၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို အင်တိုက်အားတိုက် ထောက်ခံမဲ ပေးကြရန်နှင့် မည်သည့်အတွက်ကြောင့် ထိုသို့ မဲပေးသင့်သည်ဟူသော အချက်များကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၏ ဟောပြောချက် အစီအစဉ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ၁၅ မိနစ်စာ ထုတ်လွှင့်ဟောပြောချက်၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ပြောကြားချက်တွင် ၂၀၁၆ မတ်လကုန်၌ အစိုးရတာဝန် ယူခဲ့ပြီးသည့်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရင်ဆိုင်ရ သည့် စိန်ခေါ်မှုများကို နှစ်ပေါင်းများစွာ ပစ်ထားခံခဲ့ရသော ခြံမြေကွက်ကြီးအား တန်ဖိုးရှိသည့် ဥယျာဉ်တခု ဖြစ်လာအောင် လုပ်ဆောင်ရခြင်းနှင့် နှိုင်းယှဉ် ပြောပြသွားသည်။
အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေသည့် အဆိုပါ ခြံမြေကွက်ကြီးကို လုံခြုံ၊ လှပ၊ တန်ဖိုးရှိ သည့် ဥယျာဉ်ကြီးတခုဖြစ်ရန် ကြိုးပမ်းနေရပြီး စိတ်ချရသည့်၊ ခိုင်မြဲသည့်အဆင့် ရောက်လာရန် ဆက်လက် ဆောင်ရွက် စရာများ ရှိနေသေးသောကြောင့် NLD သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရသည့် အကြောင်းအရင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ခြံစည်းရိုး စခတ်၊ စတင် ရှင်းလင်းပြီး အရိုင်းအဆင့်က ဥယျာဉ်ပုံစံ ပေါ်စဖြစ်နေတဲ့ တန်ဖိုးရှိ မြေကြီးကို လန်းဆန်းစိုပြေ၊ ဖူးပွင့်ဝေဆာ၊ အဟာရပြည့် သစ်သီးဝလံ၊ အရိပ်ပေးသစ်ပင်များနဲ့ သာယာလုံခြုံရာဘုံ ဖြစ်အောင် ဆောင်ရွက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၃၂ နှစ်တာ ဖြတ်သန်းခဲ့သော သမိုင်း ကြောင်းနှင့် ပြည်သူလူထု၏ ထောက်ခံမှု၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရလဒ်နှင့် အခြေအနေများလည်း ပါဝင်သည်။
NLD သည် ပြည်သူလူထု၏ ထောက်ခံမှုများဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈၂ ရာခိုင်နှုန်းခန့် (လွှတ်တော်ခေါ် ခွင့်ရသည့် အဆင့်ပင် မရောက်ခဲ့)၊ ၂၀၁၂ ကြားဖြတ်တွင် ဝင်ပြိုင်သည့် မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိခဲ့ ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၇၉ ရာခိုင်နှုန်းခန့် အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သလို ၂၀၂၀ တွင်လည်း NLD ကို သာ ထောက်ခံမဲပေးရေး တိုက်တွန်းပြောဆိုထားသည်။
“NLD က ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဟာ ပြည်သူရဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံတဲ့ စွန့်စားချက် တရပ် ဖြစ်ပါတယ်” ဟုလည်း ပြည်သူကို ယုံကြည်အားကိုးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အခုလို အာဏာရတဲ့ နိုင်ငံရေးပါတီ တရပ်ကတော့ နောက်သက်တမ်းမှာလည်း သူက ချမှတ်မယ့် လမ်းစဉ်တွေ၊ ပေါ်လစီတွေ၊ လုပ်ကိုင်ဆောင်ရွက်တာတွေကို လွတ်လွတ်ကျွတ်ကျွတ် ဘယ်သူနဲ့မှ ညှိနှိုင်း တိုင်ပင်စရာမလိုဘဲနဲ့ လုပ်ရတဲ့ အနေအထားမျိုးကိုတော့ နိုင်ငံရေးပါတီတိုင်းက လိုလားကြတာပေါ့
ဆက်လက်၍ ၎င်းက ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော် အသီးသီးတွင် ၇၅ ရာခိုင်နှုန်းသော ကိုယ် စားလှယ်များကိုသာ ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ခန့်အပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စံနှုန်းထားများ ပြည့် မီခြင်း မရှိကြောင်း၊ အစိုးရတခု ဖွဲ့စည်းနိုင်ရေး ယင်း ၂၅ ရာခိုင်နှုန်း အတားအဆီးကို NLD က ဖြတ်ကျော်ရမည်ဖြစ်ပြီး ယှဉ် ပြိုင်ခွင့်ရသော ၇၅ ရာခိုင်နှုန်း နေရာများအနက် အနည်းဆုံး ၆၇ ရာခိုင်နှုန်း အောင်နိုင်ရန် လိုအပ်ကြောင်း ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီလို လိုအပ်ရာ ရာခိုင်နှုန်းတွေ တွက်ချက်မနေရအောင် ကျမက ပြည်သူတွေကို မေတ္တာရပ်ခံ ချင်တာကတော့ NLD ယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ အောင်နိုင်ရေးကိုသာ ဦးတည်ပြီး အင်တိုက်အားတိုက် ကျမတို့ ပါတီကို မဲပေးကြပါ။ မဲတခုချင်းဟာ မဖြတ်နိုင်တဲ့ တန်ဖိုးရှိပါတယ်” ဟု တိုက်တွန်း ပြောဆိုသည်။
NLD အစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ထူထောင်ပြီး နှစ်ရှည်လပေါင်းများစွာ နိုင်ငံ နှင့် နိုင်ငံသူ/သားများကို ဒုက္ခပေးခဲ့သည့် ပြည်တွင်းစစ်မီးများ ငြိမ်းအေးစေရေး၊ နိုင်ငံရေးပြဿနာများကို လက်နက်နည်း၊ အကြမ်းဖက်နည်းတို့ဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ဓလေ့၊ ယဉ်ကျေးမှု (တကယ်တော့ ရိုင်းစိုင်းမှုလို့ ခေါ်သင့်ပါတယ်ဟုဆို) များ ပပျောက်ရေးအတွက် အဆက်မပြတ် ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။
လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားခဲ့ရာတွင် အောင်မြင်သည့်အဆင့် မရောက်ခဲ့သော်လည်း အခြေ ခံဥပဒေ၏ ပြင်ဆင်ရန်လိုအပ်သော အကြောင်းအရင်းများအား ပြည်သူများ သိခွင့်ရခဲ့ခြင်းက အောင်မြင်မှု တရပ် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်သည့် ပြည်ပဖိအားများ အကြောင်းကိုလည်း ၎င်းက ထည့်သွင်း ပြော ဆိုခဲ့သည်။
ထို့ပြင် နိုင်ငံတနိုင်ငံ၏ အမှန်တကယ် တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်သည့် ငြိမ်းချမ်းတည်ငြိမ်မှု၊ တရားဥပဒေက ပေး သည့် လုံခြုံမှု၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အရေးဆုံးဖြစ်သော ပညာ၊ ကျန်းမာ၊ စိတ်ဓာတ် မြင့်မားသည့် ပြည်သူလူထု အရင်းအမြစ်များ ခိုင်မြဲသည့် အဆင့်ရောက်အောင် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုဖြင့် NLD အစိုးရက ဆက်လက် တာဝန်ယူ ဆောင်ရွက်ချင်ပါသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “အခုလို အာဏာရတဲ့ နိုင်ငံရေးပါတီ တရပ်ကတော့ နောက်သက်တမ်းမှာလည်း သူက ချမှတ်မယ့် လမ်းစဉ်တွေ၊ ပေါ်လစီတွေ၊ လုပ်ကိုင်ဆောင်ရွက်တာတွေကို လွတ်လွတ်ကျွတ်ကျွတ် ဘယ်သူနဲ့မှ ညှိနှိုင်း တိုင်ပင်စရာမလိုဘဲနဲ့ လုပ်ရတဲ့ အနေအထားမျိုးကိုတော့ နိုင်ငံရေးပါတီတိုင်းက လိုလားကြတာပေါ့” ဟု သုံးသပ်သည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို လွှတ်တော်က ရွေးရခြင်းဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ် အနိုင်ရရှိမှု မဲရလဒ်က အရေးကြီးသည့်အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ရှိနေရာ ရွေးကောက်ပွဲတွင် ၇၀ ရာခိုင်နှုန်း နီးပါး အနိုင်ရရှိမှသာ လွှတ်တော်အတွင်း သမ္မတ ရွေးရာတွင် ပြတ်ပြတ်သားသား အနိုင်ရ ရရှိမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်း NLD အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူလူထုက သိပ်ပြီး အားရကျေနပ်ခြင်းမျိုး မတွေ့ ရသော်လည်း NLD အစိုးရ၏ လုပ်ဆောင်ချက် ညံ့ဖျင်းခြင်း တခုတည်းကြောင့် မဟုတ်ဘဲ ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ သိသာစွာ အောင်မြင်မှုမရခြင်း၊ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါက လည်း ဝင်လာရာ ကံဆိုးသည်ဟု ပြောနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
သို့သော်လည်း လက်ရှိ စီမံခန့်ခွဲမှုအတိုင်းပဲ ဆက်သွားမည်ဆိုပါက နောက်လာမည့် ၅ နှစ်သက်တမ်းတွင်လည်း ထူးထူးခြားခြား ကောင်းလာရန် မလွယ်ကြောင်း ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း/ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက် ကိုယ်စား လှယ်လောင်း စုစုပေါင်း ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
You may also like these stories:
မဲဆွယ်ဟောပြောခြင်းရုပ်သံ ရိုက်ကူးရန် အဆင်မပြေပါက UEC နှင့် ညှိနှိုင်းနိုင်
NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့် သူတို့အမြင်