နေပြည်တော် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်တွင် စက်တင်ဘာ ၁၉ ရက်နေ့က လက်ပစ်ဗုံးတလုံး တွေ့ ရှိရပြီးနောက် ယင်းအိမ်တွင်ရှိသည့် CCTV မှတ်တမ်းများကို ထပ်မံစစ်ဆေးရာမှတဆင့် နောက်ထပ် လက်ပစ်ဗုံးတလုံး ထပ်မံ တွေ့ ရှိရကြောင်း သိရသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကွက်သစ်တွင် နေထိုင်သည့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးမှာ ထိုနေ့က အိမ်တွင် ရှိနေစဉ် ပစ္စည်းတခုဖြင့် ပစ်လိုက်သည့် အသံကြောင့် ခြံဝန်းအတွင်း စစ်ဆေးကြည့်ရာ ကားဘေးတွင် လက်ပစ်ဗုံးတလုံးကို စတင်တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လုံခြုံရေး တာဝန်ရှိသူများက ဦးသိန်းထွေး၏ နေအိမ်တွင် တပ်ဆင်ထားသော CCTV ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထပ်မံ စိစစ်ရာ ပထမဗုံးသီး ပြုတ်ကျသည့် အသံကြားသည့် စက်တင်ဘာ ၁၉ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ် ခန့်တွင် ခြုံထဲ၌ လှုပ်ရှားမှုတချို့ ရှိခဲ့ကြောင်း သတိပြုမိခဲ့သည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“CCTV တလုံးထဲမှာ ခြံထဲမှာရှိတဲ့ အပင်ကို မှီပြီး ထောင်ထားတဲ့ မတ်တပ်ရပ် တံမျက်စည်းက တခုခုနဲ့ ထိပြီးတော့မှ လဲသွားတဲ့ပုံကို တွေ့ ရတယ်။ အဲဒါကြောင့် အဲဒီနားလေးကို အသေးစိတ် ထပ်စစ်တယ်။ အသေးစိတ် ထပ်စစ်ကြည့်တဲ့အခါ နောက်ထပ် မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတခု တွေ့ ရတယ်”ဟု ပြောသည်။
ယင်းဗုံးနောက်တလုံး ထပ်တွေ့ ရသည့် အချိန်မှာ မနေက နေ့လယ် ၂ နာရီ မိနစ်၂၀ တွင် ဖြစ်ပြီး ယင်းလက်ပစ်ဗုံးမှာလည်း ပထမ အ ကြိမ် တွေ့ ခဲ့သည့် လက်ပစ်ဗုံးအတိုင်းပင် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတခုက ထုတ်လုပ်သည့် ဗုံးပုံစံ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ ထံတွင်လည်း ရှိကြောင်း တပ်မတော်ဘက်က ပြောသည်။
“သုံးသပ်တာကတော့ လက်ပစ်ဗုံး အစစ်ဖြစ်တယ်။ စနစ်တံလည်း ပါတယ်။ အထဲမှာ ထည့်ထားတဲ့ ယမ်းတွေဘာတွေက လည်း အမှန်အကန်ပဲလို့ ပြောတယ်။ လက်ပစ်ဗုံးသည် မပေါက်ကွဲရတဲ့ အကြောင်းရင်းကတော့ စနစ်တံနဲ့ ပတ်သက်ပြီး တော့ ချို့ ယွင်းချက် ရှိလို့ ဖြစ်နိုင်တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ကာယကံရှင် ဖြစ်သူ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးထံ ဆက်သွယ်ခဲ့ရာ သတင်း မီဒီ ယာများကို လက်ရှိ အချိန်တွင် မပြောချင်သေးကြောင်း ဆိုသည်။ ကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးဝင်းကမူ ဗုံးတလုံး ထပ်တွေ့ ရှိမှု မှန်ကန်ကြောင်း၊ ဦးသိန်းထွေးမှာလည်း အိမ်တွင် ဆက်လက် နေထိုင်ပြီး ရုံးလည်း ပုံမှန်တက်ရောက် နေကြောင်း ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၏ ဆက်လက် ဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်ရန် မြို့နယ်၊ ခရိုင်နှင့် အထက် အဆင့်ဆင့်သို့ မေးမြန်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်၍ မရခဲ့ပါ။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တသီးပုဂ္ဂလအပါအဝင် ပါတီပေါင်း ၁၂ ခုမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၇၆ ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တည်ပြုထားသည်။
နေပြည်တော်တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ စသည့် မြို့ နယ်များအတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ နေရာ ရှိသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများအပြင် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားဝန်ထမ်းများ အများစုနေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ်လအတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။
You may also like these stories:
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ နေအိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရ
ကော့ကရိတ်တွင် တပ်မတော် အရာရှိနှင့်စစ်သည်များ လုပ်ကြံခံရမှု လက်သည်မပေါ်သေး
မြန်မာနိုင်ငံပို့မည့် တရုတ်လက်နက်များ မဲဆောက်တွင်မိ