းချုပ် ကုသရေးအတွက် ဆရာဝန် အင်အား အပြည့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID -19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ဆေးတက္ကသိုလ် (၁)ရန်ကုန်၏ ပါမောက္ခချုပ်လည်း ဖြစ်သည့် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်ထားမှုများအား စက်တင်ဘာ ၁၆ ရက်နေ့က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“လူနာနဲ့ ဆရာဝန်နဲ့ အင်အား မမျှဘူးဆိုတာ မဟုတ်ပါဘူး။ အများထင်သလို၊ အများပြောသလို ကျနော်တို့ နေ့မအိပ်၊ ညမအိပ်နဲ့ ဒုက္ခရောက်ပြီးတော့ ကုသနေကြခြင်းမဟုတ်ပါဘူး။ အခုချိန်အထိ ကျနော်တို့ ဒါတွေကို နိုင်နိုင်နင်းနင်း ဆောင်ရွက် နေနိုင်ပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

ယင်းအပြင် ဝေဘာဂီဆေးရုံ ၊ တောင်ဥက္ကလာပဆေးရုံနှင့် ဖောင်ကြီး COVID-19 ကုသရေးဌာနတို့တွင် ဆရာဝန်၊ ဆရာမအင်အားပြည့်ရှိနေပြီး ထပ်မံတိုးချဲ့ အားဖြည့်မှုအနေဖြင့် နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူး ၂ ဦး ပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးနှင့် ကုသရေးပိုင်းအတွက်လည်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ အဖွဲ့ဝင် ၂၀ ဦးစီ ရောက်ရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအတွင်း ယနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၃၈၉၅ ဦးရှိပြီ ဖြစ်ပြီး ပြန်လည် သက်သာလာသူ ၉၀၈ ဦးနှင့် သေဆုံးသူ ၅၇ ဦးရှိပြီဖြစ်သည်။

ယင်းသို့ ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၀၀ ကျော်ရှိနေပြီး COVID-19 ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံနှင့် လှိုင် Quarantine စင်တာ၊ ရိုးမရိပ်သာ Quarantine စင်တာတို့တွင် ထားရှိကုသလျှက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာ ၃၁ ခုနှင့် ဟိုတယ် ၄၁ ခုတွင် Quarantine ထားရှိနိုင်ရန် စီစဉ်ထားကြောင်းနှင့် လက်ရှိလက်ခံထားရှိသည့် အရေအတွက်နှင့် ပိုမိုထားရှိနိုင်သည့် နေရာကိုလည်း ပြင်ဆင် ဆောင်ရွက်လျှက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဦးဖြိုးမင်းသိန်းက “ ပြည်သူတွေ ပူးပေါင်းပါဝင်မှုရှိလာတဲ့အတွက် လာမယ့် ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်လောက် မှာ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်မယ့် အခြေအနေတခုကို ရလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

အစိုးရဘက်မှ Quarantine နေရာများ တိုးချဲ့စီစဉ်လျှက်ရှိသည်ဆိုသော်လည်း ရိုးမရိပ်သာရှိ အဆောင်များ တွင် နေရာထိုင်ခင်း စီစဉ်ထားရှိခြင်းနှင့် စားသောက်ရေးတို့အတွက် လိုအပ်ချက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း Quarantine ဝင်ရောက်နေသူအချို့က သတင်းမီဒီယာများထံ ထုတ်ဖော် ပြောကြားထားသည်။

ဆေးရုံတွင် ၁၄ ရက်ထားရှိခြင်းနှင့် ပတ်သက်၍လည်း သိပ္ပံနည်းကျ သုတေသနတွေ့ရှိချက်များအရ ရောဂါ ပိုးစတင် ဝင်ရောက်ပြီး ၁၀ ရက်နှင့် ၁၁ ရက်မြောက်နေ့တွင် အခြားသူသို့ ကူးစက်နိုင်မှု မရှိသည့် အခြေအနေမှာ ၉၀ ရာခိုင် နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ရာနှုန်းပြည့် သေချာစေရန်အတွက် နေအိမ်တွင် ၇ ရက် ဆက်လက်နေထိုင်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။

“ တဦးချင်း လိုက်နာဆောင်ရွက်ခြင်းဟာ ကုသနေခြင်းနဲ့ အတူတူပါပဲ။ ပြည်သူလူထုကို ကျနော်က တောင်းပန်ချင် တာကတော့ သည်းခံခွင့်လွတ်ပေးပါ။ ဒီလိုအချိန်မျိုးမှာ ဒီလိုနေဖို့လိုပါတယ်။ အဲဒါကို သည်းခံဖို့လိုပါတယ်။ ကျနော်တို့ ဆေးရုံမှာ ခေါ်ထားရခြင်းဟာ အဓိကက လိုအပ်ဟာတွေ ဆေးတွေပေးပြီး ဆေးကုတာက တပိုင်းပါ။ နောက်တခုက ဆေးရုံမှာနေခြင်းဟာ ကျနော်တို့ ရန်ကုန်ကို ကာကွယ်နေခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

ယင်းအပြင် ပိုးတွေ့လူနာများအား ကုသနိုင်ရေးအတွက် ကုတင်နေရာ ၄၅၀၀-၅၀၀၀ ခန့်အား ပြင်ဆင်ထားပြီး လက်ရှိ တွင် ကုတင်နေရာ ၁၅၀၀ ကျော်သာ ရယူအသုံးပြုထားသေးကြောင်း၊ ရောဂါဆက်လက် မပြန့်ပွားရေး အတွက် ပြည်သူလူထုများကလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာခြင်းဖြင့် ပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည် အမျိုးသားရေးကိစ္စဖြစ်သဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက်က နေပြည်တော်တွင် ပြောကြားခဲ့သည်။

You may also like these stories:

ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်မယ်

အစိုးရ Quarantine မူဝါဒ မေးခွန်းထုတ်မှုများ ရှိလာနေ

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading