ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပါအဝင် အခြားမြို့ အချို့တွင် ပြုလုပ်နေသော ဆန္ဒပြပွဲများတွင် ပါဝင် ပတ်သက်မှု မပြုကြရန်နှင့် သတိထားသွားလာကြရန် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေး ဆောင်ရွက်နေသူများက သတိပေးပြောဆိုလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အဆိုပါဆန္ဒပြပွဲများတွင် ၎င်း၏ အလုပ်ရှင်၊ မိတ်ဆွေ သို့မဟုတ် ငွေကြေးအရ ကမ်းလှမ်းမှုများ ရှိလာလျှင်လည်း မပတ်သတ်မိစေရန် မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)၊ ဥက္ကဋ္ဌ ဦးမိုးကြိုး က သတိပေးသည်။
ဦးမိုးကြိုးက “ပြီးခဲ့တဲ့ ၂၀၀၆၊ ၂၀၀၇ တုန်းက အနီတွေ၊ အဝါတွေ နိုင်ငံပေးပါတီတွေရဲ့ အားပြိုင်မှုတွေမှာလဲ လုပ်သားတွေကို အင်းကျီ အဝါဝတ်ခိုင်းတာတို့၊ အနီဝတ်ခိုင်းတာတို့ ရှိခဲ့တာကြောင့် မိမိတို့ အလုပ်ရှင်ကဖြစ်စေ မန်နေဂျာက ဖြစ်စေ ငွေဘယ်လောက်ပေးပေး ထိုင်းဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူးဆိုတာ သိထားရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘန်ကောက်မြို့ပေါ်တွင် စနေနေ့က စတင်ခဲ့သည့် ဆန္ဒပြပွဲတွင် ထိုင်းတက္ကသိုလ်ကျောင်းသားများက ဦးဆောင်၍ နိုင်ငံရေး လှုပ်ရှားသူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး “ရွေးကောက်ပွဲသစ် ကျင်းပပေးရန်နှင့် ဘုရင်စံနစ် ပြုပြင်ပြောင်းလဲပေးရန်” တောင်းဆိုနေကြသည်။
ဘန်ကောက်မြို့တွင် လူဦးရေ ထောင်ချီ ပါဝင်သော ဆန္ဒပြပွဲ ပြုလုပ်နေသည့် တချိန်တည်းမှာဘဲ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အပါအဝင် အခြား မြို့ အချို့တွင်လည်း မိုးများရွာနေသည့် အကြား ပြသခဲ့ကြသည်။ မဲဆောက်မြို့ ဆန္ဒပြပွဲတွင် လူဦးရေ ၃၀၀ ခန့်တက်ရောက်ကြောင်း JACBA ဥက္ကဋ္ဌ ကပြောသည်။
ထိုင်းနိုင်ငံတွင် ဘုရင်စံနစ်ကို ဝေဖန် ပုတ်ခတ်မှုများ ပြုလုပ်လျှင် ထောင် ၁၅ နှစ် အထိ ကျခံရနိုင်သည့် ဥပဒေ ပြဌာန်းထားသည်။
ဆန္ဒပြပွဲများကို ကိုင်တွယ်ရန် ထိုင်းအစိုးရက ရဲတပ်ဖွဲ့ထောင်ချီသုံးရန် ပြင်ဆင်ထားပြီး ရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ထိုဆန္ဒပြပွဲများနှင့် ကင်းကင်းနေရန်အပြင် လုပ်ငန်းခွင် သွားလာမှု၊ မိတ်ဆွေများထံသွားလည်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ငွေထုတ်-ငွေလဲသွားခြင်း ကိစ္စရပ်များကို သတိနှင့် သွားလာပြီး အထောက် အထားများကို ကိုယ်နှင့် မကွာ ဆောင်ထားကြရန်လည်း တိုက်တွန်းကြသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦး ကလည်း “ဆန္ဒပြပွဲနဲ့ နီးတဲ့နေရာက လုပ်သားတွေအနေနဲ့ ပိုပြီးတော့ သတိထားဖို့လိုတယ်။ တတ်နိုင်သလောက် ရှောင်တာကောင်းတာပေါ့။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း ကိုယ့်ရဲ့ အထောက်အထားတွေကို သေချာယူသွားဖို့ပေါ့။ ဘာလို့လဲဆိုရင် အဲဒီမှာက စစ်တာဆေးတာတွေက တောက်လျှောက်ဆိုတော့ ကိုယ်တွေပါ ဆန္ဒပြတဲ့လူတွေနဲ့ ရောပြီးတော့ အရေးယူခံရတာမျိုး ဖြစ်မှာစိုးလို့” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်ပြီး မြန်မာသံရုံး၏ သဘောထား မေးမြန်းရန် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန် ဖြေကြားခြင်း မရှိပါ။
ထိုင်းနိုင်ငံတွင် လူငယ်များဦးဆောင်ပြီး ထင်ရှားသည့် Future Forward Party ကို ယခုနှစ ဖေဖော်ဝါရီလထဲတွင် တရားရုံးတရုံးက ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင်များကိုလည်း နိုင်ငံရေး လုပ်ကိုင်ခွင့် ပိတ်သိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။
Future Forward Party က နိုင်ငံရေးတွင် စစ်တပ်သြဇာလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင်ဆန့်ကျင်ခဲ့ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို အဆုံးသတ်ရေး၊ စစ်တပ်ဘတ်ဂျက် လျှော့ချရေးနှင့် စစ်တပ်က ရေးထားသည့် အခြေခံဥပဒေ ထပြောင်းလဲရေးအတွက် ဦးတည်တောင်းဆိုနေသည့် ပါတီဖြစ်သည်။
You may also like these stories:
တာချီလိတ်မြို့တွင် ထိုင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ
ပြည်တွင်းခရီးသွားတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ် ထိုင်းအစိုးရ ပြင်ဆင်