ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗဟိုအုပ်ချုပ်မှုနယ်မြေ၊ ဂျာထုခေါင်တွင် စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်း က လက်နက် ဂိုဒေါင်တခု ပေါက်ကွဲ ပျက်ဆီးသွားသည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ထိန်းသိမ်းတဲ့ နေရာမှာ အားနည်းချက်ရှိတယ်လို့ ပြောရမှာပေါ့။ ဝါယာက မျက်နှာကျက်က အရင်လောင်သွားတယ်တဲ့။ အစကတော့ မီးလောင်သွားလို့ အားလုံးက ဝိုင်းတော့ ဖယ်ရှားတာပေါ့။ နောက်ပိုင်းကျတော့ လက်နက်တွေ ပေါက်ကွဲမှာ စိုးရိမ်လို့ ဘယ်သူမှ မီးလာ သတ်တာ မလုပ်ရဲတဲ့ အနေအထား ဖြစ်သွားတာ။ အဲ့တာကြောင့် ဂိုဒေါင်က လောင်ပြီး ပေါက်ကွဲသွားတာ” ဟု ပြောသည်။
မီးလောင်သဖြင့် ပေါက်ကွဲ ပျက်ဆီး သွားသည့် ဂိုဒေါင်သည် စံချိန်မမီသည့် လက်နက်ခဲယမ်းများ၊ ပစ်ခတ်၍ မရတော့ သည့် လက်နက်အဟောင်းများ စုပုံသိမ်းဆည်းထားသည့် ဂိုဒေါင်သာ ဖြစ်ပြီး မီးစတင်လောင်ချိန်ကတည်းက ဂိုဒေါင်တွင် ရှိသူများက လက်နက်များ မီးကူးစက်ပြီး ပေါက်ကွဲ မည်ကို စိုးရိမ်၍ ရှောင်နေကြသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူများ မရှိဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
လက်နက်ခဲယမ်းအဟောင်းများဟု ဆိုသော်လည်း အချို့လက်နက်များမှာ အစိတ်အပိုင်းများ ပြန်ဖြုတ်ပြီး အသစ်ပြန်လည်တပ်ဆင်ရာတွင် အသုံးပြု၍ ရပြီး အချို့မှာလည်း မရတော့ဘဲ အရည်ကျိုပြီး ဖျက်ဆီးပစ်ရမည့် ပစ္စည်းများ ဖြစ်သည်ဟုလည်းဆိုသည်။
ဂျာထုခေါင်တွင် ပေါက်ကွဲမှု ဖြစ်ခြင်းနှင့် ပတ်သတ်၍ မီးလုံးကြီးများ ပြင်းအားဖြင့် ပေါက်ကွဲသည့် ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေခဲ့ပြီး ပေါက်ကွဲမှုမှာ KIA ၏ မဟာမိတ် ရက္ခိုင်စစ်တပ် (AA) က မိုင်းထောင် ဖောက်ခွဲခြင်း ဖြစ်ကြောင်း၊ KIA ၏ လက်နက်တိုက်တွင် အရည်အသွေးပြည့်မီပြီး တန်ကြေးမြင့်သည့် လက်နက်ခဲယမ်းများ ပါဝင် သွားကြောင်း ပြောဆိုနေမှုများလည်း ရှိသည်။
ဗိုလ်မှူးကြီးနော်ဘူ က “လက်နက်ကတော့ ကျနော်တို့ သုံးလို့ မရတဲ့ ဟာတွေ တော်တော်များများတော့ ပါသွားတာ ပြောမယ်ဆိုရင် လက်နက်ကြီးက ၁၂၀ ပုံစံမျိုးတွေ ပါသွားတယ်။ တိကျတဲ့ သတင်းတွေကတော့ အပြင်ထွက်မှာ မဟုတ်ဘူး။ အပြင်မှာ ရေးနေကြတာတွေက မှန်ကန်မှု မရှိဘူး။ ဒီက သတင်းတွေကိုလည်း ဘယ်သူကမှ ပေးမှာ မဟုတ်ပါဘူး။ ဆိုတော့ ရေးနေတာတွေက မှန်ကန်မှု မရှိပါဘူး”ဟု ပြောသည်။
သို့သော် တပ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း ပေါက်ကွဲမှုကို စစ်ဆေးကာ ဂိုဒေါင်တွင် တာဝန်ယူထားသည့် တပ်ဖွဲ့ဝင် များကို အရေးယူခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဟုလည်း သိရသည်။
KIA ထိန်းချုပ်နယ်မြေအတွင်း ပေါက်ကွဲမှုနှင့် ပတ်သတ်၍ တပ်မတော်ဘက်ကလည်း သတင်းကြားသိထားသည်ဟု ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဂျာထုခေါင် နယ်မြေမှာတော့ လက်နက်ခဲယမ်းတိုက်က လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး ပေါက်ကွဲ ပျက်စီးတယ်လို့ သတင်းရရှိတယ်။ လက်နက်ခဲယမ်းတွေ တော်တော်များများ ဆုံးရှုံးတယ်လို့ သတင်းရရှိတယ်။ ဒီဟာနဲ့ ပတ်သတ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတို့ကတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။
KIA ၏ လက်နက်ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ခဲ့သည့် ဂျာထုခေါင်သည် KIA ၏ မြို့တော် လိုင်ဇာမြို့ အနီးတွင် တည်ရှိပြီး ကားဖြင့် သွားပါက ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်ဝန်းကျင်သာ သွားလာရသည့် နေရာ ဖြစ်သည်။ KIA ၏ စစ်ရုံးချုပ်သည်လည်း ဂျာထုခေါင်တွင် အခြေစိုက်သည်။
KIA သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းဆဲ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။
You may also like these stories:
ရသေ့တောင်တွင် လက်နက်ကြီးကျ ၁ ဦးသေ ၂ ဦးဒဏ်ရာရ
AA သို့ ရိက္ခာပို့သည်ဟု သံသယဖြင့် အထမ်းသမား ၄၁ ဦးကို ဖမ်းဆီးထား
တပ်မတော်က ဖမ်းမိသူများမှာ ကိုးကန့် တပ်ဖွဲ့ဝင်များမဟုတ်ဟု MNDAA ပြော