နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်ကို မနေ့က စက်တင်ဘာ ၁၉ ရက် နေ့ညက လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကွက်သစ်တွင် နေထိုင်သည့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးမှာ နေအိမ်တွင် ရှိနေစဉ် အိမ်ခေါင်မိုးသို့ ပစ္စည်းတခုဖြင့် ပစ်လိုက်သည့်အသံ ကြားသောကြောင့် ခြံဝန်းအတွင်း လိုက်လံကြည့်ရှုရာ အိမ်ရှေ့ ခြံဝန်းအတွင်း ရပ်ထားသည့် ကားအနီးတွင် လက်ပစ်ဗုံးကိုတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့တွေရှိရသောကြောင့် သက်ဆိုင်ရာသို့အကြောင်းကြားရာတွင် ရဲတပ်ဖွဲ့အပါအဝင်၊ အမှတ် (၉၂၀) စစ်မြေပြင် အင်ဂျင် နီယာ တပ်ရင်းမှ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များ သွားရောက်စစ်ဆေးရာ လက်ပစ်ဗုံးဖြစ်ကြောင်း တာဝန် ရှိသူများက အတည်ပြုပေးခဲ့သည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက“ပူးပေါင်းအဖွဲ့နဲ့ သွားရောက်စစ်ဆေးခဲ့တယ်။ သွားရောက် စစ် ဆေးခဲ့တဲ့အခါ အိမ်နီးချင်းနိုင်ငံတနိုင်ငံက ထုတ်လုပ်တဲ့ လက်ပစ်ဗုံးတခုလို့ သိရတယ်။ ဗုံးသီးကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်”ဟုပြောသည်။
ထိုသို့လက်ပစ်ဗုံးဖြင့် ပစ်ခံရသော်လည်း လက်ပစ်ဗုံးမှာ ပေါက်ကွဲသွားခြင်း မရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ ကာယကံရှင်ဖြစ်သည့် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးကို ဆက်သွယ် မေးမြန်းရာတွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)များနှင့် စကားပြောနေသောကြောင့် မအားသေး၍ နောက်မှ ဖုန်းခေါ်ဆိုရန်ပြောဆိုခဲ့ပြီးနောက်တွင် အကြိမ်ကြိမ်ထပ်မံဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းက မူ ထိုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားမှုမှာ မှန်ကန်ကြောင်း၊ ၎င်းအနေအဖြင့် အပြည့်အစုံ မသိရသေးဘဲ အထက် အဆင့်ဆင့်သို့ ဖြစ်စဉ် တင်ပြန်ရန်အတွက် စုံစမ်းမေးမြန်းမှုများပြုလုပ်နေကြောင်း ဧရာဝတီကိုပြောသည်။
မနေ့က ည ၁၀ နာရီအချိန်ခန့်တွင် ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်တွင် လက်ပစ်ဗုံး ဟု ယူဆရသည့် အစိမ်းရောင် ဗုံးသီးတလုံး တွေ့ ရှိကြောင်း အကြောင်းကြားသဖြင့် ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး ကျော်သီဟက ပြောသည်။
“လက်ပစ်ဗုံးအား ပေါက်ကွဲမှုမဖြစ်စေရေးအတွက် လုခြုံရေးအစီအမံများလုပ်ဆောင်ပြီး သိမ်းဆည်းခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်”ဟု ရဲမှူးကြီး ကျော်သီဟက ပြောသည်။
ယခုကဲ့သို့လုပ်ရပ်မှာ ဒီမိုကရေစီမဆန်သောလုပ်ရပ်ဖြစ်ပြီး လက်တွေ့တွင် အကြမ်းဖက်ဆန်သည့်လုပ်ရပ်ဖြစ်သောကြောင့် ယခုလုပ်ရပ်ကိုဆန့်ကျင်ကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်ကပြောသည်။
ယခုကဲ့သို့လုပ်ရပ်မှာ ဒီမိုကရေစီမဆန်သောလုပ်ရပ်ဖြစ်ပြီး လက်တွေ့တွင် အကြမ်းဖက်ဆန်သည့်လုပ်ရပ်ဖြစ်သောကြောင့် ယခုလုပ်ရပ်ကိုဆန့်ကျင်ကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်ကပြောသည်။
ဦးခင်မောင်ဇော်က “ဒီလိုဖြစ်စဉ်ဟာမကောင်းဘူး။ ကျနော်လည်းဆန့်ကျင်တယ်။ ဒါမျိုးမဖြစ်အောင်လည်း ထိန်းသိမ်းရ မယ်။ ဒီလိုအရိပ်အရောင်တွေပြလိုက်တာနဲ့ ရွေးကောက်ပွဲကြီးနောက်ဆုတ်သွားအောင်လို့ဆိုတာမျိုးကတော့ အစိုးရက လည်း လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုအကြပ်ကိုင်တာမျိုးကို လက်မခံဘူး”ဟု ပြောသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တသီးပုဂ္ဂလအပါအဝင် ပါတီပေါင်း ၁၂ ခုမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၇၆ ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တည်ပြုထားသည်။
နေပြည်တော်တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ စသည့် မြို့ နယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ နေရာ ရှိသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများအပြင် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားဝန်ထမ်းများ အများစုနေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ်လအတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။
You may also like these stories:
ကော့ကရိတ်တွင် တပ်မတော် အရာရှိနှင့်စစ်သည်များ လုပ်ကြံခံရမှု လက်သည်မပေါ်သေး
မြန်မာနိုင်ငံပို့မည့် တရုတ်လက်နက်များ မဲဆောက်တွင်မိ