တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ကြား နှစ်ဖက်အကြီးအကဲများ ညှိနှိုင်းပြီး လွတ်မြောက်ရေးအတွက် ကူညီပေးပါဟု AA ထံတွင် ဖမ်းဆီးခံထားရသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိများက တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။
AA က သုံ့ပန်းအဖြစ် ဖမ်းဆီးထားသူများအနက် တပ်မတော်မှ အရာရှိ ၂ ဦး၊ ရဲတပ်ဖွဲ့မှ ရဲမှူး ၁ ဦးတို့၏ ရုပ်သံမှတ်တမ်း တို့ကို စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုထဲတွင် အရာရှိများက ၎င်းတို့ လွတ်မြောက်ရေးအတွက် နှစ်ဖက် အကြီးအကဲများ ညှိနှိုင်းပြီး ကူညီပေးပါဟု တောင်းဆိုထားခြင်း ဖြစ်သည်။
ရုပ်သံမှတ်တမ်းများတွင် ပါဝင်သည့် တပ်မတော် အရာရှိ ၂ ဦးမှာ မတ်လက ပလက်ဝမြို့နယ်အတွင်းရှိ အချက်အခြာကျ သည့် တပ်မတော်၏ မီးဝဗျူဟာကုန်းကို သိမ်းရန် AA က ၁ လကျော်ကြာ တိုက်သည့် တိုက်ပွဲတွင် တပ်ရင်း တရင်းလုံး ဖမ်းဆီးခံခဲ့ရသည့် တပ်မ ၇၇ လက်အောက်ခံ၊ ခမရ ၇ မှ တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး နှင့် တပ်ခွဲမှူး ဗိုလ်ကြီး ရှိန်းထက် လင်းတို့ ဖြစ်သည်။
ကျန် ရုပ်သံမှတ်တမ်းပါ ရဲအရာရှိမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအတွင်းက တာဝန်ထမ်းဆောင်ရန် စစ်တွေမြို့မှ မောင်တောမြို့သို့ သွားရာလမ်းခုလတ်၊ ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် ဖမ်းဆီးခံလိုက်ရသည့် ဒုရဲမှူးကြည်စိုး ဖြစ်သည်။
ဒုရဲမှူး ကြည်စိုးက “တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ ကျနော်က တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ သူ ၁ ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ကျနော် AA ဆီမှာ အဖမ်းခံထားရတာ ၁၀ လ ကျော်ရှိပြီဖြစ်ပါတယ်။ ကျနော် တာဝန် ထမ်းဆောင်ခဲ့တဲ့ အနေအထားကို ငဲ့ညှာပြီး ကျနော့်ကို ဒီတိုင်း ပစ်ပယ်မထားပဲ AA ဆီမှာ ဖမ်းခံထားရတဲ့ နေရာက လွတ်မြောက်ဖို့ ညှိနှိုင်းပြီး ကြိုးစားပေးကြပါလို့ အထက်အကြီးအကဲတွေကို ဒီနေရာကနေ ပြောကြား တင်ပြချင်ပါတယ်”ဟု ရုပ်သံမှတ်တမ်းတွင် ပြောဆိုထားသည်။
ဒုရဲမှူးကြည်စိုးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂၇ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက် တိုဘာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံသို့ ပြောင်းရွှေ့မိန့် ကျခဲ့ခြင်း ဖြစ်သည်။
လုံးဝကို အကျပ်အတည်းနဲ့ ရင်ဆိုင်ပြီး အစာရေစာ ငတ်ပြတ်ပြီး မလွန်ဆန်နိုင်တဲ့ အခြေအနေ တခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်
မောင်တောသို့ သွားရာ လမ်းခုလတ်၊ ရသေ့တောင်မြို့နယ်အရောက်တွင် AA တပ်ဖွဲ့ဝင်များက ရွှေနဒီအမြန်ယာဉ်ကို ဖမ်းဆီးလိုက်ရာတွင် ဒုရဲမှူး ကြည်စိုး ဖမ်းခံရခြင်း ဖြစ်သည်။ ထိုစဉ်က ဒုရဲမှူး ကြည်စိုးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် အခြား လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် ရဲအရာရှိများလည်း ၁၆ ဦးရှိသည်။
ဗိုလ်မှူး သက်နိုင်ဦးက “ကျနော်အထက်လူကြီးတွေကို တင်ပြလိုတာက ကျနော်တို့ တိုက်ပွဲအတွင်းမှာ သူရဲဘောကြောင် ပြီးတော့မှ ရက္ခိုင့်တပ်တော် (AA) ဆီမှာ အညံ့ခံ ဖမ်းဆီးခံခဲ့ရတာ မဟုတ်ပါဘူး။ လုံးဝကို အကျပ်အတည်းနဲ့ ရင်ဆိုင်ပြီး အစာရေစာ ငတ်ပြတ်ပြီး မလွန်ဆန်နိုင်တဲ့ အခြေအနေ တခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်မှူး သက်နိုင်ဦးက တပ်မတော်မှ အကြီးအကဲများအနေဖြင့် ညှိနှိုင်းပြီး ၎င်းတို့ကို ဖမ်းခံထားရသည့် နေရာမှ ကယ်ဆယ် ပေးပါဟုလည်း ပြောသည်။
ဗိုလ်ကြီး ရှိန်းထက်လင်းကလည်း “ကျနော်တို့ကို တပ်မတော်နဲ့ အထက်လူကြီးတွေအနေနဲ့ သစ္စာဖောက်အနေနဲ့ သတ်မှတ် ပြီး အခုလို ပစ်ပယ် မထားသင့်ကြောင်းနဲ့ကျနော်တို့ ဘဝတွေကို စာနာထောက်ထားပြီး သနားညှာတာသော အားဖြင့် ပြန်လည်ကြည့်ရှုစောင့်ရှောက် ပေးဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
ခမရ ၇ ၏ တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ တပ်ခွဲမှူး ဗိုလ်ကြီး ရှိန်းထက်လင်း တို့သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် အတူ စုစုပေါင်း ၃၆ ဦးကို လက်နက်ခဲယမ်းများဖြင့် မတ် ၁၀ ရက်က တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ကို ကယ်ဆယ်ပေးရန် ပြောသည့် အပြင် ဗိုလ်ကြီးရှိန်းထက်လင်းက “အသက်ကြီးရင့်နေပြီ ဖြစ်တဲ့ ကျနော့်မိဘ နှစ်ပါးနဲ့ အမြန်ဆုံး ပြန်လည် တွေ့ဆုံပြီးမှ အနီးကပ် ပြုစုစောင့်ရှောက်ခွင့်လည်း ရချင်ပါတယ်။ လက်ရှိအချိန်ထိ ကျနော် သက်ရှိထင်ရှားရှိနေပါတယ်။ ကျနော့်မိဘနှစ်ပါးကိုလည်း ကျန်းမာရေး အထူးဂရုစိုက်ပါလို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
၎င်းတို့ ၂ ဦးက ခမရ (၇) တရင်းလုံး ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်မှာ မတ် ၄ ရက်မှ ၉ ရက်အထိ ၆ ရက်ကြာ တိုက်ပွဲဖြစ်ပြီး အစားအသောက်နှင့် ရေပြတ်လပ်သွားကာ တိုက်ပွဲဝင်နေသည့် စစ်သည်များလည်း အင်အားချိနဲ့လာခြင်းတို့ ကြုံရသဖြင့် အထက်အမိန့်ဖြင့် နေရာမှ ပြန်ဆုတ်ခွာစဉ် လမ်းတွင် AA က ပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောဆို ထားကြသည်။
ရုပ်သံမှတ်တမ်းတွင် ပါဝင်သည့် အရာရှိ ၃ ဦးလုံးက ၎င်းတို့ ကျန်းမာရေး ကောင်းမွန်ကြောင်း မိသားစုများကို သတင်း စကား ပါး ပါသည်ဟုလည်း ထည့်သွင်း ပြောဆိုထားကြသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ရုပ်သံမှတ်တမ်းများကို ထုတ်ပြန်ရခြင်းမှာ ၎င်းတို့ ဖမ်းထားသည့် သုံ့ပန်းများ ကျန်းကျန်းမာမာ ရှိကြောင်းကို ၎င်းတို့ သက်ဆိုင်ရာ မိသားစုဝင်များ သိရှိစေရန်နှင့် တိုက်ပွဲအတွင်း အဖမ်းခံ ရခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များကို အများသိရန် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပြောသည်။
အထက်ပါ စာရင်းများအရ AA လက်ထဲတွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ၆၀ ကျော် ရှိနေသည်။
ဦးခိုင်သုခက “ဒီစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးရေး မပေးရေးက မြန်မာအစိုးရနဲ့ စစ်တပ်နဲ့ဆိုင်ပါတယ်။ ကျနော်တို့က ထုတ်ပြန်ချက် ထုတ်ပြီး အကြိမ်ကြိမ် ပြောပြီးပြီ။ မြန်မာအစိုးရက ဖမ်းဆီးထားတဲ့ကျနော်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အပြန်အလှန် အားဖြင့် ကျနော်တို့လက်ထဲမှာ ထိန်းသိမ်းထားတဲ့ သူတို့ မြန်မာစစ်သားတွေကို ပြန်လွှတ်ပေးမယ်။ အခုချိန်ထိတော့ တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ကျနော်တို့ဘက်ကတော့ ဒီစစ်သုံ့ပန်းတွေကို ဆက်ပြီး ထိန်းသိမ်းထားမှာပေါ့”ဟု ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် အဖွဲ့နှင့် ညှိနှိုင်းရန် အကြောင်းမရှိပါဟု ပြောသည်။
တပ်မတော်အနေဖြင့် တိုက်ပွဲအတွင်း ရန်သူလက်တွင်း ဖမ်းခံထားရသည့် အရာရှိများ၊ တပ်ဖွဲ့ဝင်များ လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေပြီး မည်သို့ဆောင်ရွက်နေသည်ကို အတိအကျ ထုတ်ပြောရန် မရှိပါဟုလည်း ဗိုလ်ချုပ် ဇော်မင်း ထွန်းက ဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဖမ်းဆီးခံရတဲ့ လူတွေနဲ့ ပတ်သက်ပြီး နံပတ် ၁ အပိုင်းက တပ်မတော်က ပျောက်ဆုံးစာရင်းထဲ ရှိတယ်။ ပျောက်ဆုံးစာရင်းကို ထည့်ထားတဲ့ အချိန်မှာ ရှာမတွေ့မချင်း ပျောက်ဆုံးစာရင်းပဲ။ သူူတို့ အကျိုးခံစားခွင့်သည် ယခင်အတိုင်းပဲ။ တပ်မတော်သား မိသားစုဝင်တွေရော အကျိုးခံစားခွင့်တွေက ယခင်အတိုင်းပဲ။ သူတို့ ပြန်လွတ်မြောက် လာတယ်။ တွေ့တယ်ဆိုရင် တပ်မတော်လုပ်ထုံးလုပ်နည်းအရ သူတို့ကို စစ်ဆေးတယ်။ စစ်ဆေးတယ်ဆိုတာကလည်း ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာပဲ စစ်ဆေးတာ ရှိတယ်” ဟု ပြောသည်။
ဖမ်းခံထားရသူများ ပြန်လွတ်လာပါကလည် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို စစ်ဆေးမေးမြန်းပြီး တပ်မတော်တွင်း တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရန် စီစဉ်ပေးပါသည်ဟုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ယနေ့ထိ နှစ်ဖက် အပြန်အလည် ဖမ်းမိသည့် သုံ့ပန်းများ ရှိသည်။ သို့သော် နှစ်ဖက်လုံးမှ ၎င်းတို့ ဖမ်းမိထားသည့် သုံ့ပန်း အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
AA ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားချက်များအရ ဗိုလ်မှူး သက်နိုင်ဦးတို့ ၃၆ ဦး အဖွဲ့ ၊ ဒုရဲမှူးကြည်စိုးနှင့် အတူ ဖမ်းခံထားရသည့် ၁၆ ဦးအပြင် ၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၁၉ ရက်က ပလက်ဝမြို့နယ်တွင် တိုက်ပွဲတွင်း ဖမ်းမိသည့် ခမရ ၃၁၃ မှ တပ်ဖွ့ဲဝင် ၁၁ ဦးတို့သည်လည်း ယနေ့ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
အထက်ပါ စာရင်းများအရ AA လက်ထဲတွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ၆၀ ကျော် ရှိနေသည်။
AA သည် တိုက်ပွဲကာလအတွင်း အရပ်သားများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ပြီး ၎င်းတို့၏ သတင်းထုတ်ပြန်ချက် အရ ခေါ်ယူစစ်ဆေးထားသည့် စစ်ဘက်နှင့် မဆိုင်သည့် အရပ်သား စုစုပေါင်း ၇၀ ကျော်ကို ပြန်လွှတ်ပေးပြီး ဖြစ်သည်ဟု သိရသည်။
ထို့ပြင် ခမရ ၃၁၃ မှ ဖမ်းမိသည့် တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း အသက်အရွယ်ကြီးပြီး ကျန်းမာရေး မကောင်းခြင်းကြောင့်ဟု ဆိုကာ ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
စစ်ဘက်နှင့် သက်ဆိုင်၍ ဖမ်းမိထားသည့် သုံ့ပန်းများကို ပြန်လွှတ်ပေးမည် မဟုတ်ပဲ တပ်မတော်ဘက်မှ ဖမ်းဆီး ထားသည့် AA တပ်ဖွဲ့ဝင်များ၊ AA နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လွှတ် ပေးခြင်းဖြင့် အလဲအလှယ် လုပ်ပေးမှသာ လွှတ်ပေးမည်ဟုလည်း AA ဘက်က ၃ ကြိမ်ထက်မနည်း ထုတ်ပြန် ပြောဆိုထားသည်။
You may also like these stories:
AA သို့ ရိက္ခာပို့သည်ဟု သံသယဖြင့် အထမ်းသမား ၄၁ ဦးကို ဖမ်းဆီးထား
တပ်မတော်က ဖမ်းမိသူများမှာ ကိုးကန့် တပ်ဖွဲ့ဝင်များမဟုတ်ဟု MNDAA ပြော
AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား