၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားမှုအနေဖြင့် ကော်မတီ ၅ ရပ်ဖွဲ့စည်း ဆောင်ရွက်ရန် ညွှန်ကြားချက် ဟု အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသည့်စာမှာ အတု ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသည်။
ထိပ်တန်းလျှို့ဝှက်အဆင့်ဖြင့် ဇူလိုင် ၂၆ ရက်စွဲပါ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ မြိတ်မြို့မှ ဟု ဆိုကာ ရည်ညွှန်း ထားသူအား ဖုံးကွယ်ထားသည့် အဆိုပါ စာမှာ ယနေ့မနက်ပိုင်းက အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ထွက် ပေါ်လာခြင်းဖြစ်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒါနဲ့ပတ်သက်လို့ ကျနော်တို့ စုံစမ်း ဖော်ထုတ်မှု လုပ်ရလိမ့်မယ်။ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ဒါမျိုး သွေးထိုးမှုတွေ၊ လှုံ့ဆော်မှုတွေ၊ အစိုးရနဲ့ တပ်မတော်ကြား၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ ကြား၊ တခြားအင်အားစုတွေရဲ့ကြား သွေးခွဲမှုတွေ နောင်လည်း ဆက်ဖြစ်လာဦးမယ်လို့ ကျနော်တို့မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရည်မှန်းချက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတဲ့ ဟာတွေရှိတယ်။ ဒါတွေကတော့ ကျနော်တို့ကလည်း ဆက်ပြီးသတိထားရမယ်” ဟု ပြောသည်။
ထွက်ပေါ်လာသည့် ညွှန်ကြားချက်တွင် မိတ်ဖက်ပါတီအောင်နိုင်ရေး ဦးစီးကော်မတီ၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပါတီနှင့် ကိုယ်စားလှယ်များအပေါ် စိစစ် သုံးသပ်ရေးနှင့် နိုင်/ရှုံးမှန်းခြေ သုံးသပ်ရေးကော်မတီ၊ ရွေး ကောက်ပွဲအတွက် မဲပေးရာတွင် စည်းမျဉ်းစည်းကမ်းများအား ပညာပေးရေး၊ မဲပေးမည့်အင်အားစာရင်း ပြုစုရေး နှင့် ကြိုတင်မဲစာရင်း ကောက်ယူရေးကော်မတီ၊ ရွေးကောက်ပွဲအတွက်မဲရုံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရေး ကော်မတီနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်သည့်နေတွင် မြို့နယ်များရှိ မဲရုံများအလိုက် မဲစာရင်း ရယူရေး နှင့် စာရင်းပြုစုရေးကော်မတီများ ဖွဲ့စည်းရန် ပါဝင်နေသည်။
ယင်းဖော်ပြထားချက်များနှင့် ပတ်သက်ပြီး တပ်မတော်တွင် မိတ်ဖက်နိုင်ငံရေးပါတီဟူ၍ မရှိကြောင်း၊ တပ်မတော်သား များ အနေဖြင့်လည်း နိုင်ငံသားများဖြစ်သည့်အတွက် လွတ်လပ်စွာမဲပေးခွင့်ရှိပြီး ကန့်သတ်ချက်အနေဖြင့် တပ်မတော် သားများနှင့် မိသားစုဝင်များအနေဖြင့် ပါတီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်သာ ကန့်သတ်ထားချက် ရှိကြောင်းလည်း တပ်မတော်ဘက်ကပြောသည်။
တပ်မတော်သား များ အနေဖြင့်လည်း နိုင်ငံသားများဖြစ်သည့်အတွက် လွတ်လပ်စွာမဲပေးခွင့်ရှိပြီး ကန့်သတ်ချက်အနေဖြင့် တပ်မတော် သားများနှင့် မိသားစုဝင်များအနေဖြင့် ပါတီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်သာ ကန့်သတ်ထားချက် ရှိကြောင်းလည်း တပ်မတော်ဘက်ကပြောသည်။
ထိပ်တန်းလျှို့ဝှက်အဆင့် စာများဖြင့် ပတ်သက်ပြီးလည်း တပ်မတော်တွင် ကန့်သတ်ချက် ကြီးကြီးမားမား ထားရှိပြီး လူပုဂ္ဂိုလ်အမည်ဖြင့်သာ တိုက်ရိုက် ပေးအပ်လေ့ရှိကြောင်း၊ ယခုထွက်ပေါ်နေသည့်စာသည် ထိပ်တန်းအဆင့် လျှို့ဝှက် ညွှန်ကြားချက်ပါ အချက်များနှင့် ကိုက်ညီမှုမရှိဘဲ တပ်မတော်ရုံးစာများအပေါ် လေ့လာကာ သေသေချာချာ စီမံထား သည့် အတုသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံရှင်းပြသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထိပ်တန်းလျှို့ဝှက် သတ်မှတ်ချက်တွေသည် ကျနော်တို့က စစ်ဆင်ရေးကိစ္စတွေပဲ အများ ဆုံး သတ်မှတ်တာဖြစ်တယ်။ စစ်ဆင်ရေးကိစ္စ ဆိုတာတောင်မှ ယခုလောလောဆယ်လုပ်နေတဲ့ စစ်ဆင်ရေး ကိစ္စကို ထိပ်တန်းလျှို့ဝှက် မသတ်မှတ်ဘူး။ လျှို့ဝှက် ၂ ပဲ သတ်မှတ်တယ်။ နောင်အနာဂတ်မှာလုပ်မယ့် စစ်ဆင်ရေး ကိစ္စတွေ၊ ကြီးကျယ်တဲ့ စစ်ဆင်ရေးကိစ္စတွေဆိုရင်တော့ ကျနော်တို့က အများအားဖြင့် အကြမ်းဖျင်း လျှို့ဝှက် ၁ သတ်မှတ်တာ ရှိတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံနှင့် ဒေသအား လက်တွေ့အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးအရေး အမြင်ရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးအား ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ အား နားလည် သဘောပေါက်သူ၊ အမျိုး၊ဘာသာ၊ သာသနာအား နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူ နှင့် ပြည်ပအဖွဲ့ အစည်းများ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည်စုံသူတို့အား မှန်မှန်ကန်ကန် ရွေးချယ် ကြရန် ဩဂုတ် ၁၄ ရက်နေ့က နိုင်ငံရေးပါတီ ၃၄ ပါတီနှင့် တွေ့စုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထား သည်။
အဆိုပါတွေ့ဆုံပွဲအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ(ကြံ့ခိုင်ရေး)က ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖယ်ရှားရေး၊ ကာ/လုံခေါ်ယူရေးနှင့် ရွေးကောက်ပွဲမရိုးဖြောင့်ပါ က တပ်မတော်အနေနှင့် မည်သို့ဆောင်ရွက်မည်လဲ စသည့် ကိစ္စရပ်များ ပြောဆိုဆွေးနွေးမှုရှိခဲ့ကြောင်း သိရသည်။
မဲပေးရာတွင်လည်း ပြီးခဲ့သည့် ၁၀ နှစ်တာ အတွေ့အကြုံကိုကြည့်ပြီး ဒေသကောင်းကျိုး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သူကို ရွေးချယ်ရရှိနိုင်ရန် ဆန္ဒမဲပေးသူများ၏ တာဝန်သာဖြစ်ပြီး မိမိတို့နှင့် ထိတွေ့ဆက်ဆံနေရသည့် ပြည်သူလူထုအား ပြောပြရန်လိုအပ်ကြောင်းလည်း ဩဂုတ် ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သေးသည်။
You may also like these stories:
ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖြေရှင်းပေးဖို့ အတိုက်အခံပါတီများ သွားပြော
“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော