မြန်မာ့တပ်မတော်ပါဝင်သည့် ရုရှားနိုင်ငံတွင် ပြုလုပ်သော မဟာဗျူဟာမြောက် Kavkaz-2020 (Caucasus-2020) စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့က စတင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရုရှားနိုင်ငံ ကော့ကေးရှပ်စ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ကက်စ်ပီယံပင်လယ်ဒေသများတွင် ပြုလုပ်သည့် ယင်း စစ်လေ့ကျင့်မှုတွင် ရုရှား၊ တရုတ်၊ မြန်မာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ပါကစ္စတန် စသည့်နိုင်ငံများ ပါဝင်ပြီး စုစုပေါင်း အင်အား ၈သောင်းခန့်ဖြင့် လေ့ကျင်မည် ဖြစ်ကြောင်း၊ မြန်မာ၊ အာမေနီးယား၊ ဘီလာရုစ်၊ ပါကစ္စတန်မှ စုစုပေါင်း ၁ထောင်ကျော်ပါဝင်ကြောင်း ရုရှားသတင်းများတွင် ဖော်ပြထားသည်။
ယခု စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံမှ တင့်ကားပေါင်း ၂၅၀၊ ခြေလျင်တပ် ၄၅၀၊ သံချပ်ကာတပ်များနှင့် အမြောက် ကြီးပေါင်း ၂၀၀ကျော်နှင့် ဒုံးတပ်ဖွဲ့များ ပါဝင်မည်ဟု သိရသည်။
မြန်မာ့တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းစစ်ဆင်ရေးတွင် တပ်မတော်သား အယောက် ၃၀ ပါဝင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“မြန်မာက ပါဝင်လေ့ကျင့်မှာပါ၊ ကျနော်တို့ရဲ့ လေ့ကျင့်တဲ့တပ်ဖွဲ့တွေမှာ တပ်ပေါင်းစုံပါတယ်၊ ခြေလျင်တပ်တွေကို ဦးစီး ကွပ်ကဲသူတွေ၊ သံချပ်ကာတပ်ဖွဲ့ကသူတွေ၊ ဆေးနဲ့ ဆက်သွယ်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တွေပါ တယ်၊ အဲဒီလူတွေက အောက်မှာရှိတဲ့ တပ်တွေကို ဘယ်လိုကွပ်ကဲမလဲ၊ အကြမ်းဖက်နှိမ်နင်းရေးမှာ ဘယ်လို ကွပ်ကဲ မလဲ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမှာ ဘယ်လိုကွပ်ကဲမလဲ ဆိုတာ လက်တွေ့လေ့လာနိုင်မှာပါ”ဟု ၎င်းကဆိုသည်။
ယခု စစ်ရေးလေ့ကျင့်မှုတွင် စစ်ဦးစီးဆိုင်ရာ စီံမံခန့်ခွဲမှု၊ စစ်နည်းဗျူဟာများတွင် မတူညီသော တပ်ဖွဲ့များကို စီမံခန့်ခွဲမှု၊ အကြမ်းဖက်ဝါဒနှင့် လက်နက်ကိုင်ပဋိပက္ခများကို ပူးပေါင်းဖြေရှင်းရာမှာ ပူးပေါင်း စစ်ဆင်ရေး တရပ်အဖြစ် ဆောင် ရွက်နိုင်ရန်၊ တပ်များအသင့်ရှိရန် စွမ်းဆောင်ရည် မြင့်မားရန်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် လေ့ကျင့်ခန်းများ ပါဝင်ကြောင်းသိရသည်။
ယခုကဲ့သို့ မြန်မာ့တပ်မတော်အနေဖြင့် ရုရှား၏ စစ်ရေးလေ့ကျင့်မှုတွင် စစ်သည်အင်အား အများဆုံးဖြင့် ပထမဆုံး အကြိမ် ပါဝင်ခြင်းဖြစ်ကြောင်း၊ ယခင်က တရုတ်ရေတပ်၏ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခဲ့ဖူးသလို၊ အမေရိကန်နှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်သည့် ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် မြန်မာတပ်မတော်(ရေ)မှ စစ်သင်္ဘောတစီး စေလွှတ်ကာ ပါဝင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်ရာ တွင် လေ့လာသူအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။
အဇာဘိုင်ဂျန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စ္စတန် စသည့် အာရှအလယ်ပိုင်း နိုင်ငံများနှင့် အင်ဒိုနီးရှား၊ အီရန်၊ သီရိလင်္ကာနိုင်ငံတို့မှ လေ့လာသူအဖြစ် ပါဝင်မည်ဖြစ်ပြီး အီရန်နိုင်ငံမှ ရေတပ်သင်္ဘောများလည်း ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နိုင်ကြောင်း ရုရှားသတင်းများက ဆိုသည်။
You may also like these stories:
တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးကို အဓိကထား
AA သို့ ရိက္ခာပို့သည်ဟု သံသယဖြင့် အထမ်းသမား ၄၁ ဦးကို ဖမ်းဆီးထား
AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား