ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နယ်မြေခံတပ်ရင်း ရှေ့မျက်နှာစာ တပ်ရင်းဂိတ်အနီးတွင် စိုက်ထူထားသည့် အာဏာရ အမျိုး
သား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီ၏ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ပြန်ဖြုတ်ချပေးရန် တပ်မတော်နှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တပ်ရင်း ဌာနချုပ်နှင့် ပေ ၂၀၀ ခန့်အကွာ ရန်ကုန် – ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီး၌ စက်တင်ဘာ ၁၃ ရက်တွင် NLD ပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့မှ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ လည်းကောင်း ပါတီ ဆိုင်းဘုတ်များအား သွားရောက် စိုက်ထူခဲ့ကြသည်ဟု သိရသည်။
ယင်းကိစ္စကို ဖြေရှင်းရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မနေ့က အစည်းအဝေး ပြုလုပ်ရာ တပ်မတော် အရာ ရှိများနှင့် တက်ရောက်လာပြီး ညှိနှိုင်းမှုအရ ပါတီဘက်က နေရာ ရွှေ့ ပြောင်းပေးရန် သဘောတူညီခဲ့ကြောင်း NLD ပါတီမှ မှော်ဘီ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
ဦးအောင်ဝင်းက“ကျနော်တို့ကလည်း တပ်ကို နားလည်ပါတယ်။ တပ်ရဲ့ ဥပဒေတွေမှာ ဒီလို ရှောင်ရမယ်ဆိုတာ သိပါတယ်။ မူလကလည်း စည်ပင်တို့ ကော်မရှင်တို့က ချပေးတဲ့နေရာကို ထောင်တာပါ။ အဲဒါကို ပြန်ရုတ်ပေးမယ်။ တခုရှိတာက အောက်ခြေ ပါတီဝင်တွေကို ပြန်ညှိနေရတဲ့ အဆင့်မှာ ရှိနေသေးတယ်။ ဒါပေမယ့် လုံးဝ ပြန်ပြောင်းပေးမှာပါ”ဟု ပြော သည်။
၎င်းတို့ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ် စတင်ထောင်ခဲ့စဉ်က မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းနေရာသို့ အခြားပါတီမှ ရောက်လာသည့်အခါ တပ်မတော်ဘက်က စတင်ကန့်ကွက်ခြင်း ဖြစ်ကြောင်း၊ ထို့နောက် NLD ပါတီ ဆိုင်းဘုတ်ကိုလည်း ခွင့်မပြုနိုင်ဟု အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဆိုင်းဘုတ်များ ပြန်ဖြုတ်ချပေးရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ညှိနှိုင်းသည့်အခါ ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့က ပြောင်းရွှေ့ ပေးခဲ့သော်လည်း NLD ပါတီက မရွှေ့ ပေးသဖြင့် ကော်မရှင် အဆင့်ဆင့်သို့ ဆက်လက် ညှိနှိုင်းလျက်ရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ညနေပိုင်းတွင် ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“တပ်ရှေ့ မှာ ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ထောင်ထားတာကို ခွင့်ပြုရင် တပ်က ထောင်ထားတာဆိုပြီး စွပ်စွဲဦးမယ်။ NLD ဆိုင်းဘုတ်ကို လက်ခံထားရင်လည်း NLD ထောက်ခံတယ်လို့ စွပ်စွဲဦးမယ်။ အဲဒါကြောင့် ဘယ်ပါတီမှ လက်မခံတာပါ”ဟု ပြောသည်။
၁၉၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေး အဆောက်အဦများ၊ လုပ်ငန်းများဆိုင်ရာ အက်ဥပဒေကို ၂၀၁၀ ခုနှစ်၊ နို ဝင်ဘာလတွင် နိုင်ငံတော် ကာကွယ်ရေး အဆောက်အဦနှင့် လုပ်ငန်းများဆိုင်ရာ ဥပဒေဟူ၍ ပြင်ဆင်ခဲ့ရာ ယင်းဥပဒေ အရ တပ်မတော်တပ်ရင်းတပ်ဖွဲ့ များနှင့် ကိုက် ၁၀၀၀ အကွာ၊ ၂၀၀၀ အကွာတွင် ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များ ရှိကြောင်း သိရသည်။
“ဥပဒေနဲ့ ညီတယ် မညီဘူးဆိုတာက တပ်နဲ့ ပတ်သက်ရင် တပ်ရဲ့ ရပ်တည်ချက်က နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လာရင် တပ်တွင်း စည်းလုံး ညီညွှတ်မှုက အရေးကြီးတယ်။ ဝိဝါဒ ကွဲပြားနေတာမျိုးတွေ လုပ်လို့ မရဘူး။ လက်နက်ကိုင် အဖွဲ့ အစည်းတွေမှာ။ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပါ။ ကျန်တဲ့နေရာတွေမှာ စိုက်လို့ ရပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရန်ကုန် မြောက်ပိုင်းခရိုင် ကော်မရှင် ဥက္ကဌ ဦးမောင်မွှေးကလည်း “မြို့နယ် ကော်မရှင်ရဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကနေ တပ်ရယ်၊ စည်ပင်ရယ်၊ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေရယ် ပေါ့နော်။ မနေ့ကအထိ ညှိနှိုင်းလိုက်တာ အဆင်ပြေသွားပါပြီ။ မေတ္တာရပ်ခံတာရောပေါ့”ဟု ရှင်းပြသည်။
ဥပဒေအရ နိုင်ငံရေး ပါတီများသည် အောင်နိုင်ရေးကာလတွင် ဆိုင်းဘုတ်ထောင်သည့်အခါ ကော်မရှင်ဆီသို့ စာတင်ရပြီး တင်ပြစာတွင် အများပိုင်နေရာများတွင် ပြုလုပ်မည့် မြို့နယ် စည်ပင်၏ ခွင့်ပြုချက်နှင့် စည်ပင်ကို အခွန်ဆောင်ရကြောင်း၊ ထိုအခါ ကော်မရှင်က ခွင့်ပြုကြောင်း သိရသည်။
“ဘယ်နိုင်ငံရေး ပါတ မဆို အဲလိုမျိုးနဲ့ ထောင်ခွင့် ရှိပါတယ်။ ဒါက ဥပဒေအရ လုပ်တာ။ ဥပဒေအရတော့ အမှန်ပါ။ ဒါပေ မယ့် အခြားအကြောင်းကြောင်းကြောင့် တပ်ဘက်က ကန့်ကွက်တာတို့ မေတ္တာရပ်ခံတာတို့ ဒါတွေတော့ ရှိတာပေါ့။ ဥပဒေအတိုင်းကတော့ အမှန်ပါပဲ”ဟု ဦးမောင်မွှေးက ပြောသည်။
NLD ပါတီကမူ နောက်ပိုင်းတွင် အရပ်သားများ၏ အိမ်ရှေ့တွင်သာ ဆက်လက် စိုက်ထူရန် စီစဉ်ထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး ပြင်းထန်နေချိန် လူသေပျောက်မှုများကလည်း နေ့စဉ်နှင့်အမျှ တိုးတက်လျက် ရှိရာ လူစုလူဝေး ဖြစ်ပေါ်စေသည့် ရွေးကောက်ပွဲ ဆိုင်ရာ မဲဆွယ် စည်းရုံးမှုအပေါ်တွင်လည်း ပြည်သူလူထု၏ စိုးရိမ်မှုများက ရှိနေသည်။
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ကို ထပ်မံ အတည်ပြုထားပြီး ရွေး ကောက်ပွဲ ရွှေ့ဆိုင်းရန်ကိုမူ လာမည့် အောက်တိုဘာလတွင် ကြေညာမည်ဟု ပြောဆိုထားသည်။
You may also like these stories:
NLD ကို မဲပေးသင့်သည့်အချက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြော
မဲဆွယ်ဟောပြောခြင်းရုပ်သံ ရိုက်ကူးရန် အဆင်မပြေပါက UEC နှင့် ညှိနှိုင်းနိုင်
ဝေဖန်ခံနေရသည့် ကိုယ်စားလှယ်လောင်းကို ဖယ်ရှားရန် အစီအစဉ် မရှိဟု ပြည်သူ့ရှေ့ဆောင်ပါတီဆို