နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) အတုပြုလုပ်မှုနှင့် ဆက်စပ်သူ ၅ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီး ရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်းက အတည်ပြုပြောကြားသည်။
ဖမ်းဆီးခံထားရသူများမှာ ဂေါ်လီ(ခ) စိုးမြင့်(ခ)ဟာရှင်၊ မျိုးဝင်း(ခ) အီဗရာဟင်(ခ)ပြောင်ကြီး အပါအဝင် ၅ ဦးဖြစ်ပြီး ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး(လ.ဝက)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န) ဝန်ထမ်းများနှင့် ရင်းနှီးသည်ဟုဆိုက မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးမည်ဟုဆိုကာ အခြားသူတဦးထံမှ ငွေကြေး ရယူကာ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရသည်။
သုဝဏ္ဏနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက “၅ ဦးကို ဖမ်းဆီးထားတာ ဟုတ်ပါတယ်၊ လောလောဆယ်တော့ သူတို့ကို မူလ အမှုဖွင့်ထားတဲ့ လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ပဲ အမှုဖွင့်ထားတာ ရှိပါသေးတယ်” ဟု ပြောသည်။
လက်ရှိ ဖမ်းဆီးထားသူ ဂေါ်လီ(ခ)စိုးမြင့်(ခ)ဟာရှင် ဆိုသူမှ လွန်ခဲ့သည့် ၅ လခန့်ကမှတ်ပုံတင်နှင့် ယာဉ်မောင်း လိုင်စင် များကို ၁ ခုလျှင် ၄ သိန်းကျပ်ဖြင့် လွယ်ကူစွာ ပြုလုပ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည့်အတွက် တရားလိုဖြစ်သူ ဦဇော်လေးမှ ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများအတွက် မှတ်ပုံတင် ၃ ခုနှင့် ယာဉ်မောင်းလိုင်စင် ၃ ခု ပြုလုပ်ပေးရန် ကျပ် ၂၄ သိန်း ပေးချေခဲ့ကြောင်း သိရသည်။
ယင်းသို့ ပေးချေမှုအား ဂေါ်လီဆိုသူက ရယူကာ ကတ်များအား ဇွန်လ ၂၄ ရက်နေ့တွင် ရရှိမည်ဟုဆိုကာ တိမ်းရှောင် နေသည့်အတွက် တရားလို ဦးဇော်လေးက သုဝဏ္ဏနယ်မြေရဲစခန်းတွင် (ပ)၇၁၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အမှုနှင့် ပတ်သက်ပြီးစုံစမ်းရာတွင် ဂေါ်လီဆိုသူအား စက်တင်ဘာ ၁၅ ရက်နေ့က တောင်ဒဂုံမြို့နယ်လိပ်စာတွင် မတွေ့ ရှိရသည့်အတွက် တရပ်ကွက်တည်း နေထိုင်ပြီး ၎င်းနှင့်ဆက်စပ်သည့် မှတ်ပုံတင်အတုပြုလုပ်ရာတွင် ပွဲစား ဟုဆိုသူ မျိုးဝင်း(ခ) အီဗရာဟင်(ခ)ပြောင်ကြီးအား ဖမ်းဆီးစစ်မေးရာ ဂေါ်လီမှာ ဒဂုံဆိပ်ကမ်းတွင် နေထိုင်ကြောင်း သိရှိရပြီး ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖမ်းဆီးရာတွင် မျိုးဝင်းထံမှ အတုဟုယူဆရသည့် မှတ်ပုံတင်တခုနှင့် ဂေါ်လီထံမှ စိုးမြင့်အမည်ပါ သတင်းတပ်ဖွဲ့၊ သတင်းပေး စိစစ်ရေးကဒ်တခုကိုပါ သိမ်းဆည်းမိကြောင်းလည်း သိရသည်။
ယင်းသို့ မှတ်ပုံတင်ကဒ်နှင့် ယာဉ်မောင်းလိုင်စင်များ၊ ကားနံပါတ်၊ ယာဉ်လိုင်စင် အတုပြုလုပ်မှုများမှာ ယခင်ကလည်း ဖမ်းဆီးရမိမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက ပြုလုပ်သည့် နေပြည်တော် ကျောက်မျက်ပြပွဲတွင်လည်း မြန်မာ မှတ်ပုံတင်အတုဖြင့် ဝင်ရောက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသား ၃ ဦးအား ဖမ်းမိခဲ့သေးသည်။
ထို နေပြည်တော် ကျောက်မျက်ပွဲတွင်ဖမ်းမိသည့် တရုတ်နိုင်ငံသားများအား လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု၊ လ.ဝ.က အက်ဥပဒေ ၁၃(၁) တို့ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းလည်း သိရသည်။
နေပြည်တော်မှ လ.ဝ.က အရာရှိ ၁ ဦးက “မှတ်ပုံတင်အတုက လုံခြုံရေးအရလည်း စိုးရိမ်စရာရှိတယ်၊ ထိထိရောက် ရောက် ဖမ်းဆီး စိစစ်ဖို့လိုတယ်။ ဖော်ထုတ်ပြီးရင် ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ဖို့လိုတယ်။ ဖမ်းတဲ့သူက ဖမ်းပေမယ့် ငွေဒဏ်လေး မဖြစ်စလောက်၊ ထောင်ဒဏ်လေး မဖြစ်စလောက်နဲ့ ပြန်ပြန်လွတ်သွားတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင် ကြာလာတဲ့အခါ ဖမ်းတဲ့သူကလည်း စိတ်ပျက်သွားတာပေါ့ဗျာ။ နောက်မလုပ်ရဲအောင်။ ကိုယ့်ရဲ့ အချုပ်အခြာ အာဏာကို သိအောင် လုပ်သင့်တယ်။ ကိုယ့်ရဲ့အချုပ်အခြာ အာဏာကို ထိပါးသလို ခံစားရတယ်” ဟု သုံးသပ်ပြောကြားသည်။
COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကာလအတွင်းမှာပင် တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား များနှင့် ရခိုင်ပြည်နယ်မှ တရားမဝင် လာရောက်သည့် မွတ်စလင်များအား မကြာခဏ ဖမ်းမိလျက်ရှိသည်။
You may also like these stories:
တာချီလိတ်မြို့တွင် ထိုင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ
Music Zone ဆိုင်ရှင်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ရန် စီစဉ်
မြဝတီမူးယစ်အမှု ကွင်းဆက်မှ ကျပ် ၁၀ ဘီလီယံကျော် မူးယစ်ဆေးများ ထပ်မံဖမ်းမိ